- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- စစ်ကောင်စီ လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်းဒေသခံ ထောင်နှင့်ချီ ထပ်မံ စစ်ရှောင်ရ
- စစ်ကောင်စီ ပိတ်ဆို့ထား၍ ကျောက်ဖြူတွင် ခရီးသည် ၃၀၀ ခန့် သောင်တင်နေ
အိမ်မွေးခွေးကို သေဆုံးသည်အထိ နှိပ်စက်ခဲ့သူ မြန်မာအိမ်အကူအား စင်္ကာပူတရားရုံးက ထောင်ဒဏ်ကိုးလ ချမှတ်
တရားရုံးက စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ၌ မြန်မာအိမ်အကူ ဂျန်နီလာအောင်ပွီက သူမအား ထိုကဲ့သို့ ပြုလုပ်ရန် အိမ်ရှင်က ညွန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
27 Nov 2024
အိမ်ရှင်က စေခိုင်းသည့်အတွက် အိမ်မွေးခွေးကို ညှဉ်းပမ်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သော မြန်မာအိမ်အကူ တစ်ဦးအား စင်္ကာပူတရားရုံးက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထောင်ဒဏ် ကိုးလ ချမှတ်ခဲ့ကြောင်း စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တရားရုံးက စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ၌ မြန်မာအိမ်အကူ ဂျန်နီလာအောင်ပွီက သူမအား ထိုကဲ့သို့ ပြုလုပ်ရန် အိမ်ရှင်က ညွန်ကြားခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
နှိပ်စက်ခံရပြီး သေဆုံးသွားသော ခွေးသည် ‘ဟန်’ဟု အမည်ရသူ အိမ်ရှင်အမျိုးသမီး၏ ရည်းစားဖြစ်သူ အမျိုးသားနှင့် သူ၏ရည်းစားဟောင်းတို့ မွေးမြူခဲ့သော ခွေးဖြစ်သည်။ ၎င်းတို့ ဆက်ဆံရေး ရပ်တန့်သွားပြီးနောက် ထိုအမျိုးသားသည် ‘ဟန်’နှင့် ချစ်ကြိုက်ကာ ဤခွေးကို ဆက်လက်မွေးစားထားခြင်း ဖြစ်သည်။
အသက် ၂၆ နှစ်အရွယ် မြန်မာအိမ်အကူအား အိမ်ရှင်အမျိုးသမီးက ခွေးကို နှိပ်စက်ရန် စေခိုင်းခဲ့ခြင်း ဖြစ်သည်။
မြန်မာအိမ်အကူသည် အဆိုပါခွေးကို လည်ကုပ်မှုဆွဲကိုင်ခြင်း၊ ကြမ်းပြင်ပေါ်တွင် ဖိကပ်ထားခြင်း၊ ခွေးဦးခေါင်းကို သူမ၏လက်ဖြင့် သုံးကြိမ်တိုင် ရိုက်ပုတ်ခြင်း၊ တုတ်ချောင်းပုံစံ လိပ်ထားသည့် စက္ကူလိပ်ဖြင့် ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း တရားရုံးတွင် ကြားနာမှုအရ သိရသည်။
ခွေးထံမှ အနံ့အသက်များ မထွက်အောင် လုပ်သည့်ရည်ရွယ်ချက်ဖြင့် အဆိုပါခွေးကို ကြိုးဖြင့် တွဲလောင်းချည်က ဝရန်တာတွင် နေလှန်းခြင်းလည်း ပြုလုပ်ခဲ့သည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။
ကောင်လေး (Babyboy) ဟု အမည်ပေးထားသည့် အဆိုပါခွေးအပေါ် ဇန်နဝါရီလ ၂၂ ရက်နေ့က နှိပ်စက်မှုများ ကျူးလွန်ခဲ့ပြီးနောက်တွင် အဆိုပါခွေးသည် ထိုနေ့တွင်ပင် သေဆုံးသွားကြောင်း သတင်းအရ သိရသည်။
ခွေးပိုင်ရှင် အမျိုးသားက သင်္ကာမကင်းဖြစ်ပြီး ရဲကိုတိုင်ခဲ့ရာမှ ယခုကဲ့သို့ ဖြစ်ရပ်မှန် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
တိရစ္ဆာန်များအပေါ် အကြမ်းဖက်မှု အကာအကွယ်ပေးရေး ဥပဒေအရ မြန်မာအိမ်အကူသည် ပြစ်မှုသုံးခုအတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ကာ ထောင်ဒဏ်ကိုးလ ချမှတ်ခဲ့သည်။
ခွေးကိုနှိပ်စက်ရန် အိမ်ဖော်အား စေခိုင်းခဲ့သူ အိမ်ရှင်ကို အရေးယူရန် ရှိ၊မရှိ စီအန်အေ သတင်းဌာနက သက်ဆိုင်ရာကို မေးမြန်းစုံစမ်းထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။