စစ်ကောင်စီနှင့် NUG ဆွေးနွေးရန် အချိန်သင့်ပြီဟု အာဆီယံဥက္ကဌ မလေးရှားဝန်ကြီးချုပ်ပြော

မြန်မာစစ်ကောင်စီခေါင်းဆောင်၊ အတိုက်အခံ အဖွဲ့အစည်းများနှင့် သီးခြားဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အသီးအပွင့်များ ရလာပြီဟု မလေးရှားဝန်ကြီးချုပ်က ပြောလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 22 May 2025

အာဆီယံအဖွဲ့၏ လက်ရှိဥက္ကဌ မလေးရှား ဝန်ကြီးချုပ် အန်နဝါအီဗရာဟင်။ ဓာတ်ပုံ - Reuters
အာဆီယံအဖွဲ့၏ လက်ရှိဥက္ကဌ မလေးရှား ဝန်ကြီးချုပ် အန်နဝါအီဗရာဟင်။ ဓာတ်ပုံ - Reuters

မြန်မာစစ်ကောင်စီခေါင်းဆောင်၊ အတိုက်အခံ အဖွဲ့အစည်းများနှင့် သီးခြားဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အသီးအပွင့်များ ရလာပြီဟု မလေးရှားဝန်ကြီးချုပ်က ပြောလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

"ကျွန်တော်တို့ သီးခြားတွေ့ဆုံမှုတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့ချင်း ပြောဆိုဖို့ အချိန်ကျပြီလို့ ကျွန်တော်ထင်ပါတယ်" ဟု ဝန်ကြီးချုပ် အန်နဝါအီဗရာဟင်က မလေးရှားအစိုးရအဖွဲ့ရုံးတွင် မေလ ၂၁ ရက်နေ့၌ သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။ "မြန်မာပြည်သူလူထုအနေနဲ့ ကိုယ်တိုင်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်" ဟု သူကဆိုသည်။

ယခုသတင်းနှင့် ဆက်စပ်ပြီး မှတ်ချက်ပေးရန် ရိုက်တာ သတင်းဌာနက စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်ကို ဆက်သွယ်ခဲ့သော်လည်း တစုံတရာ တုံ့ပြန်ဖြေကြားခြင်း မရှိပေ။

NUG ပြောခွင့်ရ ဦးနေဘုန်းလတ်ကမူ မြန်မာစစ်တပ်က အချက်ခြောက်ချက်ကို သဘောတူလျှင် ဆွေးနွေးရန် အသင့်ရှိသည်ဟု ပြောဆိုသည်။ ၎င်းတို့အနက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်အောက်တွင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းရန်၊ စစ်တပ်က နိုင်ငံရေးမှ ထွက်ခွာရန်၊ အသွင်ကူးပြောင်းရေးကာလ မူဘောင်တစ်ရပ် ဖွဲ့စည်းရန်တို့ ပါဝင်သည်။

ဤတောင်းဆိုချက်များကို စစ်ကောင်စီဘက်က လိုက်လျောရန်မှာ ဖြစ်နိုင်ခြေမရှိလှဟု ရိုက်တာက ဖော်ပြသည်။

သို့သော်လည်း ဝန်ကြီးချုပ် အီဗရာဟင်၏ အားထုတ်မှုဖြင့် စစ်ကောင်စီက ယခုကဲ့သို့ ညှိနှိုင်းဆွေးနွေးမှုအတွက် လိုလားပုံ ပြလာခြင်းသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

ပြီးခဲ့သည့်လက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ခဲ့ပြီး အန်နဝါအီဗရာဟင်နှင့် တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ အန်နဝါသည် နောက်တစ်ရပ်၌ NUG အစိုးရနှင့်ပါ အွန်လိုင်းမှ တွေဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

မလေးရှားသည် အာဆီယံအဖွဲ့ကြီး၏ လက်ရှိဥက္ကဌလည်း ဖြစ်နေသဖြင့် ဝန်ကြီးချုပ် အီဗရာဟင်၏ ပြောဆိုချက်သည် လာမည့် သီတင်းပတ်တွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင်လည်း လွှမ်းမိုးဖွယ်ရှိနေသည်။

အီဗရာဟင်၏ ယခုတိုက်တွန်းချက်သည် မြန်မာစစ်ကောင်စီက လာမည့်ဒီဇင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။ အတိုက်အခံများကမူ စစ်ကောင်စီသည် အာဏာဆက်လက် တည်မြဲရေးအတွက် ဟန်ပြရွေးကောက်ပွဲ တစ်ရပ် ကျင်းပရန် အားထုတ်နေခြင်းသာ ဖြစ်သည်ဟု ဝေဖန်ပြောကြားထားသည်။

အာဆီယံကလည်း စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲထက် ငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်သင့်သည်ဟု အစောပိုင်းက မှတ်ချက်ပေးထားသည်။