အီရန်က ဆော်ဒီကို တိုက်ခိုက်လာနိုင်ကြောင်း အမေရိကန်ကို ဆော်ဒီအသိပေး

အီရန်ကဆော်ဒီအာရေဗျဘုရင့်နိုင်ငံတော်ကိုတိုက်ခိုက်ဖို့ ပြင်ဆင်နေဖွယ်ရာရှိတယ်လို့ ယူဆရတဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေကိုဆော်ဒီထောက်လှမ်းရေးကအမေရိကန်ဆီပေးခဲ့တယ်လို့ အမေရိကန်အရာရှိတွေရဲ့ ပြောကြားချက်ကိုကိုးကားပြီးအေပီသတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။ 

By Admin 04 Nov 2022

အီရန်က ဆော်ဒီကို တိုက်ခိုက်လာနိုင်ကြောင်း အမေရိကန်ကို ဆော်ဒီအသိပေး

နိုဝင်ဘာ ၁ ရက်ကပင်တဂွန်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ လေတပ်ဗိုလ်ချုပ်ကြီး Patrick Rvder။(ဓာတ်ပုံ - AFP)

DMG | နိုဝင်ဘာ ၄

အီရန်ကဆော်ဒီအာရေဗျဘုရင့်နိုင်ငံတော်ကိုတိုက်ခိုက်ဖို့ ပြင်ဆင်နေဖွယ်ရာရှိတယ်လို့ ယူဆရတဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေကိုဆော်ဒီထောက်လှမ်းရေးကအမေရိကန်ဆီပေးခဲ့တယ်လို့ အမေရိကန်အရာရှိတွေရဲ့ ပြောကြားချက်ကိုကိုးကားပြီးအေပီသတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။ 

တီဟီရန်ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေကိုဖြိုခွဲမှုနဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားနိုင်ငံအသုံးပြုဖို့ နည်းပညာအပြင် ရာချီတဲ့ ဒရုန်းတွေကို အီရန်နိုင်ငံက ထောက်ပံ့နေမှုနဲ့ပတ်သက်ပြီး ဘိုင်ဒန်အစိုးရက ဝေဖန်ခဲ့ပါတယ်။ အဲဒီလိုဝေဖန်ပြီး သိပ်မကြာခင်မှာပဲ ဆော်ဒီအာရေဗျကို တိုက်ခိုက်လာနိုင်တဲ့ အလားအလာနဲ့ ပတ်သက်တဲ့စိုးရိမ်မှု တွေမြင့်တက်လာတာ ဖြစ်ပါတယ်။

“ခြိမ်းခြောက်ခံနေရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့စိုးရိမ်ပါတယ်။ ဆော်ဒီနိုင်ငံရဲ့ စစ်ဘက်နဲ့ ထောက်လှမ်းရေးလမ်းကြောင်းတွေကနေတဆင့် ကျွန်တော်တို့ အဆက်မပြတ် ဆက်သွယ်နေပါတယ်။ ဒေသတွင်းမိတ်ဘက် နိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကိုအကာအကွယ်ပေးဖို့ ကျွန်တော်တို့ တွန့်ဆုတ်နေမှာမဟုတ်ပါဘူး” လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီက ထုတ်ပြန်ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်ကလည်း ခြိမ်းခြောက်ခံရမှုနဲ့ပတ် သက်ပြီးအမေရိကန်ပြည်ထောင်စုက စိုးရိမ်ကြောင်းပြောပါတယ်။ 

၂၀၁၉ ခုနှစ်တုန်းကဆော်ဒီနိုင်ငံအရှေ့ပိုင်းမှာဖြစ်ခဲ့တဲ့ ကြီးမားတဲ့ တိုက်ခိုက်မှုနောက်ကွယ်မှာ အီရန်နိုင်ငံပါဝင်နေတယ်ဆိုပြီး အမေရိကန်နဲ့ဆော်ဒီက အပြစ်တင်ခဲ့ဖူးပါတယ်။ တိုက်ခိုက်မှုကိုကြိုးကိုင်တာ သူတို့မဟုတ်ဘူးလို့ အီရန်နိုင်ငံကငြင်းဆိုထားပေမယ့် အဲဒီတိုက်ခိုက်မှုမှာ အသုံးပြုခဲ့တဲ့ ဗုံးသယ်ဒရုန်းတွေကို အခုယူကရိန်းစစ်ပွဲမှာ ရုရှားစစ်တပ်က တိုက်ခိုက်ဖို့အသင့်ဖြန့်ကျက်ထားပါတယ်။ 

သိပ်မကြာသေးတဲ့ နှစ်တွေအတွင်းတုန်းကလည်း အီရန်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ ယီမင်ကဟေတီသူပုန်တွေဟာ ဆော်ဒီနိုင်ငံကိုဒရုန်း ၊ ဒုံးကျည် ၊ မော်တာတွေသုံးပြီး အဆက်မပြတ် တိုက်ခိုက်ခဲ့ပါတယ်။ သိပ်မကြာသေးခင်ကပဲအီရန်နိုင်ငံရဲ့ အကျင့်စာရိတ္တထိန်းသိမ်းရေးဆိုင်ရာ ရဲတွေက ၂၂ နှစ်အရွယ် မက်ဆာအာမီနီကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဖမ်းဆီးခံရတဲ့အမျိုးသမီး ကွယ်လွန်သွားတဲ့အတွက် ဆန္ဒပြပွဲတွေဖြစ်လာခဲ့ပြီး အီရန်အရာရှိတွေက အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အတွက် အမေရိကန်ကအီရန်အရာရှိတွေအပေါ် အရေးယူပိတ်ဆို့မှုတွေချ မှတ်ခဲ့ပါတယ်။ 

ဆော်ဒီနိုင်ငံတိုက်ခိုက်ခံရနိုင်တယ်ဆိုတဲ့ သတင်းကို ပထမဆုံးရေးသားခဲ့တာThe Wall Street ဂျာနယ်ဖြစ်ပြီး ဆော်ဒီဘက်ကို ဒီသတင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ပြောပေမယ့် ပြန်ပြီးမတုန့်ပြန်ခဲ့ပါဘူး။ အီရန်နိုင်ငံဘက်ကလည်း “ဒီသတင်းကအနောက်နိုင်ငံတွေနဲ့ ဇီယွန်ဝါဒီတွေက အီရန်နိုင်ငံအပေါ် အပျက်သဘောဆောင်တဲ့ခံစားချက် တွေဖန်တီးပြီးဒေသတွင်းနိုင်ငံတွေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ အပြုသဘောဆောင်တဲ့လမ်းကြောင်းတွေကိုဖျက်ဆီးဖို့ရည်ရွယ်နေတာပါ”လို့ ပြောပါတယ်။

ဗီဒီယိုများ