မြန်မာနိုင်ငံ၏အိမ်နီးချင်းများက စစ်ကောင်စီကို ဘေးဖယ်ထားရတော့မည့်အချိန်

ကျရှုံးနေသည့် စစ်အာဏာရှင်စနစ်ကို ဆက်ပြီးကျားကန်ပေးနေမည့်အစား တော်လှန်ရေးအပေါ် အားပေးကူညီရန်နှင့် မြန်မာလူထု၏ စိတ်နှလုံးကို သိမ်းသွင်းအနိုင်ယူဖို့လိုသည်။

By Admin 06 Mar 2023

အာဏာသိမ်းကာလအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဗဟိုဘဏ်အပြင်ဘက်ရှိ စစ်ယာဉ်တစ်စီးတွင် ဆန္ဒပြသူများ ကပ်သွားသောစာတန်းကို မြန်မာစစ်သားတစ်ဦးက ကြည့်ရှုနေစဉ်။ ဓာတ်ပုံ - Reuters
အာဏာသိမ်းကာလအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဗဟိုဘဏ်အပြင်ဘက်ရှိ စစ်ယာဉ်တစ်စီးတွင် ဆန္ဒပြသူများ ကပ်သွားသောစာတန်းကို မြန်မာစစ်သားတစ်ဦးက ကြည့်ရှုနေစဉ်။ ဓာတ်ပုံ - Reuters

DMG (ဘာသာပြန်ဆောင်းပါး)

မြန်မာနိုင်ငံ၏ အကျပ်အတည်းများနှင့်ပတ်သက်ပြီး နိုင်ငံရေးအဖြေ မျှော်လင့်နေသေးသည့် မည်သူ့ကိုမဆို မေးစရာရှိသော မေးခွန်းတစ်ခုက စစ်အာဏာရှင်များအနေဖြင့် ၎င်းတို့ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး တာဝန်ခံဖို့ ဆန္ဒရှိသလားဆိုသည်ပင်။ ၎င်းတို့ကျူးလွန်ခဲ့သော ထပ်ခါထပ်ခါကျူးလွန်မှုများအတွက် တိကျသေချာသောအဖြေက "မရှိဘူး" ဟူ၍သာဖြစ်သည်။ သို့သော် အမျိုးသမီးများနှင့် ကလေးများအား အရှင်လတ်လတ်မီးရှို့ခြင်းများ အပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့သောပြစ်မှုများအတွက် တာဝန်ခံမှုမရှိဘဲ တိုင်းပြည်၏ ပဋိပက္ခအတွက် နိုင်ငံရေးအရဖြေရှင်းချက် မရှိနိုင်ပေ။

ထိုအချက်အား မြန်မာပြည်သူများက အာဏာသိမ်းအပြီး အစောပိုင်းကာလများကပင် လက်ခံထားကြပြီးဖြစ်ကာ လက်နက်ကိုင်တော်လှန်ရေး လမ်းကြောင်းပေါ်သို့ စစ်အုပ်စု၏ အတင်းအကြပ်တွန်းပို့ခြင်း ခံခဲ့ကြရလေသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ကြီးမားများပြားသော ဆုံးရှုံးမှုများကြောင့် ပြင်းထန်တက်ကြွသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ပြည့်သူ့တော်လှန်ရေးတပ်ဖွဲ့များ ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက နေပြည်တော်ဗိုလ်ချုပ်များ အလျှော့ပေးအညံ့ခံ၍ ၁၉၆၂ ခုနှစ်ကတည်းကစပြီး အကြိမ်ကြိမ်အခါခါ ရယူထားခဲ့သော နိုင်ငံရေးအာဏာမှ စစ်တပ်ကို လုံးဝဖယ်ရှားပစ်နိုင်မည့် အချိန်ထိတိုင် ဆက်ပြီးတွန်းလှန် တိုက်ခိုက်သွားကြရန် စိတ်ပိုင်းဖြတ် ထားပြီးလည်း ဖြစ်လေသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စိတ်ဓာတ်ကျဆင်းလာနေမှုနှင့်အတူ ကြီးထွားလာနေသော အမိန့်မနာခံမှု၊ ထိရောက်မှုမရှိသည့် အဖွဲ့တွင်းအုပ်ချုပ်ရေးစနစ်နှင့် အားကောင်းသော အကျင့်ပျက်ခြစားမှုတို့ ပေါင်းစပ်ထားသောစစ်တပ် အနေဖြင့် အတိုက်အခံတို့အား တိုက်ခိုက်ရာတွင် အကျပ်အတည်းများနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ ၎င်းအတွက်ရလဒ်မှာ စစ်မြေပြင်တွင် အရှက်ရဖွယ်ကောင်းသော ဆုံးရှုံးရမှုများ အဆက်မပြတ် ဖြစ်လာခဲ့သည်။ နယ်မြေထိန်းချုပ်မှု မြန်မြန်ဆန်ဆန် ဆုံးရှုုံးသွားခြင်းများနှင့်အတူ စစ်တပ်က ကျောထောက်နောက်ခံပေးထားသော ပါတီများ အောင်ပွဲ ပြန်လည်ရရှိရန် လုပ်ကြံဖန်တီးထားသော ရွေးကောက်ပွဲများသည်လည်း အဓိပ္ပါယ်မဲ့သွားလိမ့်မည်သာ ဖြစ်သည်။ မိမိကိုယ်မိမိ အာဏာပိုင်အဖြစ် ကြေညာချက်ထုတ်ပြီး အုပ်ချုပ်နေကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးဖို့ အာမခံချက်မရှိတော့သော တိုင်းပြည်တစ်ခုမှာ ကျိုးကြောင်းဆင်ခြင်မှုရှိသော မည်သည့်နိုင်ငံခြားအစိုးရ သို့မဟုတ် ကုမ္ပဏီများကမှ ကိုယ်ကျင့်တရားဆိုင်ရာ မေးခွန်းများကို ဖြေဆိုဖို့ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ လာရောက် ရင်းနှီးမြှုပ်နှံကြမည်မဟုတ်ပေ။ ထို့အပြင် ကုလသမဂ္ဂရှိ မြန်မာနိုင်ငံနေရာတွင် ဒီမိုကရေစီလိုလားသော ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်ပြီးတာဝန်ယူထားစဉ် ကာလအတွင်း နိုင်ငံတကာဥပဒေအရ စစ်အုပ်စုတရားဝင်မှုရဖို့ ဆိုသည်က မျှော်လင့်ချက်မရှိပေ။

အရှင်းလင်းဆုံးပြောရမည်ဆိုလျှင် စစ်အာဏာရှင်အုပ်စုသည် ကျရှုံးလျက်ရှိနေပေသည်။ အာဏာသိမ်းပြီး ၂ နှစ်ကျော် ကြာလာသည်အခါ စစ်ကောင်စီသည် အာဏာကို လက်ဆုပ်လက်ကိုင် ပြုထားနိုင်ရေးအတွက် တိုက်ခိုက်နေရခြင်းမှ ဆက်လက်ရပ်တည်နိုင်ရန်အတွက် တိုက်ခိုက်နေရခြင်းဆီသို့ ပြောင်းလဲသွားခဲ့ရသည်။ လက်ရှိအချိန်မှာတော့ နိုင်ငံများ အထူးအားဖြင့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် စစ်အုပ်ချုပ်ရေးကာလ နောက်ပိုင်း မြန်မာနိုင်ငံရှိ ၎င်းတို့နိုင်ငံ၏ အကျိုးစီးပွားများကို အကာအကွယ်ပေးနိုင်ဖို့ လုပ်ဆောင်ကြရပေတော့မည်။
အထူးသဖြင့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့က မြန်မာနိုင်ငံနှင့် အပြန်အလှန် မှီခိုနေရသော ရှုပ်ထွေးသောဆက်ဆံရေးများ ရှိနေကြသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ၎င်းနိုင်ငံများသည် တော်လှန်ရေးဘက်မှ အနိုင်ရရှိဖို့ အရှိန်မြှင့် ပေးနေသောနိုင်ငံများလည်း ဖြစ်နေကြပါသည်။

စစ်အုပ်ချုပ်ရေးခေတ်အလွန်တွင် မြန်မာပြည်သူလူထုထောက်ခံမှုအပေါ် အခြေခံသော မူဝါဒများကို အကောင်အထည် ဖော်လာကြပေလိမ့်မည်။ စာချုပ်တွင်ပါဝင်သော တာဝန်ဝတ္တရားများက မည်သို့ပင်ရှိနေစေကာမူ လူထူ ထောက်ခံမှုမရှိသော အဓိကရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များအနေဖြင့် ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ကြရပေလိမ့်မည်။ စစ်ကောင်စီခေတ်လွန် ကာလတွင် နိုင်ငံတစ်နိုင်ငံချင်းစီအတွက် နှစ်နိုင်ငံဆက်ဆံရေး၏ အဆင့်နေရာကို နွေဦးတော်လှန်ရေးကာလအတွင်း ကူညီပေးခဲ့သောအဆင့်နှင့် သဘောသဘာဝတို့အရ သတ်မှတ်ပေလိမ့်မည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ ယခုဆောင်ရွက်ရမည့်ကိစ္စက တော်လှန်ရေးဘက် မျက်နှာမူပြီး အင်အားချိန်ခွင် လျှာပြောင်းလာအောင် အထောက်အကူပေးခြင်းအားဖြင့် လူထုထောက်ခံမှုရယူရန် ဖြစ်ပေသည်။ ထိုသို့သာ မဆောင်ရွက်ခဲ့ကြပါမူ အထူးအားဖြင့် အရန်ငွေကြေးဒေါ်လာငွေများအား ပြန်လာရယူပေးနိုင်သော ကဏ္ဍများနှင့် တော်လှန်ရေးအတွက် ရက်ရက်ရောရော ထောက်ခံပံ့ပိုးပေးခဲ့ကြသော နိုင်ငံများကိုသာ အခွင့်အရေးပေးလိမ့်မည်ဆိုသည်ကို ၎င်းထောက်ပံ့ခဲ့သောနိုင်ငံများက မျှော်လင့်နိုင်ပါသည်။

■ တရုတ်

တရုတ်အနေဖြင့် မြန်မာစစ်ကောင်စီနှင့် ဆက်ပြီးထိတွေ့ဆက်ဆံနေမှုကို ဝေဖန်ခြင်းက မှန်ကန်ပါသည်။ သို့ရာတွင် ပြီးခဲ့သော ၂၀၂၂ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် မြန်မာစစ်ကောင်စီ၏ ဖိတ်ကြားမှုအား တရုတ်ဘက်က တုန့်ပြန်မှုမရှိ ဆိတ်ဆိတ်နေခဲ့ခြင်းနှင့် မကြာသေးမီက ကုလသမဂ္ဂကောင်စီ၏ ဆုံးဖြတ်ချက်ဖြစ်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးအား ပြန်လွှတ်ပေးရန် တောင်းဆိုသောဆုံးဖြတ်ချက်အား မဲမပေးဘဲ ကြားနေခဲ့ခြင်းတို့ကို ပြသခဲ့သလို ဘေဂျင်း၏ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုအဆင့်က သိသိသာသာ လျော့ကျသွားခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့ဆက်ပြီးရှင်သန်ဖို့ ရုန်းကန်နေရသည့်အနေအထား ရောက်နေပြီဆိုသည်ကို တရုတ်က နားလည် သတိထားရပေလိမ့်မည်။ တရုတ်အနေဖြင့် စစ်အုပ်ချုပ်ရေးအလွန်ကာလ၌ မြန်မာနိုင်ငံတွင် ၎င်း၏ဗျူဟာမြောက် အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်ဖို့ လှုပ်ရှားရပေတော့မည်။ ထို့အတွက်လည်း အန္တရာယ်များစွာ ရှိနေသည့်အပြင် မလက္ကာရေလက်ကြားကို ဖြတ်ကျော်သွားလာနေရသည့် မဟာဗျုဟာမြောက် အန္တရာယ်ရှိမှုတို့ကို လျှော့ချပေးပြီး တရုတ်နိုင်ငံကို အိန္ဒိယသမုဒ္ဒရာသို့ လက်လှမ်းမီဝင်ရောက်ခွင့်ပေးမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ထိုတစ်နေရာတည်းမှပင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းများကို ဖြတ်သန်းပြီး ယူနန်ပြည်နယ် တွင်းသို့ သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ၊ ရထားလမ်းများ၊ အဓိကကျသော သံဖြူနှင့် ကြေးနီးသတ္တုတင်သွင်းမှုများ၊ တရုတ်နိုင်ငံ၏ အီလက်ထရောနစ် လူသုံးကုန်များနှင့် ကာကွယ်ရေးစက်မှုလုပ်ငန်း များအတွက် အရေးကြီးသော မြေရှားသတ္တု စသည်တို့အတွက်လည်း အန္တရာယ်များစွာ ရှိနေပါသည်။

သို့သော်လည်း လူထုအပေါ်ထားရှိသော တရုတ်နိုင်ငံ၏ သဘောထားက ဆက်ပြီးဆိုးရွားနေခဲ့ပါမူ နွေဦးကာလ အတွင်း ခြံစည်းရိုးခွထိုင်ခဲ့သော အဆိုပါ အင်အားကြီးအိမ်နီးချင်းအနေဖြင့် ဒေါသထွက်နေသော လူထုနှင့်သာ ရင်ဆိုင်ရပေတော့မည်။

ပထမအချက်က တရုတ်သည် အကြီးတန်းအဆင့်တွင် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုများအား ရပ်တန့်ပစ်သင့်ပါသည်။ ဒုတိယအချက်မှာ မြန်မာလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီဖြစ်သော စိတ်ခံစားချက်က တော်လှန်ရေးကို နှိမ်နင်းရန်အတွက် လက်နက်နှင့်နည်းပညာများအား စစ်ကောင်စီကို ထောက်ပံ့ပေးနေခြင်းဖြစ်သည်။ အထူးအားဖြင့် ယူကရိန်းကျူးကျော်မှု ပြီးကတည်းက တရုတ်အပေါ် အကြီးအကျယ်မှီခိုနေရသော ရုရှားက တရုတ်၏ အိမ်နောက်ဖေးဟု ယူဆထားသော နိုင်ငံတစ်နိုင်ငံတွင် တရုတ်နှင့်ပူးပေါင်းပြီး လုပ်ကြံနေကြသည်ဟု သဘာဝကျကျပင် မြန်မာလူထုက ယူဆထားကြသည်။ အန္တရာယ်ရှိသောစစ်ကောင်စီနှင့် ဆက်ဆံရေးကို ရပ်တန့်ဖို့ ရုရှားကို တရုတ်က စည်းရုံးရပေလိမ့်မည်။ နောက်ဆုံးအနေဖြင့် နယ်စပ်ဖြတ်ကျော်ပြီး တော်လှန်ရေးအင်အားစုများထံ လက်နက် ရောင်းချခြင်းနှင့် ပေးအပ်များအား အရှိန်မြှင့်ဆောင်ရွက်သင့်သည်။ ထို့သို့ဆောင်ရွက်ခဲ့ပါက မြန်မာလူထုထံမှ အရေးကြီးသောအမှတ်များ ရရှိလာမည်ဖြစ်ပြီး တော်လှန်ရေးအောင်ပွဲအတွက် အရေးတကြီး လိုအပ်နေသော လေကြောင်းကာကွယ်ရေး လက်နက်များကိုပါ တိုးချဲ့ပြီး တော်လှန်ရေးအင်အားစုများကို ပံ့ပိုးပေးသင့်သည်။

■ အိန္ဒိယ

အိန္ဒိယ၏ စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေသော လက်ရှိမူဝါဒက ရှုပ်ထွေးနေပါသည်။ အိန္ဒိယနှင့်မြန်မာ ဆက်ဆံရေးတွင် မြန်မာနယ်စပ်တလျှောက် ခိုအောင်းနေကြသော သောင်းကျန်းသူအဖွဲ့များက အိန္ဒိယစစ်တပ်ကို တိုက်ခိုက် လေ့ရှိကြသည့်အတွက် အိန္ဒိယအရှေ့မြောက်ဒေသ လုံခြုံရေးအတွက် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က မြန်မာအကြီးတန်း သံတမန်တစ်ဦးထံ ယုံကြည်စွာ ရင်ဖွင့်ခဲ့ဖူးလေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း နယ်နိမိတ်ချင်းထိစပ်နေသည့် ချင်းပြည်နယ်မှ တော်လှန်ရေးသမားများကို တိုက်ခိုက်ရန်အတွက် အရှေ့မြောက်ပိုင်းရှိ အိန္ဒိယသောင်းကျန်းသူအဖွဲ့များအား တစ်ဆင့်ခံအဖြစ် စစ်ကောင်စီက အသုံးပြုနေကြောင်း သိရသည်။ သို့သော်လည်း ဆန့်ကျင်ဘက်အကျိုး ဖြစ်စေသောစစ်ကောင်စီနှင့် အိန္ဒိယက တက်ကြွစွာပင် ထိတွေ့ဆက်ဆံနေပါသည်။
နောက်တစ်ချက်အနေဖြင့် အိန္ဒိယ၏ မဖွံ့ဖြိုးသေးသော အရှေ့မြောက်ဖျားဒေသများအတွက် စီးပွားရေးအကျိုး အမြတ်ရရှိရန် ရည်ရွယ်သော ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမတို့ ရှိနေသေးသည်။ တည်ငြိမ်သောနိုင်ငံရေးနှင့် စီးပွားရေးဝန်းကျင်များ မရှိခဲ့ပါက ထိုလမ်းကြောင်းများအတွက် လုံခြုံရေးအာမခံများ ရှိလိမ့်မည်မဟုတ်ပေ။ ဆက်ပြီးရပ်တည်ရန်အတွက် ရုန်းကန်နေရသော စစ်ကောင်စီကလည်း အာမခံချက်ပေးနိုင်မည် မဟုတ်ပေ။

နောက်ဆုံးမှာ စစ်ကောင်စီနှင့်ထိတွေ့ဆက်ဆံမှုများ မှတစ်ဆင့် မြန်မာနိုင်ငံတွင်း တရုတ်ဩဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရန် အိန္ဒိယအနေဖြင့် မျှော်လင့်ထားပေသည်။ စစ်အာဏာရှင်များ အုပ်ချုပ်နေသည့် မြန်မာနိုင်ငံ၌ ဘေဂျင်း၏ ဩဇာလွှမ်းမိုးမှုကို ယှဉ်ပြိုင်နိုင်ဖို့ ဘယ်တုန်းကမျှ လက်တွေ့မမျှော်လင့်နိုင်ခဲ့သဖြင့် ဤအချက်က ကြောင်းကျိုးမတန်သော နည်းပရိယာယ်မျှသာ ဖြစ်ပေသည်။ ထိုအချက်ကို ဆယ်စုနှစ်များစွာကြာ စစ်အုပ်ချုပ်ရေးအောက်၌ ရှိလာခဲ့သော တရုတ်၏ ဘီလီယံနှင့်ချီသော ရင်းနှီးမြှုပ်နှံမှုများက သက်သေပြခဲ့ပြီးဖြစ်သည်။ စစ်ကောင်စီ သို့မဟုတ် တော်လှန်ရေးအင်အားစု မည့်သည့်ဘက်ကို ကျောထောက်နောက်ခံပေးမည်နည်း ဆိုသည်ကို ဆုံးဖြတ်ခြင်းက အိန္ဒိယအတွက် လွယ်ကူသောဆုံးဖြတ်ချက် ဖြစ်သင့်သည်။ သို့သော်လည်း စစ်အုပ်စုနှင့် ဆက်ပြီးထိတွေ့ ဆက်ဆံခြင်းဖြင့် မိမိကိုယ်မိမိကျရှုံးစေမည့် ပေါ်လစီကိုသာ နယူးဒေလီက ဆက်ပြီးကျင့်သုံးနေခဲ့သည်။

စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံနေမှုမှန်သမျှအား အိန္ဒိယက လူသိရှင်ကြား ရပ်တန့်ပစ်သင့်သည်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးမြှင့်သင့်ပြီး စစ်ကောင်စီ၏ နှိပ်စက်မှုကြောင့် ထွက်ပြေးလာကြရသူ များအား ဆက်ပြီးခိုလှုံခွင့်ပေးသင့်သည်။ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းများ ခိုင်မာအားကောင်းသင့်ပြီး တော်လှန်ရေးတပ်ဖွဲ့များအတွက် ရည်ရွယ်သော လက်နက်များကို နယ်စပ်ဖြတ်ကျော်ခွင့်ပြုသင့်သည်။ တကယ်လို့သာ နယူးဒေလီက ရဲရင့်ခဲ့ပါမူ မြန်မာနိုင်ငံတွင်းသို့ လေယာဉ်ပစ်လက်နက်များ ဝင်ရောက်သွားစေရန် ခွင့်ပြုသင့်သည်။ 

နောက်ဆုံးအနေဖြင့် အဖိုးတန်သော ထောက်လှမ်းရေးသတင်း အချက်အလက်များအား တော်လှန်ရေးတပ်ဖွဲ့များထံ ဝေမျှသင့်သည်။ စစ်ကောင်စီနှင့် ဆက်ဆံနေသည်မှာ ဘေဂျင်းသာမဟုတ်ဘဲ ပါကစ္စတန်ကလည်း စစ်ကောင်စီနှင့် စစ်ဘက်ဆက်ဆံရေးများ တိုးမြှင့်နေပြီး လေယာဉ်နှင့်လက်နက် ရောင်းချပေးနေသည့် နိုင်ငံဖြစ်ပေသည်။

■ ထိုင်း

မြန်မာဒုက္ခသည်များအား ထိုင်းနိုင်ငံက လက်ခံထားသော်လည်း အဆင့်မြင့်အစိုးရပိုင်းက စစ်ကောင်စီနှင့် ဆက်ဆံမှုများကြောင့် မြန်မာလူထုက သဘောထားပြောင်းလဲဖြစ်နေသည်။

ထိုင်းနိုင်ငံအတွက် အဓိကအကျိုးစီးပွားမှာ မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့တင်သွင်းမှု ပုံမှန်စီးဆင်းနေစေရန် ထိန်းသိမ်းထားခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ၆၀ ရာခိုင်နှုန်းလောက်က သဘာဝဓာတ်ငွေ့မှ ထုတ်လုပ် ရရှိနေခြင်းဖြစ်သဖြင့် အသားတင်စွမ်းအင် တင်သွင်းမှုဖြစ်သည်။ မြန်မာနိုင်ငံ ရတနာဓာတ်ငွေ့တွင်းမှ တင်သွင်းမှု တစ်ခုတည်းက ထိုင်းနိုင်ငံသဘာဝဓာတ်ငွေ့သုံးစွဲမှု၏ ၁၀ ရာခိုင်နှုန်းရှိသည်။ ထိုင်း၏ အဓိကဓာတ်ငွေ့တွင်း ဖြစ်သည့် ဧရာဝဏ်မှ ပြည်တွင်းသဘာဝဓာတ်ငွေ့ ထွက်ရှိမှု သိသိသာသာ ကျဆင်းလာနေသည်။ ယူကရိန်းစစ်ပွဲကြောင့် သဘာဝဓာတ်ငွေ့ဈေးများ မြင့်တက်နေပြီး ထိုင်းနိုင်ငံအတွက် မြန်မာနိုင်ငံမှ တင်သွင်းမှုကို ဆက်ပြီးလိုအပ်နေသည်။ လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ၁၄ ရာခိုင်နှုန်းမြင့်တက်သွားပြီး ကပ်ရောဂါနောက်ပိုင်း နိုင်ငံ့စီးပွားပြန်ပြီး နလန်ထူရန်ကြိုးပမ်းမှုများ ထိခိုက်ခဲ့ရသည်။ ထို့ပြင် နော်ဝေနိုင်ငံ၏ ဒေါ်လာ ၁ ဒဿမ ၃ ထရီလီယံရှိ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ကလည်း လူအခွင့်အရေးချိုးဖောက်ရန် အန္တရာယ်ရှိမှုကြောင့် ထိုင်းစွမ်းအင်ကုမ္ပဏီ PTT မှ ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းသွားခဲ့သည်။ အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ပိုမိုဖြစ်ပေါ်လာ နိုင်ခြေနှင့်အတူ ဂုဏ်သိက္ခာပိုင်းအရကော ငွေကြေးပိုင်းအရပါ ပိုပြီးအန္တရာယ် များလာခဲ့သည်။

ထိုင်းနိုင်ငံသည်လည်းပဲ စစ်ကောင်စီနှင့်ထိတွေ့ဆက်ဆံမှုများကို လုံးဝရပ်တန့်ပစ်သင့်ပြီး မြန်မာစစ်ကောင်စီအပေါ် ပြစ်တင်ရှုတ်ချသည့်နေရာတွင် ကျန်အာဆီယံနိုင်ငံများနှင့် ပူးပေါင်းကာ ဂုဏ်သိက္ခာနှင့် ငွေကြေးအရ ပိုပြီး အန္တရာယ် များလာခဲ့မှုများကို လျှော့ချရန် စစ်ကောင်စီနှင့်စီးပွားရေးကို သတိကြီးစွာထားသင့်ပြီး နယ်စပ်လုံခြုံရေး ထိန်းသိမ်းနိုင်မှုနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့များကိုလည်း လျှို့ဝှက်ကူညီသင့်သည်။

ကျရှုံးနေသည့် စစ်အာဏာရှင်စနစ်ကို ဆက်ပြီးကျားကန်ပေးနေမည့်အစား တော်လှန်ရေးအပေါ် အားပေးကူညီရန်နှင့် မြန်မာလူထု၏ စိတ်နှလုံးကို သိမ်းသွင်းအနိုင်ယူဖို့လိုသည်။ စစ်အာဏာရှင်စနစ် နောက်ဆုံးပြိုလဲသွားချိန်တွင် ၎င်းတို့၏ ဗျူဟာမြောက်အကျိုးစီးပွားများကို ပိုပြီးကောင်းမွန်စွာ ကာကွယ်နိုင်ရန် အပြိုင်အဆိုင်ဆောင်ရွက်မှုများ လုပ်ဆောင်သင့်ပါသည်။

ဘုန်းမောင်
"The Diplomat" တွင်ဖော်ပြထားသော ဆောင်းပါးရှင် "ဂျော်ဒန် အဲရစ်ဆင်" ၏ "It’s Time for Myanmar’s Neighbors to Sideline the Military" ကို ဆီလျော်အောင်ရေးသားပါသည်။

ဗီဒီယိုများ