- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
- စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့် ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ
- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
စကော့တလန်လွတ်လပ်ရေးအတွက် လူထုဆန္ဒခံယူပွဲကို ၂၀၂၃ အောက်တိုဘာတွင် ကျင်းပရန် သတ်မှတ်
စကော့တလန် လွတ်လပ်ရေးအတွက် ဒုတိယအကြိမ်မြောက် လူထုဆန္ဒခံယူပွဲကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျင်းပသွားမည်ဟု စကော့တလန်အစိုးရအဖွဲ့က ဇွန်လ ၂၈ ရက်နေ့တွင် ကြေညာလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
30 Jun 2022

DMG ၊ ဇွန် ၃၀
စကော့တလန် လွတ်လပ်ရေးအတွက် ဒုတိယအကြိမ်မြောက် လူထုဆန္ဒခံယူပွဲကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျင်းပသွားမည်ဟု စကော့တလန်အစိုးရအဖွဲ့က ဇွန်လ ၂၈ ရက်နေ့တွင် ကြေညာလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အက်ဒင်ဘာရာပါလီမန်တွင် မိန့်ခွန်းပြောကြားရာ၌ ပထမဝန်ကြီး နီကိုလာစတာဂျင်က သူမတာဝန်ယူထားသည့် အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် လန်ဒန်၏ အတည်ပြုချက်မရဘဲ ဆန္ဒခံယူပွဲကျင်းပနိုင်သည့် လုပ်ပိုင်ခွင့် ရှိနိုင်မည်မဟုတ်ကြောင်း ဝန်ခံပြောကြားသည်။
“စကော့တလန်သည် လွတ်လပ်သော သီးခြားနိုင်ငံ ဖြစ်သင့်သလား” ဟူသောမေးခွန်းကို မဲဆန္ဒရှင်များအား မမေးမီ ဥပဒေကြောင်းအရ ခိုင်မာရှင်းလင်းမှု ရှိစေရန်အတွက် ယူကေ တရားရုံးချုပ်ထံမှ အကြံဉာဏ်တောင်းခံမည်ဟု အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။
စကော့တလန်သည် လွတ်လပ်ရေးအတွက် မဲဆန္ဒခံယူပွဲကို ၂၀၁၄ ခုနှစ်က ပထမအကြိမ် ကျင်းပခဲ့ပြီး ထိုစဉ်က ယူကေမှ ခွဲမထွက်ရန် မဲပေးခဲ့ကြသည်။ ယူကေဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင်က ထိုဆုံးဖြတ်ချက်သည် မျိုးဆက်တစ်ဆက်စာအတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း စတာဂျင်၏ စကော့တလန်အမျိုးသားပါတီ (SNP) ကမူ ၂၀၁၆ တွင် ဥရောပသမဂ္ဂမှ ယူကေခွဲထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် အပြောင်းအလဲကို ဖန်တီးခဲ့သည်ဟု ပြောထားသည်။
စကော့တလန်မှ မဲဆန္ဒရှင်အများအပြားသည် ဘရက်ဇစ်ကို ကန့်ကွက်ခဲ့ကြသည်။ ယခုအခါ အက်ဒင်ဘာရာ လွှတ်တော်တွင် အများစုသည် လွတ်လပ်ရေးကို လိုလားနေကြပြီဖြစ်ပြီး စကော့တလန်သားများကို ထပ်မံ တိုင်ပင်ဆွေးနွေးရမည်ဟု SNP ဦးဆောင်သည့်အစိုးရအဖွဲ့က ပြောကြားသည်။
စကော့တလန်ကို ယူကေမှ တရားဝင်ခွဲထွက်မည် ဆိုလျှင် အက်ဒင်ဘာရာလွှတ်တော်မှ အတည်ပြုချက်နှင့် လန်ဒန်လွှတ်တော်မှ အတည်ပြုချက် နှစ်ခုလုံး လိုအပ်မည်ဖြစ်သည်။