ဖိလစ်ပိုင်မှာ လောင်စာဆီယိုဖိတ်မှုကို ရှင်းလင်းရန် ဂျပန်နှင့် အမေရိကန်ကို အကူအညီတောင်းခံ

ဖိလစ်ပိုင်နိုင်ငံတွင် ဆီတင်သင်္ဘော တိမ်းမှောက်ရာမှ လောင်စာဆီယိုဖိတ်မှုများကို ရှင်းလင်းမှုများ ၁၀ ရက်ကျော် ကြာလာပြီးနောက် ဂျပန်နှင့် အမေရိကန်တို့ထံမှ အကူအညီတောင်းခံသွားမည်ဟု အစိုးရက မတ်လ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။

By Admin 11 Mar 2023

အရှေ့ပိုင်းမင်ဒိုရိုပြည်နယ် ပိုလာကမ်းခြေအနီး၌ လောင်စာဆီများ ယိုဖိတ်နေသည်ကို ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Reuters

လောင်စာဆီ လီတာပေါင်း ၈ သိန်းသယ်ဆောင်လာသည့် Princess Empress သင်္ဘောသည် ပြီးခဲ့သောသီတင်းပတ်က မင်ဒိုရိုကျွန်းအနီးရှိ ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့သည်။ သင်္ဘောသည် ရေပြင်အောက် မီတာ ၄၀၀ ခန့်၌ ရှိသည်ဟု ယူဆရသော်လည်း မိမိတို့အနေဖြင့် အဆိုပါနေရာသို့ သွားရောက်ပြီး လောင်စာဆီများကို ဖယ်ရှားနိုင်စွမ်း မရှိကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက ပြောကြားထားသည်။

လောင်စာဆီယိုဖိတ်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ၊ လောင်စာဆီ ဖယ်ရှားရေးနှင့် ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ချက်များအတွက် အကူအညီပေးရန် ဂျပန်နိုင်ငံက ကမ်းခြေစောင့် တပ်ဖွဲ့ဝင်များ မနီလာသို့ စေလွှတ်ထားကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က သောကြာနေ့တွင် ပြောကြားသည်။

မိမိတို့အနေဖြင့် အမေရိကန်ထံမှ အကူအညီများလည်း တောင်းခံထားသည်ဟု ကမ်းခြေစောင့်တပ် ပြောခွင့်ရ အာမန်ဒိုဘာလီလိုက အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။ အမေရိကန်ဘက်က မည်ကဲ့သို့ ကူညီပေးမည်ကိုမူ ပြောကြားခြင်းမရှိပေ။

အရှေ့ပိုင်းမင်ဒိုရိုပြည်နယ်သည် ရေလုပ်ငန်းအများအပြား တည်ရှိရာဒေသဖြစ်ပြီး ယခုအခါ ပြည်နယ် ကမ်းခြေတစ်လျှောက်တွင် ဒီဇယ်ဆီနှင့် သင်္ဘောပေါ်မှ ပျစ်ခဲသည့်လောင်စာဆီများကြောင့် ရေပြင်သည် ခရိုင်ကိုးခုအထိ ညစ်ထေးလျက်ရှိသည်။

လောင်စာဆီယိုဖိတ်မှုကြောင့် သန္တာကျွန်းဆွယ်များ၊ လမုပင်များနှင့် ပင်လယ်ရေညှိများ စုစုပေါင်း ၂၅၀၀ ဟက်တာကျော်အထိ အကျိုးသက်ရောက်မှု ခံရနိုင်ကြောင်း ဖိလစ်ပိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အစောပိုင်းတွင် ပြောကြားထားသည်။

ရေပြင်ပေါ်၌ ဒီဇယ်ဆီပမာဏ မည်မျှအထိ ယိုဖိတ်နေသည်ကို လတ်တလောတွင် မသိရသေးပေ။ သို့သော်လည်း သင်္ဘောနစ်မြုပ်ရာနေရာမှ ၃၅၀ ကီလိုမီတာ ကွာဝေးသည့်နေရာအထိ လောင်စာဆီများ ပျံ့နှံ့ရောက်ရှိနေကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ဗီဒီယိုများ