စင်္ကာပူတွင် ကိုဗစ်တိုက်ဖျက်ရေး ပါဝင်ကူညီခဲ့သူ တစ်သိန်းကျော်ကို အစိုးရက ဂုဏ်ပြုဆုများ ပေးအပ်မည်
ကိုဗစ်-၁၉ ကပ်ဘေးကြီးကို စင်္ကာပူနိုင်ငံ ရင်ဆိုင်ရာ၌ ပါဝင်ကူညီခဲ့ကြသူ တစ်သိန်းကျော်အား ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည်ဟု စင်္ကာပူဝန်ကြီးချုပ်ရုံးက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
29 Dec 2022
ဓာတ်ပုံ - CAN
DMG | ဒီဇင်ဘာ ၂၉
ကိုဗစ်-၁၉ ကပ်ဘေးကြီးကို စင်္ကာပူနိုင်ငံ ရင်ဆိုင်ရာ၌ ပါဝင်ကူညီခဲ့ကြသူ တစ်သိန်းကျော်အား ဂုဏ်ပြုဆုများ ချီးမြှင့်သွားမည်ဟု စင်္ကာပူဝန်ကြီးချုပ်ရုံးက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
“၎င်းတို့၏ အများကောင်းကျိုး ဆောင်ရွက်မှုနှင့် ကိုဗစ်-၁၉ ကပ်ဘေးကြီးကို စင်္ကာပူကရင်ဆိုင်ရာတွင် ပူးပေါင်းကူညီမှုကို အသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံ့ဂုဏ်ရည်ဆုများကို အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူ့ဌာနများ၊ အထူးသဖြင့် ပြည်သူ့ကျန်းမာရေးကဏ္ဍရှိ လူပုဂ္ဂိုလ်များအား တစ်ဦးချင်းသို့မဟုတ် အဖွဲ့လိုက် ဆုချီးမြှင့်သွားမည်” ဟု ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်သည်။
ဆုအမျိုးအစားမှာ နှစ်မျိုးဖြစ်ပြီး နိုင်ငံ့ဂုဏ်ရည်ဆု (ကိုဗစ်-၁၉)၊ ကိုဗစ်-၁၉ ကြံ့ခိုင်မှုဆုနှင့် ကိုဗစ်-၁၉ ကြံ့ခိုင်မှု အသိအမှတ်ပြုလက်မှတ် တို့ဖြစ်သည်။
နိုင်ငံ့ဂုဏ်ရည်ဆု ရရှိမည့်သူ ၉၅၀၀ ခန့်ရှိကြောင်းလည်း ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတော်ဂုဏ်ပြုဆုများသည် ကိုဗစ်-၁၉ ကပ်ဘေးကြီးကို တိုက်ဖျက်ရာတွင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခဲ့ကြသူများ အားလုံးကို ဂုဏ်ပြုခြင်းဖြစ်သည်။
ကိုဗစ်ကပ်ဘေးကာလအတွင်း စွန့်လွှတ်အနစ်နာခံပြီး ကူညီခဲ့ကြသူ ထောင်ပေါင်းများစွာကိုလည်း ဤဂုဏ်ပြုဆုများမှတစ်ဆင့် မိမိတို့ ဦးညွတ်သည်ဟု ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။