နေတိုးအဖွဲ့က အရှေ့ဘက်ခြမ်းကို အားဖြည့်မှုနှင့်အတူ အမေရိကန်ကလည်း ဥရောပတွင် စစ်အင်အား တိုးမြှင့်မည်

ယူကရိန်းနိုင်ငံအပေါ် ရုရှားနိုင်ငံ၏ ကျူးကျော်ဝင်ရောက်မှုကို တုံ့ပြန်သည့်အနေဖြင့် စစ်အေးခေတ်နောက်ပိုင်း အဟန့်အတားများအား အမြင့်မားဆုံးကြံ့ခိုင်မှုရှိစေရန်အတွက် နေတိုးအဖွဲ့က သဘောတူလိုက်သကဲ့သို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဥရောပအတွက် အမေရိကန်တပ်သားများ၊ စစ်လေယာဉ်များနှင့် စစ်သင်္ဘောများ ထပ်တိုးပေးပို့ရန် ဇွန် ၂၉ ရက်တွင် ကတိပြုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

02 Jul 2022

ဓာတ်ပုံ - Reuters

DMG ၊ ဇူလိုင် ၂

ယူကရိန်းနိုင်ငံအပေါ် ရုရှားနိုင်ငံ၏ ကျူးကျော်ဝင်ရောက်မှုကို တုံ့ပြန်သည့်အနေဖြင့် စစ်အေးခေတ်နောက်ပိုင်း အဟန့်အတားများအား အမြင့်မားဆုံးကြံ့ခိုင်မှုရှိစေရန်အတွက် နေတိုးအဖွဲ့က သဘောတူလိုက်သကဲ့သို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဥရောပအတွက် အမေရိကန်တပ်သားများ၊ စစ်လေယာဉ်များနှင့် စစ်သင်္ဘောများ ထပ်တိုးပေးပို့ရန် ဇွန် ၂၉ ရက်တွင် ကတိပြုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်ဦးဆောင်သော စစ်ဘက်မဟာမိတ်အဖွဲ့သည် အနာဂါတ်တွင်ဖြစ်ပေါ်လာနိုင်သည့် ရုရှား၏တိုက်ခိုက်မှုများအတွက် ဘောလ်တစ်နိုင်ငံများနှင့် ပိုလန်တို့အား အင်အားဖြည့်တင်းပေးမည့် အစီအစဉ်သစ်တစ်ရပ်ကို စတင်လုပ်ဆောင်လျက်ရှိကာ တစ်ချိန်တည်း၌ မက်ဒရစ်ထိပ်သီးအစည်းအဝေးတွင် ဘိုင်ဒင်၏

“မဟာမိတ်များ၏ ပိုင်နက်နယ်မြေ လက်မတိုင်းကို ကာကွယ်ရန်”ဟူသည့် ကတိကဝတ်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဂျာမန်၊ ဗြိတိန်နှင့် အခြားသော မဟာမိတ်တပ်များက ၎င်းတို့၏ စစ်အင်အားကို အရှေ့ဘက်ခြမ်းတွင် တိုးမြှင့်ချထားရန် သတိပြုလာကြခြင်းနှင့်အတူ အမေရိကန်သည် ဥရောပတွင်ရှိနှင့်ပြီး ဖြစ်သည့် တပ်သားအင်အား တစ်သိန်းအပြင် စပိန်သို့ စစ်သင်္ဘောများ စေလွှတ်ခြင်း၊ ဗြိတိန်သို့ လေယာဉ်များပေးပို့ခြင်း၊ ဘောလ်တစ်ပင်လယ်သို့ ကြိုတင်နေရာချထားသည့် လက်နက်များနှင့် ရိုမေးနီးယားသို့ စစ်သည်များစေလွှတ်ခြင်းဖြင့်လည်း ထပ်မံ အင်အားဖြည့်တင်းလျက်ရှိသည်။

"နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်တာဟာ နိုင်ငံအားလုံးကို တိုက်ခိုက်တာပဲလို့ ကျွန်တော်ပြောတာဟာ အလေးအနက် ပြောခြင်းဖြစ်ပါတယ်" ဟု ဘိုင်ဒန်ကပြောသည်။

သို့သော်လည်း အီတလီဝန်ကြီးချုပ် မာရီယိုဒရာဂီကမူ လတ်တလောတွင် နေတိုးအုပ်စုနှင့် ရုရှားတို့အကြား လက်နက်ကိုင် ထိပ်တိုက်တွေ့လာနိုင်သည့် ခြိမ်းခြောက်မှုအန္တရာယ်ကို ပယ်ချခဲ့သည်။ "စစ်ရေး အရှိန်မြှင့်မယ့် အန္တရာယ် မရှိပါဘူး။ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေရပါမယ်၊ ဒါပေမယ့် အန္တရာယ် မရှိပါဘူး" ဟု ဝန်ကြီးချုပ်ကပြောသည်။

ဘောလ်တစ်နိုင်ငံများသည် ယခင်ကတည်းကပင် နေတိုးတပ်စခန်းများကို အတည်တကျ ထားရှိရန် ကြိုးပမ်းနေခဲ့ကြသလို နိုင်ငံစုံတပ်သား ၅,ဝဝဝ ခန့်ဖြင့် နေတိုးတပ်စွဲထားရှိမှုကို ဆယ်ဆတိုးရန်နှင့် လေကြောင်း၊ရေကြောင်းဆိုင်ရာ ကာကွယ်ရေးများကိုလည်း တိုးမြှင့်ရန် ယူကရိန်းကျူးကျော်ခံရမှု မတိုင်မီကပင် စီစဉ်နေကြခြင်း ဖြစ်သည်။

နေတိုးအဖွဲ့က ဗုဒ္ဓဟူးနေ့တွင် သဘောတူခဲ့သည့်အချက်သည် အဆိုပါ ရည်မှန်းချက်များကို ပြည့်မီခြင်းမရှိပေ။ သို့သော်လည်း ဤသဘောတူညီချက်အရ ဆိုလျှင် အက်စ်တိုးနီးယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားတို့တွင် မဟာမိတ်တပ်များ ပိုမိုနေရာချထားလာမည့်သဘော ဖြစ်သလို ဒေသတွင်းသို့ ပိုများသော လက်နက်ကိရိယာများ၊ လက်နက်များနှင့် ခဲယမ်းမီးကျောက်များ ပို့ဆောင်ကာ လျင်မြန်သော စစ်ကူစနစ်တစ်ခု ထူထောင်မည့်သဘော ဖြစ်သည်။

နေတိုးအဖွဲ့ခေါင်းဆောင်များသည် အဆင်သင့်ဖြစ်မှု ပိုမိုမြင့်မားစေရန်အတွက် တပ်ဖွဲ့ဝင် ၃ သိန်းအထက် တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြသည်။

မဟာမိတ်အဖွဲ့သည် ရုရှား၏တိုက်ခိုက်မှု သို့မဟုတ် အခြားအကျပ်အတည်းများကို တုံ့ပြန်ရန်အတွက် ယခင်က တပ်ဖွဲ့ဝင်အင်အား ၄ဝ,ဝဝဝ ခန့်သာ ထားရှိခဲ့သည်။

ဗီဒီယိုများ