- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
- စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
DMG က ကောက်ယူထားသည့်စာရင်းအရ မေလ ၁ ရက်ကနေ ၁၄ ရက်ထိ နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် သေဆုံးသူ ၃၁ ဦးနှင့် အမျိုးသမီး ၄၄ ဦးထိ ရှိနေသည်။
15 May 2025

DMG ၊ မေ ၁၅
အပစ်ရပ်ကြေညာထားသော စစ်ကောင်စီသည် နိုင်ငံတဝန်း လေကြောင်းဗုံးကြဲတိုက်ခိုက်နေသဖြင့် အရပ်သားသေဆုံး ဒဏ်ရာရရှိသူဦးရေ မြင့်တက်လာနေပြီး ထိုထဲတွင် ကလေးငယ်နှင့် အမျိုးသမီးအများအပြား ပါဝင်နေသည်ကို တွေ့ရသည်။
DMG က ကောက်ယူထားသည့် စာရင်းအရ မေလ ၁ ရက်ကနေ ၁၄ ရက်ထိ နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်သေဆုံးသူ ၃၁ ဦးနှင့် အမျိုးသမီး ၄၄ ဦးထိ ရှိနေသည်။
အရပ်သားနေထိုင်ရာ မြို့/ရွာများ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ စစ်ဘေးရှောင်များ ခိုလှုံရာ စသဖြင့် စစ်ရေးနှင့်မဆိုင်သည့် နေရပ်များကို စစ်ကောင်စီက ပစ်ခတ်ထားတိုက်ခိုက်လာ၍ ကလေးငယ်များ သေဆုံးခဲ့ကြရခြင်း ဖြစ်သည်။
"စစ်ကောင်စီက လူ့အခွင့်အရေးရော၊ စစ်ရာဇဝတ်မှုတွေရော မသိဘူး။ သူက အာဏာတည်မြဲဖို့ အတွက်ဆို အားလုံးလုပ်နေတာ" ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။
ယခုလအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ် ၃ ခုအထိ ရှိနေပြီး ထိုဖြစ်စဉ်အတွင်း ကလေးငယ်အပါအဝင် သေဆုံးသူ ၅၁ ဦးထိ ရှိသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် အိုးတိန်တွင်း၊ ဗန်းမော်နှင့် ထွန်းရဝေ ဖြစ်စဉ်များသည် စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်များပင်ဖြစ်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောဆိုကြသည်။
" ကျမကတော့ စစ်ကောင်စီကို ပြောရမယ့် စကားလုံးတွေတောင် မရှိတော့ပါဘူး။ မြန်မာနိုင်ငံမှာက နဂိုကတည်းက ကလေးငယ်တွေ ပညာရေး၊ ကျန်းမာရေး စတဲ့အခွင့်အရေးတွေ ဆုံးရှုံးနေတာ အခုက အသက်တွေပါ ဆုံးရှုံးနေရကြတယ်။ လူ့အခွင့်ရေးလို့ အော်နေတဲ့ ကမ္ဘာ့ကုလသမဂ္ဂကလည်း တုံ့ပြန်မှု တစ်စုံတစ်ရာမတွေ့ရဘူး" ဟု လူမှုရေးတက်ကြွလှုပ်ရှားသူ ရခိုင်အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီက ငလျင်အပစ်ရပ်ကြေညာပြီးနောက် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၇၄၀ ကျော်အထိ ပြုလုပ်ခဲ့ကြောင်း ISP - Myanmar ၏ ယခုအပတ်ထုတ် အစီရင်ခံစာက ဖော်ပြသည်။