အစိုးရက ဆေးခြောက်တရားဝင်ခွင့်ပြုမှုကို ချက်ချင်းဆိုင်းငံ့ပေးရန် ထိုင်းဆရာဝန်များ တောင်းဆို

ဆေးခြောက်သုံးစွဲမှုနှင့်စပ်လျဉ်းပြီး လူငယ်များကိုကာကွယ်ရန် လုံလောက်သည့်ထိန်းချုပ်မှု အကောင် အထည်ဖော်ခြင်းကို ကြန့်ကြာစေသည့် ဆေးခြောက်တရားဝင်သုံးခွင့်မူဝါဒကို ချက်ချင်း ဆိုင်းငံ့ပေးရန် ရမာသီ ဗောဓိဆေးရုံက ဆရာဝန် ၈၀၀ ကျော်က တောင်းဆိုလိုက်သည်။

27 Jul 2022

ဓာတ်ပုံ - Forbes

DMG ၊ ဇူလိုင် ၂၇

ဆေးခြောက်သုံးစွဲမှုနှင့်စပ်လျဉ်းပြီး လူငယ်များကိုကာကွယ်ရန် လုံလောက်သည့်ထိန်းချုပ်မှု အကောင် အထည်ဖော်ခြင်းကို ကြန့်ကြာစေသည့် ဆေးခြောက်တရားဝင်သုံးခွင့်မူဝါဒကို ချက်ချင်း ဆိုင်းငံ့ပေးရန် ရမာသီ ဗောဓိဆေးရုံက ဆရာဝန် ၈၀၀ ကျော်က တောင်းဆိုလိုက်သည်။

ထိုင်းနိုင်ငံ မှုခင်းဆေးပညာသမားတော်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ စမစ်ဆရီဆွန့်က ယခု လှုပ်ရှားမှုကို ကြေညာလိုက်ခြင်းဖြစ်သည်။

မဟီဒေါတက္ကသိုလ်၊ ရမာဗောဓိဆေးရုံ ဆေးပညာဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာဝန်ဟောင်း၊ ကျောင်းသားဟောင်းများနှင့် ဆရာများအပါအဝင် ဆရာဝန်စုစုပေါင်း ၈၅၁ ဦးတို့က အစိုးရ၏ ဆေး ခြောက်တရားဝင်ခွင့်ပြုမှုကို ချက်ချင်းဆိုင်းငံ့ပေးရန် တောင်းဆိုသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေခဲ့သည်။

အစိုးရတွင် မူဝါဒဆိုင်ရာကိုင်တွယ်ရန် လုံလောက်သည့်အစီအစဉ်များနှင့် ဘေးကင်းစွာ သုံးစွဲစေနိုင်မည့် မူဝါဒများမရှိဘဲ ဆေးခြောက်တရားဝင်ခွင့်ပြုခြင်းသည် ပြည်သူများအကြား စိတ်အပန်း ဖြေစရာအဖြစ် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲလာမှုနှင့် လူငယ်များသည်လည်း အလွယ်တကူ အသုံးပြုခွင့် ရနေမှုတို့ကို ဖြစ်စေကြောင်း ကြေညာချက်တွင်ပါရှိသည်။

ဆေးခြောက်သုံးစွဲခြင်းကြောင့် လူငယ်လူရွယ်များ၏ ခန္ဓာကိုယ်နှင့် ဦးနှောက်တို့တွင် ဆိုးကျိုးများ ဖြစ် စေသည်ကို လက်ခံနိုင်လောက်သည့် တိကျရှင်းလင်းသောသိပ္ပံ အထောက်အထားများ တွေ့ရှိထားသည့်ကြားက ဆက်လက်ခွင့်ပြုထားကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ပြည်သူများ ဆေးခြောက်ကို ဆေးဖြစ်ဝါးဖြစ် မှီဝဲသုံးစွဲမှုတိုးစေလိုသည့် အစိုးရ၏ ရည်ရွယ်ချက်နှင့် လက်ရှိ ဖြစ်ရပ်တို့မှာ သွေဖီလျက်ရှိသည်။

“ယခုအခြေအနေသည် ကျန်းမာရေးစနစ်နှင့် ပြည်သူ့ကျန်းမာရေးအတွက် ရေရှည်ရော ရေတိုအတွက်ပါ ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်ကြောင်း” ကြေညာချက်တွင် ဖော်ပြထားသည်။

လူငယ်များ ဆေးခြောက်အလွဲသုံးမှုက ကာကွယ်ရန်နှင့် ပြည်သူအများအကြား ဆေးခြောက်သုံးစွဲ ခြင်း ကြောင့် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံးဖြစ်ရန် လိုအပ်သည့်ဥပဒေများ ချမှတ်ပြီးသည့်အချိန်ထိ တရားဝင်ခွင့်ပြုမှုကို ချက်ချင်းဆိုင်းငံ့ထားရန်နှင့် ဆေးခြောက်ကို စနစ်တကျအကျိုးရှိစွာ သုံးတတ်စေရေး လုပ်ဆောင်ပေးရန် အစိုးရကို ဆရာဝန်များက တောင်းဆိုထားသည်။

ဗီဒီယိုများ