- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
ကိုရိုနာကုသဆေး အချက်အလက်များအား ရုရှားကခိုးယူရန် ကြိုးစားနေကြောင်း အမေရိကန်၊ ယူကေနှင့် ကနေဒါ စွပ်စွဲ
ကိုရိုနာကုသဆေးနှင့် ပတ်သက်သော လျှို့ဝှက်အချက်အလက်များကို ခိုးယူရန်ကြိုးစားနေကြသည့် ဟက်ကာများသည် ရုရှားထောက်လှမ်းရေး၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်ဟု ယုံကြည်ရကြောင်း အနောက်နိုင်ငံများက ကြာသပတေးနေ့တွင် စွပ်စွဲပြောကြားလိုက်သည်။
18 Jul 2020

ကိုရိုနာကုသဆေးနှင့် ပတ်သက်သော လျှို့ဝှက်အချက်အလက်များကို ခိုးယူရန်ကြိုးစားနေကြသည့် ဟက်ကာများသည် ရုရှားထောက်လှမ်းရေး၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်ဟု ယုံကြည်ရကြောင်း အနောက်နိုင်ငံများက ကြာသပတေးနေ့တွင် စွပ်စွဲပြောကြားလိုက်သည်။
ကိုဗစ်-၁၉ ကုသဆေးအတွက် ဆောင်ရွက်နေကြသည့် ပညာရပ်နှင့် ဆေးသုတေသနဆိုင်ရာ အဖွဲ့အစည်းများအား တိုက်ခိုက်နေသော ဟက်ကာအဖွဲ့သည် Cozy Bear ဟုလည်း ခေါ်ဆိုနေကြသည့် APT29 အဖွဲ့ဖြစ်ကြောင်း အမေရိကန်၊ ယူကေနှင့် ကနေဒါ နိုင်ငံများမှ ထောက်လှမ်းရေးအေဂျင်စီများက ပြောကြားသည်။
APT29 အုပ်စုသည် ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲ၌ ဒီမိုကရက်တစ် ပါတီဝင်များ၏ အီးမေးလ်အကောင့်များ ဟက်ခံရမှုတွင် ပါဝင်ပတ်သက်နေသော အုပ်စုဖြစ်သည်။
အရေးပါသော အချက်အလက်များ ခိုးယူခံရမှု ရှိ မရှိကိုမူ သေချာမသိရပေ။ သို့သော်လည်း ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဒိုမိနစ်ရက်ဘ်က “ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်ဖို့ ကြိုးစားနေကြသူတွေကို ရုရှားထောက်လှမ်းရေးက ပစ်မှတ်ထားနေတာက လုံးဝ လက်ခံနိုင်စရာမရှိဘူး။” ဟု ပြောကြားထားသည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမိထရိ ပက်စကော့ဗ် ကမူ စွပ်စွဲချက်များအား ငြင်းဆန်ထားသည်။
“ဗြိတိန်က သုတေသနစင်တာတွေကို ဟက်တဲ့ကိစ္စမှာ ဘယ်သူလုပ်တယ်ဆိုတဲ့ အချက်အလက်တွေ ကျွန်တော်တို့မှာ မရှိဘူး” ဟု သူကဆိုသည်။
“တစ်ခုပဲပြောချင်တယ်။ ဒီလုပ်ရပ်တွေက ရုရှားနဲ့ ဘာမှမဆိုင်ဘူး” ဟု ဒီမိထရိ က ပြောကြားခဲ့ကြောင်း အစိုးရပိုင်သတင်းဌာန တက်စ်တွင် ဖော်ပြချက်အရ သိရသည်။
အမေရိကန်က ပြည်ပနိုင်ငံအစိုးရများအား ယခုကဲ့သို့ စွပ်စွဲမှုသည် အသစ်အဆန်းတော့ မဟုတ်ပေ။ မကြာသေးမီကလည်း တရုတ်နိုင်ငံသည် ထိုကဲ့သို့ ဆင်တူလုပ်ရပ်မျိုး ကျူးလွန်ခဲ့ကြောင်း အမေရိကန် အရာရှိများက စွပ်စွဲမှု ရှိခဲ့သည်။
သို့သော်လည်း ယခုနောက်ဆုံး ရုရှားအား စွပ်စွဲမှုတွင်မူ အသေးစိတ်အချက်အလက်များပါ ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။ ဟက်ခဲ့သည့် အဖွဲ့အစည်း၏ အမည်၊ ဟက်ကာများ ဝင်ရောက်နှောင့်ယှက်ခဲ့သည့် ဆော့ဖ်ဝဲ၏ အားနည်းချက်များကိုပါ ထောက်ပြထားပြီး သိပ္ပံပညာရှင်များနှင့် ဆေးဝါးကုမ္ပဏီများအားလည်း သတိထားပေးကြရန် ပြောကြားထားသည်။