သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာနရုံးများတွင် တရုတ်လုပ် စောင့်ကြည့်ကင်မရာများ အသုံးပြုမှုကို ပြန်စစ်ဆေးမည်

တရုတ်လုပ် ကင်မရာများ တပ်ဆင်အသုံးပြုမှုသည် လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်သည် ဆိုသည့် အစီရင်ခံစာများ ထွက်ပေါ်လာပြီးနောက်တွင် ဝန်ကြီးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

By Admin 09 Feb 2023

သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာနရုံးများတွင် တရုတ်လုပ် စောင့်ကြည့်ကင်မရာများ အသုံးပြုမှုကို ပြန်စစ်ဆေးမည်

သရုပ်ဖော်ပုံ - Reuters

ကာကွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ရုံးများတွင် အသုံးပြုနေသည့် စောင့်ကြည့်ရေးနည်းပညာများကို စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ကာကွယ်ရေးဝန်ကြီး ရစ်ချက်မားလက်က ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပြောကြားလိုက်သည်။ 

တရုတ်လုပ် ကင်မရာများ တပ်ဆင်အသုံးပြုမှုသည် လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်သည် ဆိုသည့် အစီရင်ခံစာများ ထွက်ပေါ်လာပြီးနောက်တွင် ဝန်ကြီးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဒါက သတိထားရမယ့် ကိစ္စတစ်ရပ်ပါ။ ကာကွယ်ရေးမှာ အသုံးပြုနေတဲ့ စောင့်ကြည့်ရေး နည်းပညာတွေအားလုံးနဲ့ ဒီကင်မရာတွေ ဘယ်ကရတယ် ဆိုတာကအစ ကျနော်တို့ စစ်ဆေးရေးလုပ်နေပါတယ်။ ဒါတွေအကုန်လုံးကို ဖယ်ရှားသွားမှာပါ” ဟု မားလက်က အေဘီစီရေဒီယိုနှင့် အင်တာဗျူးတစ်ရပ်တွင် ပြောကြားသည်။

သြစတြေးလျ အစိုးရရုံးဌာန ၂၅၀ ကျော်၌ Hangzhou Hikvision Digital Technology ကုမ္ပဏီနှင့် Dahua Technology ကုမ္ပဏီတို့မှ ထုတ်လုပ်သည့် ဒစ်ဂျစ်တယ်ပစ္စည်း ၁၀၀၀ နီးပါး အသုံးပြုနေသည်ကို မိမိကိုယ်ပိုင် လေ့လာမှုအရ သိထားကြောင်း အတိုက်အခံ လွှတ်တော်အမတ် ဂျိမ်းပေတာဆင်၏ ပြောကြားချက်အရ သိရသည်။ အဆိုပါကုမ္ပဏီ နှစ်ခုလုံးသည် တရုတ်အစိုးရ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်ထားသည့် ကုမ္ပဏီများ ဖြစ်သည်။ 

ဗြိတိန်အစိုးရသည်လည်း ၎င်း၏ ရုံးဌာနများအနက် လုံခြုံရေးအတွက် အရေးပါသည့် ရုံးများတွင် တရုတ်လုပ် စောင့်ကြည့်ကင်မရာများ အသုံးပြုခြင်းကို ရပ်တန့်ရန် ပြီးခဲ့သောနှစ် နိုဝင်ဘာလတွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်အချို့တွင်လည်း တရုတ်ကုမ္ပဏီအများအပြားမှ ထုတ်လုပ်သည့် နည်းပညာများနှင့် ထုတ်ကုန်များကို အသုံးပြုခွင့် တားမြစ်ထားသည်။

ဗီဒီယိုများ