အေအေတွင် အဘယ်ကြောင့် အမျိုးသမီးတပ်ဖွဲ့ဝင် အများအပြားရှိနေသနည်း

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ တောင်ထူထပ်သော နယ်စပ်တစ်နေရာတွင် စစ်ယူနီဖောင်းဝတ်စုံဝတ်ထားသော အမျိုးသမီး ဒါဇင်ပေါင်းများစွာသည် အချို့က ရိုင်ဖယ်သေနတ်များ ကိုင်လျက် စစ်ချီသီချင်းဆိုကာ ပုံစံကျ ချီတက်နေကြသည်။

By စောသန္တာအေး 07 Dec 2020

(ဓာတ်ပုံ - The New Humanitarian)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ တောင်ထူထပ်သော နယ်စပ်တစ်နေရာတွင် စစ်ယူနီဖောင်းဝတ်စုံဝတ်ထားသော အမျိုးသမီး ဒါဇင်ပေါင်းများစွာသည် အချို့က ရိုင်ဖယ်သေနတ်များ ကိုင်လျက် စစ်ချီသီချင်းဆိုကာ ပုံစံကျ ချီတက်နေကြသည်။

ဤအမျိုးသမီးများသည် ရက္ခိုင့်တပ်တော် (အေအေ) တွင်ဝင်ရောက်ရန် လေ့ကျင့်ရေးဆင်းနေကြခြင်း ဖြစ်သည်။ အေအေသည် မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေကြသည့် လူနည်းစု တိုင်းရင်းသားအုပ်စုများအနက် တစ်ခုဖြစ်သည်။

မြန်မာ့လက်နက်ကိုင်အဖွဲ့များတွင် အမျိုးသမီး တပ်ဖွဲ့ဝင်များသည် မရှားလှပေ။ သို့သော်လည်း အေအေတွင်မူ အမျိုးအမီးအရေအတွက်မှာ သိသိသာသာ မြင့်တက်လာနေသည်။ ဤအချက်သည် ရခိုင်လူထု၏ ထောက်ခံအားပေးမှုကို ပိုမိုရရှိစေသည်။ အေအေသည် မြန်မာနိုင်ငံတွင် နောက်ဆုံးပေါ်ထွက်လာသော လက်နက်ကိုင်တော်လှန်ရေး တစ်ဖွဲ့ဖြစ်သလို တိုက်ရည်ခိုက်ရည် အားကောင်းသည်။ ၂၀၁၈ ခုနှစ်တည်းက အေအေနှင့် မြန်မာစစ်တပ်အကြား ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂၃၀၀၀၀ ရှိနေပြီဖြစ်သည်။

ရခိုင်တွင် အကြမ်းဖက်မှုများနှင့် မြန်မာစစ်တပ်၏ နှိပ်စက်ညှဉ်းပမ်းမှုများ မြင့်တက်လာနေပြီး ရခိုင်ပြည်၏ ဆင်းရဲမွဲတေမှုကြောင့် အလုပ်အကိုင် ရှားပါးခြင်းသည်လည်း အမျိုးသမီးများ အေအေသို့ ဝင်ရောက်အောင် တွန်းအားပေးသကဲ့သို့ ဖြစ်နေကြောင်း အရပ်ဖက်အဖွဲ့အစည်းများ၏ ပြောကြားချက်များအရ သိရသည်။

“တိုက်ပွဲရဲ့ဒဏ်ကို အမျိုးသမီးနဲ့ ကလေးငယ်တွေ အများဆုံးခံရတယ်။ လုံခြုံစိတ်ချရမှုမရှိတဲ့ စစ်ရှောင်စခန်းတွေမှာ ရုပ်ပိုင်း စိတ်ပိုင်း လုံခြုံမှုမရှိဘဲ နေထိုင်နေရသူတွေ ထောင်သောင်းချီ ရှိနေတယ်” ဟု အကြမ်းဖက်ခံရသူများအား ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်အမျိုးသမီးကွန်ရက်မှ ဒေါ်ညိုအေးက ပြောကြားသည်။

“အလုပ်လက်မဲ့ဖြစ်မှုနဲ့ အလွန်အမင်း ဆင်းရဲမွဲတေမှုက အမျိုးသမီးတွေ လက်နက်ကိုင်တပ်ထဲ ဝင်ရောက်အောင် တွန်းအားပေးနေတာ အံ့သြစရာတော့မရှိပါဘူး” ဟု သူကဆိုသည်။

လေ့လာသူများနှင့် အမျိုးသမီးတပ်ဖွဲ့ဝင်အချို့၏ ပြောကြားချက်များအရ မြန်မာ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၌ အမျိုးသမီးများသည် ခေါင်းဆောင်နေရာများရယူကာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ၌ ပါဝင် ပြောကြားနိုင်သည့် အရည်အချင်း ရှိသော်လည်း အရေးမပါသော နေရာများသာ ရလေ့ရှိသည်ဟု ဆိုကြသည်။ အချို့ကမူ အမျိုးသမီးများအား တပ်သားအဖြစ်စုဆောင်းခြင်းသည် လက်နက်ကိုင်တပ်ဖွဲ့ တစ်ခု၏ ထင်ပေါ်ကျော်ကြားမှုအတွက် ဝါဒဖြန့်ချိရုံသက်သက်အဖြစ် ယူဆကြသည်။ အထူးသဖြင့် စစ်ရေးပြအခမ်းအနားများနှင့် နှစ်ပတ်လည်နေ့များတွင် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အမျိုးသမီးတပ်ဖွဲ့ဝင် အရေအတွက် မြင့်တက်လာခြင်းသည် ပဋိပက္ခများ၊ နှစ်ပေါင်းများစွာ ချောင်ထိုးခံထားရခြင်းများကြောင့် ပေါ်ပေါက်လာသည့် မကျေနပ်မှုများ မြင့်တက်လာသည့် လက္ခဏာတစ်ရပ်လည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူများစုတိုင်းရင်းသား ဗမာများကြီးစိုးသည့် နိုင်ငံရေးစနစ်အောက်တွင် လှုပ်ရှားခြင်းထက် လက်နက်ကိုင်လမ်းစဉ်သည်သာ အပြောင်းအလဲတစ်ရပ်ကို ဖော်ဆောင်နိုင်ခြေပိုများသည် ဟူသည့် ယုံကြည်မှုများလည်း ရခိုင်လူထုအကြား၌ တစ်နေ့တစ်ခြား မြင့်တက်လာနေသည်ဟု ပြည်တွင်း အရပ်ဘက်အုပ်စုများက ပြောကြသည်။ နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲတွင်ဆိုလျှင် ရခိုင်ရှိ နေရာအများအပြားနှင့် အခြား ပဋိပက္ခဖြစ်ပွားရာ ဧရိယာများတွင် ရွေးကောက်ပွဲ မကျင်းပခဲ့ပေ။ ဤဖြစ်ရပ်ကြောင့် တင်းမာမှုများ မြင့်တက်လာနိုင်သလို ပဋိပက္ခများကို မီးလောင်ရာလေပင့် ဖြစ်စေနိုင်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက သတိပေးထားသည်။

ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဌ ဒေါ်စောစံငြိမ်းသူကမူ အေအေတပ်ဖွဲ့သို့ အမျိုးသမီးများ ပိုမိုဝင်ရောက်နေခြင်းသည် ပဋိပက္ခများအတွင်း သူတို့၏ မိသားစုဝင်များ အသတ်ခံရသည်ကို မျက်မြင်တွေ့ရှိရမှု သို့မဟုတ် စစ်ဘေးရှောင်စခန်းများတွင် ဆင်းရဲဒုက္ခများ ကြုံနေရမှုကြောင့်ဟု ယူဆသည်။

“ရခိုင်မှာ အမျိုးသမီးငယ်အများအပြားဟာ ပဋိပက္ခရဲ့ ရိုက်ခတ်မှုကြောင့် သူတို့ရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ ခံစားနေရတာကို မြင်ရတာ ဒါမှမဟုတ် လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရမှုတွေ ကြုံတွေ့ခဲ့ရတာတွေရှိတယ်” ဟု စောစံငြိမ်းသူက ပြောကြားသည်။

“ပဋိပက္ခတွေဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ နေ့တိုင်းရှိနေတဲ့ ဒေသတွေမှာ နေရတော့ သူတို့စိတ်ထဲမှာ မလုံခြုံဘူးလို့ ခံစားရတာပေါ့။ ဒါကြောင့် သူတို့ကိုယ်သူတို့ ကာကွယ်ဖို့နဲ့ နိုင်ငံသားအခွင့်အရေးအတွက် တိုက်ပွဲဝင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေထဲကို ဝင်သွားကြတာ” ဟု သူကဆိုသည်။

အသက် ၂၁ နှစ်အရွယ် သဇင်ထွေးတစ်ယောက် အေအေတပ်ထဲသို့ ဝင်ရောက်ရန် ဆန္ဒဖြစ်သွားပုံမှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။

“စစ်တပ်က လက်နက်ကြီးတွေသုံးပြီး ရွာတွေထဲကို ပရမ်းပတာပစ်တယ်။ အရပ်သားတွေကို တမင်တကာ သတ်ဖြတ်တာ၊ ရွာသားတွေကိုနှိပ်စက်တာတွေ လုပ်တယ်” ဟု သဇင်ထွေးက ဆိုသည်။

“ကျွန်မရဲ့စိတ်ထဲမှာ ကိုယ့်ရွာမှာကိုယ်နေရတာ လုံခြုံတယ်လို့ မခံစားမိတော့လို့ ကျွန်မတို့ရဲ့ လက်နက်ကိုင်အဖွဲ့ထဲကို ဝင်တာ။ ကျွန်မကိုယ်တိုင်နဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေကို ကာကွယ်ပေးချင်တယ်” ဟု သူက ပြောသည်။

အရပ်သားသေဆုံးမှု မြင့်တက်လာ

အေအေက ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲနေသော နေရာသည် ရခိုင်ပြည်တွင်ဖြစ်သော်လည်း အေအေဌာနချုပ်မှာ ရခိုင်နှင့် ကီလိုမီတာ ရာပေါင်းများစွာကွာဝေးသည့် တရုတ်-မြန်မာ နယ်စပ်အနီး တောင်တန်းများပေါ်တွင် ရှိသည်။ အေအေသည် သီးခြားနောက်တစ်နေရာတွင် မြန်မာစစ်တပ်ကို လက်နက်ကိုင်ရင်ဆိုင်နေသည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် မိတ်ဘက်အဖွဲ့အစည်းဖြစ်သည်။

သဇင်ထွေးသည် ပြီးခဲ့သောနှစ်က သူမ၏ဇာတိ ရခိုင်ပြည်အလယ်ပိုင်း ပေါက်တောမြို့မှ မြန်မာပြည်မြောက်ပိုင်း နယ်စပ်အထိ ရက်ပေါင်းများစွာကြာအောင် ခရီးနှင် ထွက်ခွာလာခဲ့သည်။ ထို့နောက်တွင် အခြားသော ရခိုင်အမျိုးသမီးငယ် ရာပေါင်းများစွာနှင့်အတူ အေအေတွင် တပ်ဖွဲ့ဝင်အဖြစ် သင်တန်းတက်ရောက်ခဲ့သည်။

သူမနှင့် အခြားတပ်သားများ၏ နေ့စဉ် တိုက်ပွဲဝင်လေ့ကျင့်ခန်းများတွင် ကတုပ်ကျင်းများတစ်လျှောက် ဝမ်းလျားမှောက်တွားသွားခြင်း၊ ကြိုးတွယ်တက်ခြင်းနှင့် လက်နက်ကိုင်လေ့ကျင့်ခြင်းများ ပါဝင်သည်။

ပြီးခဲ့သောနှစ်တွင် အေအေဌာနချုပ်သို့ The New Humanitarian အဖွဲ့ ရောက်ရှိခဲ့စဉ်က သဇင်ထွေးတစ်ယောက် ရခိုင်ရှေ့တန်းသို့ ထွက်ခွင့်ရရန် မျှော်လင့်နေသည်။ သို့သော် ကိုဗစ်ကြောင့် ခရီးသွားလာကန့်သတ်ချက်များ ရှိနေသဖြင့် သူမအပါအဝင် အခြားတပ်သားသစ်များသည် ၂၀၂၀ တစ်လျှောက်လုံး သီးသန့်စခန်းတစ်ခုတွင် စတည်းချနေရသည်။

“အရပ်သားတွေ အသတ်ခံရတာ၊ အိုးအိမ်ပစ်ပြီး ထွက်ပြေးနေရတာတွေ မြင်ရတော့ သူတို့အတွက် ဘာမှမလုပ်ပေးနိုင် ဖြစ်နေတာကို ကျွန်မမခံစားနိုင်ဘူး” ဟု သဇင်ထွေးက ပြောကြားသည်။
"ကျွန်မအနေနဲ့ အနည်းဆုံးတော့ ရခိုင်လူထုအတွက် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေးကို ကူညီပေးနိုင်မှာပေါ့” ဟု သူကဆိုသည်။

ရက္ခိုင့်တပ်တော် (အေအေ) ကို လွန်ခဲ့သောဆယ်စုနှစ်တစ်ခုက ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်များအနက် တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ တန်းတူညီမျှခွင့်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တို့အတွက် တောင်းဆိုလှုပ်ရှားလျက်ရှိသည်။

“ကျွန်တော်တို့ရဲ့ လွတ်လပ်ခွင့်နဲ့ ရခိုင်လူထုရဲ့ အနာဂတ်ကို ကာကွယ်ပေးနိုင်ဖို့ ကျွန်တော်တို့ပြည်နယ်နဲ့ ကျွန်တော်တို့ရဲ့ လူထုအတွက် ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရရှိအောင် တိုက်ပွဲဝင်နေတာဖြစ်တယ်” ဟု အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

သို့သော်လည်း ပဋိပက္ခများ အရှိန်မြင့်လာသည့် ၂၀၁၈ နှောင်းပိုင်းမှစတင်၍ သေဆုံးမှုအရေအတွက်မှာ သိသိသာသာ မြင်တက်လာခဲ့သည်။ အရပ်သားများသည် နှစ်ဘက်တိုက်ပွဲအကြား ပိတ်မှုမှုများရှိသလို စစ်တပ်က တိုက်ရိုက်ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုဒဏ် ခံရသည်လည်း ရှိသည်။ ယခုနှစ်တွင် အရပ်သားနေရာများသို့ လက်နက်ကြီးပစ်ခတ်ခံရမှုနှင့် လေကြောင်း တိုက်ခိုက်ခံရမှုများသည် ပြီးခဲ့သည့်နှစ်ထက် နှစ်ဆ မြင့်တက်လာကြောင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာနေရာများနှင့် ဖြစ်ပွားသည့် အချက်အလက်များကို လေ့လာမှုအရ သိရသည်။

(ဓာတ်ပုံ - The New Humanitarian)

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့များက မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှု ကျူးလွန်မှုများရှိကြောင်း စွပ်စွဲထားသလို အရပ်သားများကို အန္တရာယ်ကြုံစေမှုများ အတွက်လည်း အေအေကို ပြစ်တင်ရှုတ်ချထားသည်။

ပဋိပက္ခအတွင်း အကူအညီများပေးနေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံးက ထောင်သောင်းချီသော စစ်ဘေးရှောင်များသည် အစားအစာ၊ ရေနှင့် အကာအကွယ်များကို အနည်းအကျဉ်းသာ ရရှိနေကြသည်ဟု ဆိုသည်။ အစိုးရ၏ ကန့်သတ်ချက်များကြောင့် စစ်ရှောင်စခန်းစုစုပေါင်း၏ စားနပ်ရိက္ခာလိုအပ်ချက်များ၏ သုံးပုံတစ်ပုံခန့်သာ ပေးပို့နိုင်ကြောင်း ကုလသမဂ္ဂက ပြောကြားသည်။ ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံး ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို ရင်ဆိုင်နေရချိန်၌ ယခုကဲ့သို့ အခက်အခဲများပါ ကြုံနေရခြင်းဖြစ်သည်။

“ပြည်သူတွေက အသက်လုပြီးပြေးနေရတာဆိုတော့ ခုချိန်မှာ ကိုဗစ်-၁၉ ထက် တပ်မတော်ရဲ့ထိုးစစ်ကို ပိုကြောက်နေကြရတယ်” ဟု ရခိုင်နိုင်ငံရေးသမား ဒေါ်ထုမေက ဆိုသည်။

အမျိုးသမီးများ နှိမ့်ချဆက်ဆံခံရမှု

လက်နက်ကိုင်အုပ်စုများက သူတို့အဖွဲ့များတွင် အမျိုးသမီးများ ပါဝင်မှုကို လူသိရှင်ကြား ပြသနေသော်လည်း အမျိုးသမီးတပ်သားများသည် ရာထူးအဆင့် မညီမျှမှုများ ကြုံနေရဆဲ ဖြစ်သည်။

အမျိုးသမီးများသည် ရှေ့တန်းစစ်မြေပြင်ထက် စီမံခန့်ခွဲရေးပိုင်းတွင် ပိုတာဝန်ပေးခံရလေ့ရှိသည်။ ထိုနေရာများတွင်လည်း အဆင့်မြင့်ရာထူးရခြင်း သို့မဟုတ် အမျိုးသားများထက် လုပ်ပိုင်ခွင့်ပိုရခြင်းမျိုး မရှိသလောက်ရှားသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ တပ်ကြပ်တစ်ဦးဖြစ်သူ လင်းလက်ကြယ်စင်က ပြောသည်။

“ကျွန်မရင်ဆိုင်ရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုက ဘယ်လောက်ပဲ ကြိုးစားကြိုးစား အမျိုးသမီးဖြစ်နေတော့ ကျွန်မရဲ့လုပ်နိုင်အားကို အစွမ်းကုန်အသုံးချခွင့်မရဘူး” ဟု လင်းလက်ကြယ်စင်က TNH ကို ဖုန်းဖြင့်ဖြေကြားသည်။

“လက်နက်ကိုင်တပ်ဖွဲ့ထဲမှာ ကျွန်မ ယောကျ်ားတွေနဲ့တန်းတူ ပြင်းပြင်းထန်ထန် အလုပ်လုပ်တာပဲ။ ဒါပေမဲ့ ဘယ်လောက်ပဲပိုကြိုးစားပါစေ ယောက်ျားတွေပဲ ပိုမြန်မြန် ရာထူးတိုးသွားတာချည်းပဲ” ဟု သူကဆိုသည်။

နော်ဝေအခြေစိုက် အော်စလို ငြိမ်ချမ်းရေးသုတေသန အင်စတီကျူ့ (PRIO) သည်လည်း တိုင်းရင်းသားလက်နက်ကိုင် အုပ်စု သုံးလေးခုရှိ အမျိုးသမီးတပ်သားများနှင့် အင်တာဗျူးများ ပြုလုပ်ရာတွင် အလားတူအချက်များ တွေ့ရှိခဲ့သည်။ တပ်တွင်းသို့ ဝင်ရောက်လာသည့် အမျိုးသမီးအများအပြားသည် တိုက်ပွဲဝင်ရန်နှင့် ရာထူးအဆင့်များ တိုးမြှင့်ရရှိရန် မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း တိုက်ပွဲမဝင်ရသည့် အရေးမပါလှသော ရာထူးများသာ ရလေ့ရှိကြပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ရာထူးများ မရသလောက်သာဖြစ်ကြောင်း အင်တာဗျူးဖြေသူများက ပြောကြသည်။

တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၇ ထောင်ခန့်ရှိမည်ဟု ခန့်မှန်းရသည့် အေအေအဖွဲ့တွင် အမျိုးသမီးတပ်ဖွဲ့ဝင် အရေအတွက် မည်မျှရှိသည်ကို အဖွဲ့၏ သတင်းထုတ်ပြန်ရေးဌာနက အတည်မပြုပေ။ အမျိုးသမီးတပ်ဖွဲ့ဝင်များသည် များသောအားဖြင့် ဆေးဝါးကုသရေးတာဝန် သို့မဟုတ် စီမံခန့်ခွဲရေးနှင့် စာရင်းကိုင်နေရာများတွင် ကူညီပေးရန် သင်ကြားရသော်လည်း တိုက်ခိုက်ရေးလေ့ကျင့်ခန်းများပါ လေ့ကျင့်ရသည်။

သို့သော် ၂၀၁၆ နောက်ပိုင်း ပြတ်တောင်းပြတ်တောင်း ရှိနေခဲ့သည့် တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်မူ တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ အမျိုးသမီးများ ပါဝင်မှုပမာဏသည် အမျိုးသားကြီးစိုးမှုများသည့် မြန်မာစစ်တပ်ထက်တော့ ပိုများသည်ဟု PRIO အစီရင်ခံစာတွင် မှတ်ချက်ပေးထားသည်။ ဤငြိမ်ချမ်းရေးဆွေးနွေးပွဲများ၌ ဆွေးနွေးသူများတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရန် ရည်မှန်းထားသည်။ မည်သည့်ဆွေးနွေးပွဲ သို့မဟုတ် ကော်မတီများကမှ ဤရည်မှန်းချက် ပြည့်မီအောင် မဆောင်ရွက်နိုင်သေးပေ။

“မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနယ်ပယ်၌ အမျိုးသမီးများ၏ လုပ်နိုင်အားကို လျှော့တွက်ထားကြဆဲ ဖြစ်သည်” ဟု PRIO အစီရင်ခံစာတွင် သုံးသပ်ထားသည်။

လက်နက်ကိုင်တပ်ဖွဲ့သို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့သော အမျိုးသမီးများသည် တိုက်ပွဲများ၊ ရာထူးအမြင့်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း တန်းတူညီမျှ ပါဝင်ခွင့်ရသင့်သည်ဟု လင်းလက်ကြယ်စင်က ဆိုသည်။

“နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးများရဲ့ ပါဝင်မှုနဲ့ သူတို့အသံတွေရဲ့ အရေးပါမှုကို မျက်ကွယ်ပြုထားတာဟာ လက်နက်ကိုင်တပ်ဖွဲ့ အားလုံအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ရပ်ပဲ” ဟု သူမက ဆိုသည်။

“လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ အမျိုးသမီးတွေရဲ့ အသံတွေ ပါဝင်ထုတ်ဖော်ခွင့်မရဘူး ဆိုရင် တန်းတူညီမျှတဲ့ ဒါမှမဟုတ် ရေရှည်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်မယ်လို့ ကျွန်မတော့မထင်ဘူး” ဟု သူမက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်သည် လက်ရှိခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲတွင် အာဏာရပြီး ပြန်လည်သင့်မြတ်ရေးကို ဦးစားပေးခဲ့သည့် အချိန်မှစတင်ကာ ဝေလည်လည်ဖြစ်နေခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲတွင် ရခိုင်အပါအဝင် ဒေသအချို့တွင် တိုင်းရင်းသားပါတီငယ်များ အမတ်နေရာအချို့ ရခဲ့သော်လည်း သူမ၏ပါတီပင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။

လတ်တလောတွင် အေအေနှင့် စစ်ရေးပဋိပက္ခသည်လည်း ရခိုင်နှင့် ချင်းပြည်နယ်များ၌ ပိုမိုဆိုးဝါးလာနေသည်။ ဇွန်လအတွင်း အေအေနှင့် စစ်ရေးမဟာမိတ် အုပ်စုများဘက်က အပစ်ရပ်ရန် ကမ်းလှမ်းခဲ့သော်လည်း တပ်မတော်ဘက်က ပယ်ချခဲ့သည်။ ရှေ့ပိုင်း၌ အစိုးရသည် အေအေအား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ချန်လှပ်ထားခဲ့သည်။

အေအေတပ်သားသစ် သဇင်ထွေးတစ်ယောက်ကတော့ ကိုဗစ်ကပ်ဘေးကြီး ပြီးဆုံးမည့်အချိန်ကို စောင့်မျှော်နေသည်။ ထိုအချိန်ကျလျှင် ရှေ့တန်းထွက်ပြီး ပဋိပက္ခအတွင်း သူမ၏ ကိုယ်ပိုင်အခန်းကဏ္ဍ စတင်တော့မည်ဟု ယုံကြည်ထားသည်။

“ကျွန်မ ရှေ့တန်းထွက်ပြီး စစ်တပ်ကို တိုက်ချင်တယ်” ဟု သူမက ဆိုလေသည်။

စောသန္တာအေး
(The New Humanitarian ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည့် “Why more women are joining Myanmar’s Arakan Army insurgency” ဆောင်းပါးကို မြန်မာပြန်ဆိုပါသည်။)

ဆက်စပ်ဖတ်ရှုရန် -

ဗီဒီယိုများ