ကနေဒါရှိ စာသင်ကျောင်းနေရာဟောင်းတွင် အလောင်းမြှုပ်နှံထားခြင်းဟု ယူဆရသော မြေပုံနေရာ ၉၃ နေရာ တွေ့ရှိ

ကနေဒါနိုင်ငံတွင် ဌာနေတိုင်းရင်းသား နေရာတစ်ခုရှိ စာသင်ကျောင်းမြေနေရာ တစ်ခု၌ လူသေအလောင်းများ မြှုပ်နှံထားသည်ဟု ယူဆရသည့် သင်္ချိုင်းမြေပုံ ၁၀၀ နီးပါးကို တွေ့ရှိထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By DMG 27 Jan 2022

ကနေဒါနိုင်ငံတစ်ဝန်းမှ ပျောက်ဆုံးနေသော ဌာနေတိုင်းရင်းသား ကလေးငယ်များအား ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင်းက အမှတ်ရဂုဏ်ပြုနေကြသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)

ကနေဒါနိုင်ငံတွင် ဌာနေတိုင်းရင်းသား နေရာတစ်ခုရှိ စာသင်ကျောင်းမြေနေရာ တစ်ခု၌ လူသေအလောင်းများ မြှုပ်နှံထားသည်ဟု ယူဆရသည့် သင်္ချိုင်းမြေပုံ ၁၀၀ နီးပါးကို တွေ့ရှိထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လူသေအလောင်းဖြစ်နိုင်သည့် အရာများ မြှုပ်နှံထားသည်ဟု ယူဆရသည့် အသွင်အပြင်မျိုးဖြင့် ၉၃ နေရာကို ဘူမိဗေဒစစ်ဆေးမှုအရ တွေ့ရှိထားသည်ဟု Williams Lake First Nation (WLFN) အသိုင်းအဝိုင်းက အင်္ဂါနေ့တွင် ပြောကြားသည်။

ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်ရှိ St. Josept Mission စာသင်ကျောင်းဟောင်း နေရာ၌ ယခုကဲ့သို့ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ကနေဒါတွင် ကလေးငယ်များ၏ ရုပ်ကြွင်းများ ရာပေါင်းများစွာတွေ့ရှိခဲ့မှုကြောင့် တစ်နိုင်ငံလုံး အထိတ်တလန့် ဖြစ်ခဲ့ကြပြီး လအနည်းငယ်အကြာ၌ ယခုကဲ့သို့ ထပ်မံတွေ့ရှိရခြင်းလည်း ဖြစ်သည်။

လေ့လာသူများသည် ပြီးခဲ့သည့်နှစ် မေလအတွင်းက Kamloops မြောက်ပိုင်း ၁၈၆ မိုင်ခန့်အကွာ၌ ကလေးငယ် ၂၁၅ ဦး၏ ရုပ်ကြွင်းများ တွေ့ရှိခဲ့ရသည့် မြေဧရိယာ ၄၈၀ ဟက်တာအနက် ၁၄ ဟက်တာကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယခင်က ဘာသာရေးအဖွဲ့များ ဖွင့်လှစ်ခဲ့သည့် ဌာနေတိုင်းရင်းသား ကျောင်းသားအဆောင် နေရာဟောင်း အနီးတွင် ယမန်နှစ် မေလမှစတင်၍ ကလေးအလောင်းများ မြှုပ်နှံထားရာ မြေနေရာများ တွေ့ရှိလာခဲ့ရာ လက်ရှိအထိ မြေပုံ ၁၀၀၀ ကျော် တွေ့ရှိထားပြီ ဖြစ်သည်။

ယခုကဲ့သို့ အလောင်းများ ရှာတွေ့မှုများက ကနေဒါသမိုင်းတွင် ရှိခဲ့သော ဌာနေတိုင်းရင်းသားများအား အယူဝါဒများ အတင်းအဓမ္မ သွတ်သွင်းခဲ့သည့် လုပ်ရပ်များအား မီးမောင်းထိုးပြနေကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ကနေဒါ၌ ၁၈၈၆ နှင့် ၁၉၈၁ ခုနှစ်အကြားတွင် အစိုးရအုပ်ချုပ်ရေးစနစ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဘာသာရေးအဖွဲ့အစည်းများက ဦးဆောင်ဖွင့်လှစ်ခဲ့သည့် St. Josept ဘာသာရေးကျောင်းများတွင် ဌာနေတိုင်းရင်းသား ကလေးငယ် ထောင်ပေါင်းများစွာ တက်ရောက် သင်ကြားခဲ့ကြသည်။

“St. Joseph နေရာနဲ့ ပတ်သက်လို့ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ ဒီအလုပ်ကို ဆက်လက်ဆောင်ရွက်လိုစိတ် အပြည်အဝရှိပါတယ်” ဟု WLFN အကြီးအကဲ ဝီလီဆယ်လာက ကြေညာချက်တစ်စောင်၌ ထည့်သွင်းပြောကြားထားသည်။

အော့တာဝါအာဏာပိုင်များသည် ဇန်နဝါရီလအစောပိုင်း၌ St. Joseph စီမံကိန်းအတွက် ကနေဒါငွေ ၁.၉ သန်း မတည်ကြောင်း ကြေညာခဲ့သည်။

ကနေဒါနိုင်ငံတစ်ဝန်းတွင် ယခင် ကျောင်းအိပ်ဆောင်းစား အဆောင်နေရာဟောင်းများကို ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ပျောက်ဆုံးနေသော ကျောင်းသားအရေအတွက်မှာ ၄၀၀၀ နှင့် ၆၀၀၀ ကြားရှိနိုင်ကြောင်း ကနေဒါအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

၁၈၀၀ အလွန်ကာလများနှင့် ၁၉၀၀ အလွန်ကာလများအတွင် ကနေဒါနိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းအဆောင် ၁၃၉ ကျောင်းတွင် ဌာနေတိုင်းရင်းသား ကလေးငယ် တစ်သိန်းခွဲခန့်သည် ၎င်းတို့၏ မိဘ၊ ဘာသာစကား၊ ယဉ်ကျေးမှုတို့နှင့် လပေါင်းများစွာ သို့မဟုတ် နှစ်နှင့်ချီ ကင်းကွာပြီး ကျောင်းအိပ်ကျောင်းစား နေခဲ့ကြရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။

ဗီဒီယိုများ