ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် စစ်ကောင်စီနှင့် AA မဟာမိတ် ပူးပေါင်းတပ်များအကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရသည်။

By Admin 14 May 2025

ဧရာဝတီတိုင်းသို့ စစ်ချီနေကြသည့် အာရက္ခတပ်တော်၏ တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
ဧရာဝတီတိုင်းသို့ စစ်ချီနေကြသည့် အာရက္ခတပ်တော်၏ တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk

DMG ၊ မေ ၁၄

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်တို့တွင် စစ်ကောင်စီနှင့် AA မဟာမိတ် ပူးပေါင်းတပ်များအကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရသည်။

ရေကြည်မြို့နယ်အခြေစိုက် အမတ (၃၄၄) တပ်ရင်း၏ ရှေ့တန်းကာကင်းစခန်း ကျောက်ဗွေတောင်ကုန်းတွင် မေလ ၁၀ ရက်ကတည်းက နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ တစ်ဆင့်ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

မြေပြင်အခြေအနေသိသူ သတင်းရင်းမြစ်တစ်ဦးက " စစ်ကောင်စီဖက်ကတော့ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ ခုခံနေရတယ်။ ဂျက်တိုက်လေယာဉ်တွေရော၊ စက်တပ်လေထီးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတာရှိတယ် " ဟု ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ကျောက်ဗွေတောင်တွင် အမတ(၃၄၄) တပ်ရင်းနှင့် ၇ မိုင်ခန့်အကွာတွင် ရှိပြီး စစ်ကောင်စီက ရှေ့တန်းကာကင်းစခန်းအဖြစ် တည်ထားခြင်းဖြစ်ကာ ရခိုင်ရိုးမ တောင်ခြေတွင်ရှိသည့် စခန်းတစ်ခုဖြစ်သည်။

အဆိုပါ တိုက်ပွဲများကြောင့် စစ်ကောင်စီက ငါးသိုင်းချောင်မြို့အနီးရှိ ရေနံ့သာစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတိုးမြှင့်ထားသည်။

ငါးသိုင်းချောင်းမြို့ပေါ်တွင်လည်း မြို့ခံ စီးပွားရေးသမား ၆ ဦးထက်မနည်းကို တော်လှန်ရေးအင်အားစုများထံ ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲပြီး ဖမ်းဆီးသွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ယင်းအပြင် လေးမျက်နှာမြို့နယ်၊ သဲနုကုန်းကျေးရွာအနီးတွင်လည်း မေလ ၁၂ ရက်က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။

" လေးမျက်နှာမြို့နယ်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားကြတာ ရှိတယ်။ စစ်ကောင်စီတပ်စွဲထားတဲ့ သဲနုကုန်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ကြတာ။ ကျေးရွာသားတွေကတော့ အရင်ကတည်းက စစ်ဘေးတိမ်းရှောင်နေကြတော့ အထိအခိုက်တော့ မရှိကြဘူး " ဟု စစ်ရေးအခြေနေသိသူ အမျိုးသားတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ထိုးစစ်များကို ရပ်တန့်ထားချိန်တွင် စစ်ကောင်စီက အင်အားဖြည့်တင်းခြင်း၊ စစ်ရေးပြင်ဆင်ခြင်းတို့ကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

ဧရာဝတီတိုင်းတွင် အာရက္ခတပ်တော်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှစ၍ စစ်ရေးဖော်ဆောင်နေခြင်း ဖြစ်ပြီး ရေကြည်၊ လေးမျက်နှာ၊ သာပေါင်းနှင့် ပုသိမ်မြို့နယ်တို့တွင် စစ်ရေးဖော်ဆောင်နေခြင်း ဖြစ်သည်။