ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ပဋိပက္ခများ ဆိုင်းငံ့ပေးရန် မြန်မာကို ယူကေတိုက်တွန်း

မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် မငြိမ်သက်မှုများကို ရပ်ဆိုင်းထားပေးကြရန် ယူကေနိုင်ငံက အင်္ဂါနေ့တွင် တိုက်တွန်းလိုက်သည်။

18 Aug 2021

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်လက်ထောက်သံအမတ် ဂျိမ်းစ်ကာရူကီ။ (ဓာတ်ပုံ - The Independent)

DMG ၊ ဩဂုတ် ၁၈

မြန်မာနိုင်ငံတစ်ဝန်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် မငြိမ်သက်မှုများကို ရပ်ဆိုင်းထားပေးကြရန် ယူကေနိုင်ငံက အင်္ဂါနေ့တွင် တိုက်တွန်းလိုက်သည်။

လိုအပ်နေသူများ အားလုံး ကာကွယ်ဆေး ထိုးနှံခွင့် ရရှိရေးအတွက် မြန်မာနိုင်ငံရှိ ပဋိပက္ခများကို လူသားချင်းစာနာမှုအရ ယခုချက်ချင်း ဆိုင်းငံ့ပေးဖို့၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် လူသားချင်းစာနာမှု အကူအညီပေးရေး ဝန်ထမ်းများအနေဖြင့် အကြောက်တရားမရှိဘဲ လုပ်ခွင့်ရဖို့ ဒါမှမဟုတ် သူတို့ကို မတိုက်ခိုက်ဖို့ အင်္ဂါနေ့ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးတွင် ယူကေက တောင်းဆိုထားကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်လက်ထောက်သံအမတ် ဂျိမ်းစ်ကာရူကီက သတင်းထောက်များအား ပြောကြားသည်။

အစည်းအဝေးတွင် မြန်မာအတွက် လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရန်နှင့် နိုင်ငံတကာက အင်တိုက်အားတိုက် တုံ့ပြန်ရန် တောင်းဆိုချက်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် အာဝင်ယူဆော့ကလည်း ထောက်ခံသဘောတူခဲ့ကြောင်း ဂျိမ်းစ်ကာရူကီက ပြောသည်။

မြန်မာ့နိုင်ငံရေး အခြေအနေသည် လူသားချင်းစာနာမှု အကြပ်အတည်းအပေါ် ရိုက်ခတ်မှုရှိနေကြောင်းလည်း သူပြောသည်။

“ကာကွယ်ဆေးဆိုတာ ကာကွယ်ရေးအတွက်ပဲ ဖြစ်ရပါမယ်။ နိုင်ငံရေးအတွက် အသုံးမချသင့်ပါ” ဟု သူကဆိုသည်။

မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကျပ်အတည်းများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန် ခရစ္စတင်း ရှရာနာ ဘာဂျီနာနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး လက်ထောက်အကြီးအကဲ ရာမက်ရာဂျာဆင်းဟမ်းက လုံခြုံရေးကောင်စီတွင် တင်ပြခဲ့ကြကြောင်းလည်း ကာရူကီက ပြောသည်။

“အာဏာသိမ်းမှု မဖြစ်မီက မြန်မာမှာ ကာကွယ်ဆေး ထိုးနှံမှု အားကောင်းခဲ့သလို ကိုဗစ်-၁၉ ကပ်ဘေးဖြေရှင်းရေး အစီအစဉ်တစ်ခုလည်း ရေးဆွဲနေတာ ဖြစ်ပါတယ်” ဟု သူကပြောသည်။

“အခုတော့ မြန်မာ့ကျန်းမာရေးစနစ်ဟာ အလုပ်မလုပ်သလောက်ပါပဲ။ ဆေးရုံတွေ၊ ဆရာဝန်တွေနဲ့ သူနာပြုတွေကို တိုက်ခိုက်မှုတွေ ဆက်ရှိနေဆဲ ဖြစ်သလို လူဦးရေရဲ့ ၃ ရာခိုင်နှုန်းပဲ ကာကွယ်ဆေး ထိုးနှံထားရသေးတယ်” ဟု သံတမန် ကာရုကီက သတင်းထောက်များကို ပြောကြားသည်။

မြန်မာနိုင်ငံတွင် သြဂုတ်လ ၁၇ ရက်နေ့အထိ ကိုဗစ်ကူးစက်မှုစုစုပေါင်း ၃ သိန်းခွဲခန့်ရှိပြီး သေဆုံးသူစုစုပေါင်း ၁၃၆၂၃ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ