ကနေဒါရှိ ဌာနေတိုင်းရင်းသား စာသင်ကျောင်းနေရာဟောင်းတွင် အလောင်းမြှုပ်နှံထားခြင်း ဖြစ်နိုင်သည့် မြေပုံနေရာ ၁၆၉ နေရာ တွေ့ရှိ

ကနေဒါနိုင်ငံ အက်ဒ်မွန်တန်မြို့ အနောက်မြောက်ဘက် ၃၇၀ ကီလိုမီတာခန့်အကွာတွင် ရှိသည့် သာသနာပြုစာသင်ကျောင်း နေရာဟောင်းတစ်ခုတွင် အလောင်းများမြှုပ်နှံထားခြင်း ဖြစ်နိုင်သည့် မြေပုံနေရာ ၁၆၉ နေရာ တွေ့ရှိထားကြောင်း ကနေဒါ ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်း တစ်ရပ်ထံမှ သိရသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 03 Mar 2022

ပျောက်ဆုံးကျောင်းသားများအတွက် အောက်မေ့ဖွယ် အမှတ်တရပစ္စည်းများအား လှေကားထစ်များပေါ်တွင် လာချထားကြသည်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - AFP

DMG ၊ မတ်လ ၃ ရက်

ကနေဒါနိုင်ငံ အက်ဒ်မွန်တန်မြို့ အနောက်မြောက်ဘက် ၃၇၀ ကီလိုမီတာခန့်အကွာတွင် ရှိသည့် သာသနာပြုစာသင်ကျောင်း နေရာဟောင်းတစ်ခုတွင် အလောင်းများမြှုပ်နှံထားခြင်း ဖြစ်နိုင်သည့် မြေပုံနေရာ ၁၆၉ နေရာ တွေ့ရှိထားကြောင်း ကနေဒါ ဌာနေတိုင်းရင်းသား အသိုင်းအဝိုင်း တစ်ရပ်ထံမှ သိရသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခင်က ဂရူးဝတ် (Grouard) သာသာနာပြုစာသင်ကျောင်း မြေနေရာဟောင်းကို မြေပြင်စစ်ဆေးရေး ရေဒါဖြင့် ခြောက်ရက်ကြာ သုတေသနပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း အဲလ်ဘာတာခရိုင် မြောက်ပိုင်းတွင်နေထိုင်သည့် Kapawe'no First Nation တိုင်းရင်းသားများ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ သိရသည်။

ဘားနက်ဒ်မစ်ရှင် စာသင်ကျောင်း ဟုလည်း သိကြသည့် အဆိုပါ ကျောင်းကို ၁၈၉၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၁ ခုနှစ်အထိ လည်ပတ်ခဲ့သည်။

ယခုတွေ့ရှိချက်များသည် “စိန့်ဘားနက်ဒ်သာသနာပြု စာသင်ကျောင်းမှ ဘယ်တော့မှ အိမ်ပြန်မရောက်လာကြတော့သည့် ကလေးငယ်များနှင့် ပတ်သက်၍ အဖြေရှာခြင်းခရီးရှည်၏အစ” ဖြစ်သည်ဟု အဲလ်ဘာတာတက္ကသိုလ် ပရိုက်ရီနှင့် ဌာနေတိုင်းရင်းသား ရှေးဟောင်းသုတေသနပညာ အဖွဲ့တို့ ဦးဆောင်သည့် လေ့လာချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကနေဒါတွင် ပျောက်ဆုံးနေသည်ဟု ယူဆရသည့် ကလေးအရေအတွက် ၄၀၀၀ ခန့် ရှိနေပြီး နိုင်ငံတစ်ဝန်းတွင် ကျောင်းအိပ်ကျောင်းစား ဖွင့်လှစ်ခဲ့သည့် စာသင်ကျောင်းနေရာဟောင်းများကို စုံစမ်းစစ်ဆေးကာ လေ့လာမှုများ အများအပြား ဆောင်ရွက်လျက်ရှိသည်။
လက်ရှိအချိန်အထိ အမှတ်အသားမရှိဘဲ မြှုပ်နှံထားသည့် မြေပုံနေရာပေါင်း ၁၅၀၀ ကျော် တွေ့ရှိထားပြီ ဖြစ်သည်။

ကနေဒါနိုင်ငံတစ်ဝန်း၌ ၁၈၀၀ အလွန်မှ ၁၉၀၀ အလွန် ခုနှစ်များအတွင်း ကျောင်းအိပ်ကျောင်းစား စာသင်ကျောင်းပေါင်း ၁၃၉ ကျောင်း၌ သင်ကြားခဲ့ရသည့် ဌာနေတိုင်းရင်းသားစုစုပေါင်း ၁၅၀၀၀၀ ခန့်ရှိသည်။ အဆိုပါကျောင်းသားများသည် မူလဘာသာစကား၊ ယဉ်ကျေးမှု၊ ၎င်းတို့၏မိသားစုများနှင့် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာ ခွဲခွာပြီး ကျောင်းတက်ခဲ့ကြရခြင်း ဖြစ်သည်။

စာသင်ကျောင်းများတွင် ကျောင်းသားအများအပြားသည် ဆရာများ သို့မဟုတ် ကျောင်းအုပ်များ၏ ကိုယ်ထိလက်ရောက် ရိုက်နှက်မှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ရင်ဆိုင်ခဲ့ရပြီး ရောဂါ၊ အာဟာရချို့တဲ့မှု သို့မဟုတ် အရေးမစိုက်မှုများကြောင့် သေဆုံးခဲ့ရသည့် ကျောင်းသား ထောင်ပေါင်းများစွာ ရှိကြောင်း ယူဆကြသည်။

ဗီဒီယိုများ