- အိန္ဒိယပြည် ဝင်ခွင့် အထောက်ထားမှာ ပတ်စပို့ မဟုတ်ကြောင်း ဦးခိုင်သုခ ရှင်းပြ
- စစ်တွေသို့ ကုန်ပစ္စည်းတင်ပို့မှု စစ်ကောင်စီ ပိတ်ပင်
- ထိုင်းအစိုးရက မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးအတွက် ဘတ်သန်း ၁၆၀ သုံးရန် လျာထား
- စစ်တွေတွင် မွတ်ဆလင်ကျေးရွာ တစ်ရွာမှ လူ ၃၀ ဦးစီ တပ်သားသစ်စုဆောင်းခံထားရဟု ကုလ ပြော
- ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်များကို ကူညီပေးရန် အလေးထားလုပ်နေကြောင်း ULA/AA ပြော
စစ်တွေသို့ ကုန်ပစ္စည်းတင်ပို့မှု စစ်ကောင်စီ ပိတ်ပင်
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့ကို ပြေးဆွဲနေသည့် ရန်ကုန်- စစ်တွေ ခရီးသည်တင် လေယာဉ်များ ကုန်ပစ္စည်းတင်ပို့မှုများကို ဩဂုတ်လမှ စတင်ကာ ကန့်သတ်ပိတ်ပင်ထားကြောင်း သတင်းရရှိသည်။
04 Sep 2025

DMG ၊ စက်တင်ဘာ ၄
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့ကို ပြေးဆွဲနေသည့် ရန်ကုန်- စစ်တွေ ခရီးသည်တင် လေယာဉ်များ ကုန်ပစ္စည်းတင်ပို့မှုများကို ဩဂုတ်လမှ စတင်ကာ ကန့်သတ်ပိတ်ပင်ထားကြောင်း သတင်းရရှိသည်။
ယခင်က ရန်ကုန်- စစ်တွေ ပြေးဆွဲနေသည့် လေကြောင်းလိုင်းအားလုံးနီးပါးတွင် ဆေးဝါးနှင့် အခြားကုန်ပစ္စည်းများ တင်ပို့မှုရရှိခဲ့သော်လည်း ယခုအခါ အားလုံးကို တားမြစ်ကန့်သတ်ထားကြောင်း သိရသည်။
" ဒါက ပိတ်ဆို့မှု လုပ်တယ်လို့ ထင်တယ်။ ကုန်သင်္ဘောတွေလည်း မဝင်တော့ဘူး။ လေယာဉ်တွေဆိုလည်း တစ်ပတ်မှာမှ တစ်စင်းနှစ်စင်း လောက်ပဲထွက်တယ်။ ဆေးဝါးတွေလည်း လုံးဝ တင်သွင်းလို့ မရတော့ဘူး။ ပါဆယ်ထည့်လို့တောင် မရတော့ဘူး။ ပြီးရင် လစဉ်သုံးပစ္စည်းကအစ လုံးဝ တင်ခွင့်မရဘူး " ဟု စစ်တွေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ယင်းအပြင် ရန်ကုန် ကနေ စစ်တွေသို့ ပစ္စည်းများ ပို့နေသည့် ကုန်တင်သင်္ဘောများမှာ ယခင်က စစ်တွေမြို့သို့ အပတ်စဉ် ဝင်ရောက်တက်သော်လည်း ယခုအခါ ဝင်ရောက်မှုမရှိသည်မှာ တစ်လနီးပါးကြာမြင့်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ကုန်တင်သင်္ဘောများလည်း ဝင်ရောက်မှုမရှိသည့်အပြင် ယခုကဲ့သို့ လေကြောင်းဖြင့် ကုန်ပစ္စည်းတင်ပို့မှုကိုပါ ပိတ်ပင်လိုက်သဖြင့် ဒေသခံများ ကုန်ပစ္စည်းပြတ်လပ်မည်ကို စိုးရိမ်နေကြကြောင်း ဆိုသည်။
" အခုဆိုရင် စစ်တွေမှာ ဆန်တွေကို မွတ်ဆလင်တွေနဲ့ တချို့ရခိုင်ဒေသခံတွေပါ အလုအယက် ဝယ်နေကြတယ်။ ကုန်သင်္ဘောတွေ ဝင်လာဖို့ မသေချာဘူး။ လေကြောင်းကလည်း တစ်ပတ်မှာ တစ်ခါပဲ ထွက်ပြီးတော့ ကုန်ပစ္စည်းတွေလည်း မတင်ရတော့ဘူး။ ကုန်ဈေးနှုန်တွေလည်း အရမ်းမြင့်တယ် " ဟု စစ်တွေမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိစစ်တွေမြို့တွင် ဆန်ဈေး၊ ဆီဈေးများ အဆမတန်မြင့်တက်နေပြီး ကြက်သွန်နီတစ်ပိဿာကို ၃၅,၀၀၀ ကျပ်၊ ကွမ်းတစ်ပီယာ(အရွက်၈၀)ကို ၃၀,၀၀၀ ကျပ်စသဖြင့် ဈေးနှုန်းမြင့်တက်နေကြောင်းသိရသည်။
ဆေးဝါးတင်သွင်းမှု ကန့်သတ်ခံထားရသဖြင့် မြို့တွင်း အခြေခံ ဆေးဝါးကအစ ပြတ်လပ်ကာ ကျန်းမာရေးပြဿနာများ ကြုံတွေ့နေရကြရပြီး အချို့ဒေသခံများမှာလည်း ဖျားနာ၊ ကိုက်ခဲစသည့် ကျန်းမာရေးကိစ္စများအတွက် တိုင်းရင်းဆေးများကို ဖော်စပ်သုံးစွဲနေကြရကြောင်း သိရသည်။
စစ်တွေမြို့အတွင်း ပိတ်မိနေကြသည့် ဒေသခံများမှာ ကုန်ဈေးနှုန်းကြီးမားမှု၊ စားဝတ်နေရေးစိန်ခေါ်မှုတို့နှင့် ကြုံ တွေ့နေကြရပြီး အခြေခံလက်လုပ်လက်စား ဒေသခံများမှာလည်း ငွေကြေးကျပ်တည်းမှုနှင့် အငတ်ဘေးဆိုက်မှုတို့ကြောင့် တောင်းရမ်းစားသောက်မှု ပိုမိုပြားများလာကြောင်း ပြောဆိုကြသည်။
" အလုပ်အကိုင်မရှိ ဝင်ငွေတွေ မရှိကြတော့ ငတ်တဲ့သူတွေ များလာတယ်။ တောင်းစားတဲ့သူတွေ၊ ခိုးဆိုးလုယက်တဲ့သူတွေ များလာတယ်။ ရပ်ကွက်တိုင်းမှာ အငတ်ဘေး ကြုံနေကြတဲ့သူတွေ အများကြီးရှိတယ်။ ပေးကမ်းနိုင်မဲ့ အိမ်တွေကို လာပြီး အကူအညီတောင်းကြတာတွေလည်း အများကြီးရှိတယ်" ဟု အထက်ပါ စစ်တွေဒေသခံအမျိုးသမီးက ပြောသည်။
စစ်တွေမြို့တွင် ဒေသခံများ ခရီးသွားလာခွင့်နှင့် ကုန်ပစ္စည်းများ သယ်ယူခွင့်ကို လေကြောင်းလိုင်း တစ်ခုတည်းဖြင့်သာ ခွင့်ပြုထားခြင်းဖြစ်ပြီး ယခုအခါ လေကြောင်းလိုင်းပါ ကန့်သတ်ခံလာရသဖြင့် စစ်တွေဒေသခံများမှာ ယခုထက်ပို အကျပ်အတည်းကြုံလာရမည်ကို စိုးရိမ်ကြောင့်ကြနေကြသည်။
လက်ရှိ စစ်တွေမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ စစ်ရေးတင်းမာနေပြီး လက်နက်ကြီး ပစ်ခတ်မှုများ မကြာခဏရှိနေသည်။
ထို့အတူ စစ်တွေမြို့နယ် ပတ်ပတ်လည်ကို အာရက္ခတပ်တော်က ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီကလည်း စစ်တွေမြို့တွင်း၊ ဒကစ ဌာနချုပ်နှင့် တပ်ရင်းစခန်းများတွင် အင်အားအများအပြား ဖြည့်တင်းထားကြောင်း သိရသည်။