လာမည့်နှစ်ပတ်အတွင်း မြန်မာလူထု ထက်ဝက်ခန့်အထိ ကိုဗစ်ကူးစက်ခံရနိုင်ခြေ ရှိကြောင်း ဗြိတိန် သတိပေး

လာမည့် သီတင်းနှစ်ပတ်အတွင်း မြန်မာ့လူဦးရေ ၅၄ သန်း၏ ထက်ဝက်ပမာဏအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရနိုင်ခြေ ရှိနေကြောင်း ဗြိတိန်နိုင်ငံက ဇူလိုင် ၂၉ ရက်နေ့တွင် သတိပေးလိုက်သည်။

By Foreign Desk 30 Jul 2021

ဓာတ်ပုံ - AFP

DMG ၊ ဇူလိုင် ၃၀

လာမည့် သီတင်းနှစ်ပတ်အတွင်း မြန်မာ့လူဦးရေ ၅၄ သန်း၏ ထက်ဝက်ပမာဏအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရနိုင်ခြေ ရှိနေကြောင်း ဗြိတိန်နိုင်ငံက ဇူလိုင် ၂၉ ရက်နေ့တွင် သတိပေးလိုက်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အထူးကိုယ်စားလှယ် ဘာဘရာဝုဒ်ဝေါ့က သတိပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အာဏာသိမ်းမှုက ကျန်းမာရေးစနစ်ကို လုံးဝနီးနီး ပြိုလဲသွားစေပြီး ကျန်းမာရေးဝန်ထမ်းတွေလည်း တိုက်ခိုက်ခံရတာ၊ ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်” ဟု သူမက ပြောသည်။

မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ ၄၀ ရာခိုင်နှုန်းသာ လုပ်ငန်းလည်ပတ်နိုင်သည့် အခြေအနေတွင် ရှိနေကြောင်း ကုလသမဂ္ဂက ခန့်မှန်း တွက်ချက်ထားသည်။

နိုင်ငံတွင်း၌ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် အဆောက်အအုံများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှု အကြိမ်ရေ ၂၆၀ ထက်မနည်း ရှိပြီး ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၆၇ ဦး ထိန်းသိမ်းခံထားရသည်ဟု ကုလက ခန့်မှန်းထားသည်။

“ဗိုင်းရပ်စ်က လူထုအကြား ပျံ့နှံ့နေပါတယ်။ အလွန်မြန်မြန်ဆန်ဆန် ပျံ့နေ့တာပါ။ လာမယ့် သီတင်းနှစ်ပတ်အတွင်း မြန်မာ့လူဦးရေ ထက်ဝက်နီးပါးအထိ ကူးစက်ခံရနိုင်ခြေ ရှိကြောင်း တစ်ချို့က တွက်ချက်ထားကြပါတယ်” ဟု ဘာဘရာဝုဒ်ဝေါ့က ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ကာကွယ်ဆေး ထိုးနှံထားသူ ၁.၇၅ သန်းရှိကြောင်း မြန်မာအာဏာပိုင်များ၏ ပြောကြားချက်များအရ သိရသည်။

မြန်မာသည် ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး နှစ်သန်း လက်ခံရရှိထားသည်။

မြန်မာစစ်တပ်သည် တရုတ်ထံမှ ကိုဗစ်ကာကွယ်ဆေး လေးသန်း မှာယူထားပြီး ၎င်းအပြင် နောက်ထပ် နှစ်သန်းကိုလည်း တရုတ်က မြန်မာအတွက် လှူဒါန်းပေးဦးမည် ဖြစ်ကြောင်း စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ