နီပေါမှာ လေယာဉ်ပျက်ကျမှုကြောင့် ၆၈ ဦးအထိ သေဆုံး

လေယာဉ်ပျက်ကျချိန်၌ ရာသီဥတုမှာ ကြည်လင်လျက်ရှိပြီး ပျက်ကျရသည့် အကြောင်းရင်းကို မသိရသေးပေ။

By Admin 16 Jan 2023

နီပေါမှာ လေယာဉ်ပျက်ကျမှုကြောင့် ၆၈ ဦးအထိ သေဆုံး

ဓာတ်ပုံ - AFP

နီပေါနိုင်ငံတွင် ဇန်နဝါရီလ ၁၅ ရက်နေ့က လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် သေဆုံးသူ ၆၈ ဦးအထိ ရှိခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကားပြီး စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လေယာဉ်ဝန်ထမ်းများအပါအဝင် စုစုပေါင်း ၇၂ ဦးလိုက်ပါလာသော အဆိုပါလေယာဉ်သည် မြို့တော် ခတ္တမန္ဒုမှ ထွက်ခွာလာပြီးနောက် နံနက် ၁၀ နာရီ ၅၀ တွင် ပေါ့ဟာရာလေဆိပ်သို့ ဆက်သွယ်ခဲ့သည်။ ထို့နောက်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု နီပေါ ပြည်တွင်းလေကြောင်းအာဏာပိုင် အဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

လေယာဉ်ပျက်ကျချိန်၌ ရာသီဥတုမှာ ကြည်လင်လျက်ရှိပြီး ပျက်ကျရသည့် အကြောင်းရင်းကို မသိရသေးပေ။

“လေယာဉ်က ယိမ်းခါနေတယ်။ ပြီးတော့ ရုတ်ချည်းပဲ ချောက်ထဲ ထိုးဆင်းသွားတာ” ဟု လေယာဉ်ပျက်ကျမှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ တစ်ဦးက ပြောကြားသည်။

ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူ တစ်ဦးကလည်း “လေယာဉ်တစ်ပိုင်းက တောင်ကုန်းပေါ်ကျန်ခဲ့ပြီး နောက်တစ်ပိုင်းက မြစ်ထဲပြုတ်ကျသွားတယ်” ဟု ပြောသည်။

အာဏာပိုင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများကို လက်ရှိအချိန်အထိ ဆောင်ရွက်နေဆဲ ဖြစ်ကာ ဝန်ထမ်းပေါင်းရာနှင့်ချီ အသုံးပြုလျက်ရှိကြောင်း စီအန်အေသတင်းတွင် ဖော်ပြသည်။

ယခုပျက်ကျခဲ့သော လေယာဉ်သည် ယဲ့တီလေကြောင်းလိုင်းမှ ပြေးဆွဲနေသည့် ပြည်တွင်းခရီးစဉ်ဖြစ်သည်။ လတ်တလော၌ ၎င်းတို့၏ တနင်္လာနေ့ ပုံမှန် လေကြောင်းခရီးစဉ်များ အားလုံးကို ရပ်ဆိုင်းထားကြောင်း ယဲ့တီက ထုတ်ပြန်ထားသည်။ 

နီပေါနိုင်ငံသည် တောင်ကုန်းတောင်တန်း ထူထပ်သည့် ဒေသဖြစ်ပြီး ကမ္ဘာ့အမြင့်ဆုံး တောင်ကြီး ၁၄ တောင်အနက် ၈ တောင်မှာ နီပေါတွင် တည်ရှိသည်။ ရာသီဥတု အပြောင်းအလဲ မြန်သည့် ဒေသဖြစ်ပြီး ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်အတွင်း နီပေါတွင် လေယာဉ် သို့မဟုတ် ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ ၃၅၀ နီးပါးရှိခဲ့သည်။

ဗီဒီယိုများ