အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာကို ပြန်လည်ပြောင်းလဲပြင်ဆင်ခြင်း

လေးနှစ်တာကာလအတွင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် တစ်နိုင်ငံလုံး၏ ခံနိုင်ရည်ကို စမ်းသပ်ရုံသာမကဘဲ အာဆီယံအဖွဲ့၏ အကျပ်အတည်းများအပေါ် တုံ့ပြန်နိုင်သည့် စွမ်းရည်ကို စမ်းသပ်သော စမ်းသပ်ချက်တစ်ခု ဖြစ်လာပြီဖြစ်သည်။

By Admin 26 May 2025

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းယူကာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၌ နေပြည်တော်၌ ကျင်းပသည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ (ဓာတ်ပုံ - Reuters)
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းယူကာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၌ နေပြည်တော်၌ ကျင်းပသည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ (ဓာတ်ပုံ - Reuters)

လေးနှစ်တာကာလအတွင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် တစ်နိုင်ငံလုံး၏ ခံနိုင်ရည်ကို စမ်းသပ်ရုံသာမကဘဲ အာဆီယံအဖွဲ့၏ အကျပ်အတည်းများအပေါ် တုံ့ပြန်နိုင်သည့် စွမ်းရည်ကို စမ်းသပ်သော စမ်းသပ်ချက်တစ်ခု ဖြစ်လာပြီဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် စစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချ၍ နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ (SAC) ကို ဖွဲ့စည်းတည်ထောင်ခြင်းနှင့်အတူ စစ်တပ်ကို တပ်မတော်ဟု ရည်ညွှန်းခေါ်ဆိုမှုများလည်း လုပ်ဆောင်ခဲ့သည်။

တိုင်းရင်းသားများနှင့် ဘာသာရေး လက်နက်ကိုင်အဖွဲ့များ၏ ပံ့ပိုးကူညီမှုဖြင့် စုစည်းထားသော တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအစိုးရ (NUG) သည် စစ်အစိုးရကို ဆန့်ကျင်မှုများ လုပ်ဆောင်ခဲ့ပြီး ယင်းအတွက်ကြောင့်ပင် လေးနှစ်ကျော်ကြာ အုံကြွကာ ပဋိပက္ခများ ဖြစ်ပေါ်လာစေခဲ့သည်။

ယခုနှစ် မတ်လတွင် ပြင်းထန်သော ငလျင်ကြိးတစ်ခု လှုပ်ခတ်မှုက တိုင်းပြည်ကို ရိုက်ခတ်ခဲ့ပြီးနောက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်လာစေခဲ့သည့်အတွက် ပဋိပက္ခအခြေအနေကို ခေတ္တရပ်ဆိုင်းထားရန် နှစ်ဖက်စလုံးက လုပ်ဆောင်ခဲ့ကြသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အပါအဝင် နိုင်ငံတကာအသိုက်အဝန်းက အကြမ်းဖက်မှုများကို ရပ်တန့်ရန် ကြိုးပမ်းမှုများစွာ ဆောင်ရွက်ပြီးသည့်နောက်တွင်မှ ယခုကဲ့သို့ အပစ်အခတ်ရပ်စဲရေး ထွက်ပေါ်လာခြင်းဖြစ်သည်။

အာဆီယံသည် မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်နေသော အကျပ်အတည်းကို လျင်လျင်မြန်မြန်ပင် တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေးနှင့် ဆွေးနွေးပြောဆို စားပွဲတိုင်းနိုင်ငံရေးဖြင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရေးတို့ကို မျှော်လင့်ချက်ထားရှိကာ ဘုံသဘောတူညီချက် ငါးရပ် (FPC) အစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။

သို့သော် အဆိုပါအစီအစဉ်သည် ၎င်း၏ရည်မှန်းချက်ကို ပျက်ပြယ်သွားစေခဲ့ပြီး အများအမြင်တွင် သရုပ်ပြသင်္ကေတသဘောမျိုးသာ ဖြစ်သွားခဲ့ရသည်။ ထို့ကြောင့် အာဆီယံ၏ အာဆီယံဒေသတွင်း ငြိမ်းချမ်းရေးအကျိုးဆောင်နိုင်မှုအပေါ် ယုံကြည်မှုပိုင်းဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်လာစေရန် ဦးတည်သွားခဲ့သည်။

မြန်မာနိုင်ငံတွင်းရှိ လက်ရှိ အပစ်အခတ်ရပ်စဲရေးသည် သံတမန်ရေးအရ ညှိနှိုင်းခြင်းထက် အချိန်အခါနှင့် အခြေအနေအရ လုပ်ဆောင်ရမည့်ဘက်သို့ ပို၍ အလေးသာနေပြီး FPC ကို ပြန်လည်အသက်သွင်း၍ ဆောင်ရွက်ခြင်း၊ ပိုမိုကျယ်ပြန့်သော နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်ခြင်းနှင့် စုစုစည်းစည်း တုံ့ပြန်မှုကို ဆက်လက် ဟန့်တားနေသော ပြည်တွင်းကွဲလွဲမှုများကို ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်ခြင်းတို့ဖြင့် ၎င်း၏ ချဉ်းကပ်မှုကို ပြန်လည်သုံးသပ်ရန် အာဆီယံကို အခွင့်အလမ်းတစ်ရပ် ပေးအပ်ထားသည်။

ဘုံသဘောတူညီချက်ငါးရပ်

အာဏာသိမ်းပြီး နှစ်လခွဲအကြာတွင် အာဆီယံသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားလာသော အကြမ်းဖက်မှုများကို ၎င်းတို့၏ FPC မူ ချမှတ်၍ လေးစားဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် လှုပ်ရှားဆောင်ရွက်လာခဲ့သည်။ စည်းနှောင်မှု မပါရှိသော သဘောတူညီချက် ပဋိညာဉ်သည် မြန်မာနိုင်ငံအတွင်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် အခြေအနေငါးခုကို ပြဋ္ဌာန်းပေးထားသည်။

FPC တွင် နိုင်ငံတွင်း အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရေး၊ ပါတီအားလုံးအကြားတွင် အပြုသဘောဆောင်သော ဆွေးနွေးမှုဖြစ်ပေါ်လာစေရေး၊ အာဆီယံဥက္ကဋ္ဌက ခန့်အပ်တာတန်ပေးလိုက်သော အထူးသံတမန် ထားရှိရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးနှင့် နောက်ဆုံးအချက်အဖြစ် ပါတီအားလုံးနှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ အထူးကိုယ်စားလှယ် လာရောက်ခြင်းတို့ ပါဝင်သည်။

FPC သည် အာဆီယံ၏မျှော်လင့်ထားသည့် ငြိမ်းချမ်းရေးလမ်းပြမြေပုံအဖြစ် တည်ရှိခဲ့သော်လည်း ပျက်ပြားသွားခဲ့ရသည်။ SAC သည် အစီအစဉ်ကို လျစ်လျူရှုထားပြီး ဒီမိုကရေစီအင်အားစုများနှင့် ဆွေးနွေးမှုမှန်သမျှကို တံတိုင်းနံရံခတ်သကဲ့သို့ တင်းကျပ်ထားခဲ့သည်။

ထို့အပြင် အဆိုပါ အစီအစဉ်၌ မည်သို့သော ပြဋ္ဌာန်းယန္တရားမျိုးမှ မပါရှိခဲ့သည့်အတွက် အထူးသံတမန်များအပေါ် ကန့်သတ်ထားသော လုပ်ပိုင်ခွင့်များသည် ထိရောက်သော ထိတွေ့ဆက်ဆံမှုဖြစ်ပေါ်လာစေရေးကို အဟန့်အတားဖြစ်စေခဲ့သည်။ အာဆီယံဥက္ကဋ္ဌတစ်ဦးစီသည် အထူးသံတမန်အသစ်တစ်ဦးကို ခန့်အပ်ခဲ့ပြီး အဓိကအားဖြင့် ဥက္ကဋ္ဌဟောင်းရရှိခဲ့သည့် အရှိန်အဟုန်နှင့် တိုးတက်မှုကို ပြန်လည်ဆန်းစစ် သတ်မှတ်ခဲ့ကြသည်။

အဆိုပါချို့ယွင်းချက် အားလုံးအပေါ်တွင် FPC ကို ထပ်မံ၍ တရားဝင်ဖြစ်စေရန်အတွက် အာဆီယံအဖွဲ့ဝင်များသည် စစ်အစိုးရနှင့် ဆက်ဆံရေးဖွင့်ခြင်း သို့မဟုတ် တွေ့ဆုံဆွေးနွေးခြင်းတို့ဖြင့် ၎င်းတို့၏ရပ်တည်ချက်များကို ကာကွယ်ခဲ့ကြသည်။ အဆုံးသတ်တွင်မူ FPC သည် လုံးလုံးလျားလျား စွန့်ပစ်ခြင်းထက် ပြုပြင်ပြောင်းလဲရန် လိုအပ်သောသင်္ကေတတစ်ခု ဖြစ်လာခဲ့လေသည်။

အပစ်အခတ်ရပ်စဲရေးအသစ်၊ ခြေလှမ်းအသစ်

မတ်လအတွင်း ဖြစ်ပွားခဲ့သော ငလျင်လှုပ်ခတ်မှုဖြစ်စဉ် မတိုင်မီအထိ ပြင်းထန်သောတုံ့ပြန်မှု တစ်စုံတရာမရှိခဲ့ဘဲ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာခဲ့သော ပြည်တွင်းစစ်ကသာလျှင် တိုင်းပြည်ကို ဖျက်ဆီးခဲ့သည်။ သဘာဝဘေးသည် နှစ်ဖက်စလုံးကို ရန်လိုမှုများ ခေတ္တရပ်၍ အခြေအနေကို ပြန်လည်သုံးသပ်ရန် လှုံ့ဆော်ခဲ့သည်။

ငြိမ်းချမ်းရေးဆီသို့ ဦးတည်မှုကင်းမဲ့နေသည်ကို စိတ်ပျက်နေခဲ့သော နိုင်ငံတကာအသိုင်းအဝန်းသည် မြန်မာပြည်သူပြည်သားများ၏ ဆင်းရဲဒုက္ခတွေကို ပြန်လည်အာရုံစိုက်လာခဲ့ပြီး အရေးကြီးသော လူသားချင်းစာနာထောက်ထားမှုအကူအညီများကို နိုင်ငံတစ်ဝှမ်းသို့ ဖြန့်ဝေနေချိန်၌ နှစ်ဖက်စလုံးမှနေ၍ ပစ်ခတ်တိုက်ခိုက်မှုများကို ခေတ္တရပ်ထားရန် ဖိအားပေးခဲ့သည်။

လက်ရှိ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မလေးရှားနိုင်ငံသည် ရာထူးတက်လာပြီးသည့်နောက်တွင် ယာယီအပစ်အခတ်ရပ်စဲရေး သာမကဘဲ ပိုမိုကြာရှည်ခံနိုင်သည့် အခြေအနေတစ်ရပ် ဖြစ်လာစေရန်အတွက် SAC နှင့် NUG နှစ်ဖက်စလုံးနှင့် တွေ့ဆုံဆွေးနွေးမှုများ စတင်နေပြီဖြစ်သည်။ လေးနှစ်ကြာ အဆက်မပြတ် ပဋိပက္ခဖြစ်ပြီးနောက် နှစ်ဖက်စလုံးက သံခင်းတမန်ခင်းကို အခွင့်အရေးပေးလိုစိတ် ပေါ်လာသည်။

လက်ရှိ ပစ်ခတ်တိုက်ခိုက်မှုများ ခေတ္တရပ်ခြင်းသည် အာဆီယံ သံတမန်ရေးအရ ရလဒ်ထွက်ပေါ်ခြင်း မဟုတ်သော်လည်း အဖွဲ့အစည်းအတွက် အဓိပ္ပာယ်ပြည့်ဝသော ငြိမ်းချမ်းရေးထိန်းသိမ်းမှု အခန်းကဏ္ဍသို့ ပြန်လည်တက်လှမ်းရန် အခွင့်အလမ်း ပေးနိုင်စွမ်းရှိနေသည်။ ငြိမ်းချမ်းရေးကို အခြေခံကျကျ ပေါ်ပေါက်လာစေရန် စောင့်ဆိုင်းခြင်းထက် ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာ၌ လက်ရှိအခွင့်အရေးကို အခွင့်ကောင်းယူ၍ ထိရောက်မှုရှိစွာ လုပ်ဆောင်နိုင်ခြင်းသည် အာဆီယံ၏ဗဟိုချုပ်ကိုင်မှု၊ တရားဝင်မှုနှင့် အနာဂတ်တို့အပေါ် များစွာ မူတည်နေပေသည်။

အာဆီယံ၏ အခန်းကဏ္ဍကို ပြန်လည်ရှင်သန်စေမည့် အချက် ၃ ချက်

FPC ၏ တရားဝင်မှုကိုစတင်ရန်အတွက် အာဆီယံသည် ဥက္ကဋ္ဌအသစ်တစ်ဦးစီနှင့်အတူ ပါလာမည့် အထူးကိုယ်စားလှယ် သံတမန်ရာထူး ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ဦးစွာပြောင်းလဲသင့်ပေသည်။ အများသဘောတူဆန္ဒဖြင့် ခန့်အပ်မည့် အထူးကိုယ်စားလှယ်ကို နှစ်စဉ်သက်တမ်း ကာလတိုစာချုပ်မျိုးဖြင့် မခန့်အပ်ဘဲ သုံးနှစ်မှ ငါးနှစ်အထိ တာဝန်ပေးခန့်အပ်ရန် ဦးစွာပထမ ပြုပြင်ပြောင်းလဲသင့်သည်။

ထိုသို့ ပြုပြင်ပြောင်းလဲလိုက်ခြင်းက အထူးသံတမန်ကို နှစ်စဉ်နှစ်တိုင်း အသစ်တစ်ခုဖြင့် စတင်နေရခြင်းထက် အရှိန်အဟုန်ဖြင့် ဟန်ချက်ညီမှုကို တည်ဆောက်ရန်၊ အဆက်ပြတ်တောက်မှုများ ပို၍မဖြစ်စေရန် အချိန်ရရှိသွားစေမည်ဖြစ်သည်။ FPC ကို လည်ပတ်စေရန် တစ်ခုတည်းသောတာဝန်ကို ဆောင်ရွက်ပေးမည့် လက်တွေ့ကျသော အထူးသံတမန်တစ်ဦးကို ထည့်သွင်းစဉ်းစားသင့်သည်။

အခြားသော အရေးကြီးသည့်လုပ်ငန်းစဉ်များ၊ အလွန်အမင်း လုပ်ငန်းဆောင်တာများပြားလှသည့် နိုင်ငံခြားရေးဝန်ကြီးများအစား အာဆီယံအဖွဲ့ဝင် ကိုးနိုင်ငံမှ အရည်အချင်းပြည့်မီသော အငြိမ်းစား အထက်တန်းသံတမန်တစ်ဦးကို ရွေးချယ်သင့်ပေသည်။ အထူးသံတမန်ကို တစ်ဖက်ချင်းစီ၏ပြောစကားများကို နားထောင်၍ စေ့စပ်ညှိနှိုင်းခြင်းထက် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော ပုံမှန်ဖြစ်တည်မှုအခြေအနေကို လေ့လာလုပ်ဆောင်နိုင်စေမည့် ရှင်းလင်းသော လုပ်ပိုင်ခွင့်အာဏာကို ပေးအပ်သင့်ပေသည်။

ရှင်းလင်းပြတ်သားသည့် အကိုးအကား စည်းကမ်းချက်များ၊ ရနိုင်လောက်သည့် ဗျူဟာများဖြင့် အာဆီယံ အထူးသံတမန်ကို ပံ့ပိုးကူညီရန် ညီညွတ်မျှတသော အစီအစဉ်များလည်း လိုအပ်ပါသည်။ ရှိထားနှင့်ပြီးသား FPC ကို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းတည်ဆောက်မှုနှင့်အတူ လွန်စွာအကျုံးဝင် ထိရောက်သည့် လုပ်ငန်းလည်ပတ်မှုအစီအစဉ်နှင့် ထည့်သွင်းရန် လိုအပ်လှပေသည်။

ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းတည်ဆောက်မှုနှင့်အတူ လွန်စွာအကျုံးဝင် ထိရောက်သည့် လုပ်ငန်းလည်ပတ်မှုအစီအစဉ်ဟု ဆိုရာတွင် မြန်မာနိုင်ငံ၌ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲများ အောင်မြင်နိုင်စေရေးအတွက် ရှင်းလင်းသော လုပ်ပိုင်ခွင့်နှင့် လမ်းပြမြေပုံ အပါအဝင် အောင်မြင်နိုင်သော အစီအမံအတွက် သင့်လျော်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရေး၊ သတ်မှတ်ထားသောရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်စေရေးနှင့် စောင့်ကြည့်စစ်ဆေးရန် လိုအပ်သောယန္တရားများ ထားရှိရေးတို့ ပါဝင်သည်။

အထူးသံတမန်ကို အများသဘောဆန္ဒအရ ရွေးချယ်ပြီး ပိုမိုရှင်းလင်းသော လုပ်ပိုင်ခွင့်များ ပေးအပ်ပြီးသည်နှင့်တပြိုင်နက် အာဆီယံသည် အထူးသံတမန်ကို ခန့်အပ်ရန်နှင့် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးအတွက် အကျိုးဆောင်ရန်အတွက် အာဆီယံ၏တရားဝင်မှုကို ပိုမိုခိုင်မာစေမည့် နိုင်ငံတကာမိတ်ဖက်များကို ရှာဖွေသင့်သည်။

ကမ္ဘောဒီးယားနိုင်ငံက အဆိုပြုထားသော Asean Troika ၏ပြောင်းလဲမှုနှင့်ဆင်တူသည့် "မြန်မာ့မိတ်ဆွေများ"၏ တိုးချဲ့မှုမှတစ်ဆင့် လုပ်ဆောင်နိုင်ပေသည်။ Asean Troika သည် အတိတ်ကာလက ကမ္ဘောဒီးယားနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ပြည်တွင်း မတည်ငြိမ်မှုများကို ကူညီပေးခဲ့ဖူးသည်။

အထူးသံတမန်သည် တပ်မတော်နှင့်သာမကဘဲ NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) တို့ကဲ့သို့သော မြေပြင်ပေါ်ရှိ အခြားသော အဓိကကျသူများနှင့်လည်း ထိတွေ့ဆက်ဆံသင့်သည်။ ထိတွေ့ဆက်ဆံမှုဆိုင်ရာ ပြင်ပအာဏာများကို တိုးချဲ့၍ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ အပါအဝင် အားလုံးက စစ်အစိုးရကို လွှမ်းမိုးရန် အဓိပ္ပါယ်ရှိသော သြဇာအာဏာကို ကိုင်စွဲထားသင့်သည်။

အထူးသံတမန်တစ်ဦးကို ခန့်အပ်ခြင်းနှင့် နိုင်ငံတကာ၏ ထောက်ခံမှုကို စုဆောင်းခြင်းတို့သည် အကြမ်းဖက်မှုကို အဆုံးသတ်ရန် မလုံလောက်နိုင်သေးပေ။ အာဆီယံအဖွဲ့ကြီးသည် SAC ထံသို့ သစ္စာရှိရှိ လုပ်ဆောင်ရန် သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ စိစစ်မှုကို ရင်ဆိုင်ရန် စစ်အစိုးရကို သတိပေးသည့် ပေါင်းစည်းရာဇသံ ပေးပို့ရပေမည်။

SAC လုပ်‌ဆောင်နေသော အနှောင့်အယှက်ဖြစ်ဖွယ်ရာ လုပ်ရပ်များကို အာရုံစူးစိုက်ရန်နှင့် စစ်အစိုးရကို ထပ်မံခွဲထုတ်ပိုင်းခြားရန် အာဆီယံက ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီကဲ့သို့သော ပလက်ဖောင်းများကို လွှမ်းမိုးနိုင်ပေသည်။

ရာဇသံထိရောက်မှု တိုးမြင့်လာစေရန်အတွက် ပြင်ပအဖွဲ့အစည်းများမှ အထူးသံတမန် မြောက်မြားစွာတို့အကြား ညှိနှိုင်းဆောင်ရွက်ရမည့် သတင်းစကားကို မြန်မာနိုင်ငံရှိ မိတ်ဆွေများ၏ ပံ့ပိုးကူညီမှုဖြင့် ၎င်းတို့ကိုယ်တိုင်ခန့်အပ်ထားသော အထူးသံတမန်တချို့ထံ ပေးပို့ရပေမည်။

ကုလသမဂ္ဂတွင် နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချမှုကို ကျော်လွန်ရန် အာဆီယံသည် မြန်မာနိုင်ငံကို ဒေသတွင်း အဖွဲ့အစည်းဝင်အဖြစ်မှ ရပ်ဆိုင်းရန် အဆင်သင့်ရှိသည်ကို တိုးတက်မှုတစ်ရပ်အဖြစ် ဆက်လက် ရှိနေစေသင့်သည်။

အာဆီယံသည် ၁၉၉၇ ခုနှစ်ကလည်း အလားတူအခြေအနေတစ်ရပ်ကို လုပ်ဆောင်ခဲ့ဖူးပြီး ယင်းကာလ၌ ကမ္ဘောဒီးယားမှာ အဖွဲ့ဝင်ဖြစ်ခဲ့သော်လည်း အာဆီယံအဖွဲ့ဝင်ဖြစ်မလာမီတွင် ပြည်တွင်းနိုင်ငံရေးအငြင်းပွားမှုကို ဖြေရှင်းရန် လိုအပ်နေခဲ့သည်။

ဤအဖြစ်အပျက်သည် ထိုအချိန်ကာလက ထိရောက်မှုရှိကြောင်း သက်သေပြခဲ့ပြီး ယနေ့ခေတ်တွင်လည်း ယင်းကဲ့သို့ လုပ်ဆောင်နိုင်ပေသည်။ ဆိုင်းငံ့လိုက်ခြင်းက အာဆီယံသည် အာဏာရှင်ဆန်သောအဟန့်အတားကို ဖော်ဆောင်ပေးသူ မဟုတ်ကြောင်း ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အချက်ပြမှုတစ်ခုအဖြစ် ပေးပို့လိမ့်မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် အန္တရာယ်မြင့်မားလှသည့်တိုင် အာဆီယံ၏ယုံကြည်ကိုးစားမှုကို ငြိမ်းချမ်းရေးတည်ဆောင်သူအဖြစ် ရှုမြင်သွားရန် လိုအပ်လှသည်။

အများဆန္ဒနှင့် နိုင်ငံတကာ ကျောထောက်နောက်ခံကတစ်ဆင့် အထူးသံတမန်ကို အားကောင်းလာစေရေး၊ ထိရောက်သောရာဇသံထုတ်ပြန်ရေးနှင့် အဟန့်အတားဖြစ်စေသော အဖွဲ့အစည်းပါတီများကို ခြိမ်းခြောက်ရန် နည်းလမ်းရှာဖွေရေးတို့သည် ပြန်လည်ထူထောင်ထားသော FPC ၏ အရေးပါသော အစိတ်အပိုင်းများပင်ဖြစ်သည်။

ပြည်တွင်း ကွဲလွဲမှုများနှင့် ငြိမ်းချမ်းရေးအတွက် အဟန့်အတားများ

FPC ၏ ပြန်လည်ရှင်သန်မှုသည် အရေးကြီးစွာ လိုအပ်သော်လည်း လေဟာနယ်၌ တည်ရှိသကဲ့သို့ ဖြစ်မနေသင့်ပေ။ ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေသော ၎င်း၏အဖွဲ့အစည်းအတွင်း ကွဲလွဲမှုများကို အာဆီယံက အသိအမှတ်ပြုရမည်ဖြစ်သည်။

အာဆီယံအဖွဲ့ဝင်အချို့သည် အစကတည်းက SAC နှင့် ထိတွေ့ဆက်ဆံခဲ့ပြီး စစ်တပ်နှင့် ဒီမိုကရေစီအကြားတွင် ဖြစ်ပွားနေသော ပဋိပက္ခကို ရင်မဆိုင်ရဲဟု ရှုမြင်ခံထားကြရသည်။ အာဆီယံအဖွဲ့ဝင်အချို့၏နိုင်ငံရေးဂေဟစနစ်များသည် ၎င်းတို့နိုင်ငံရှိ ကိုယ်ပိုင်စစ်တပ်များ၏လွှမ်းမိုးမှုကို ကြီးကြီးမားမား ခံနေရသည်မှာ လျှို့ဝှက်အပ်သောအရာ မဟုတ်လှပေ။

ပြန်လည်အားဖြည့်ထားသော FPC သည် အလားအလာ မည်မျှပင်ရှိစေကာမူ အာဆီယံ၏ရည်မှန်းချက်များကို ကတိကဝတ်ပြုရာ၌ စည်းလုံးမှုမရှိပါက ပျက်ကွက်ရမည်သာဖြစ်ပေသည်။ အတွင်းစည်းညီညွတ်မှုသည် ပြင်ပယုံကြည်မှု၏အခြေခံအုတ်မြစ်ပင်ဖြစ်သည်။

သင်္ကေတပြု သရုပ်ပြနေခြင်းထက် စစ်မှန်သော သံခင်းတမန်ခင်းအဖြစ်သို့ တက်လှမ်းနိုင်ရန် အာဆီယံသည် ၎င်း၏ပြည်တွင်းရေးကွဲလွဲမှုများကို ဖြေရှင်းရမည်သာဖြစ်သည်။

သင်္ကေတမှသည် နည်းဗျူဟာအထိတိုင်သို့

တပ်မတော်နှင့် ဆက်ဆံရာတွင် အာဆီယံသည် အသိတရားမဲ့ အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် ပြည်တွင်းတွင် ပါဝင်ပတ်သက်သူများအားလုံးနှင့် တွေ့ဆုံဆွေးနွေးနိုင်စေရန် ပြတ်သားမှုနှင့် စည်းလုံးမှု ရှိရပေလိမ့်မည်။ မြန်မာနိုင်ငံတွင် အခြေအနေတစ်ရပ်အပေါ်တွင်မူတည်ကာ လက်ရှိဖြစ်ပေါ်နေသော အပစ်အခတ်ရပ်စဲရေးသည် အခွင့်အာဏာရှိရှိ လုပ်ဆောင်ရန် အာဆီယံကို ရှားရှားပါးပါး အခွင့်အရေးပေးထားသည်။

FPC သည် နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်များနှင့် ပြန်လည်ဖွဲ့စည်းထားသော၊ အထူးသံတမန်အတွက် ပြန်လည်ချိန်ညှိထားသော မဟာဗျူဟာများပါဝင်သည့် ပိုမိုထိရောက်သော ဘက်စုံမဟာဗျူဟာအဖြစ် ပြောင်းလဲရပေလိမ့်မည်။

အချက်သုံးချက်ပါရှိသော စီမံကိန်းသည် မြန်မာနိုင်ငံကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရေးအတွက် အာဆီယံကို လက်တွေ့ကျသော လမ်းပြမြေပုံ ပေးဆောင်ထားသည်။ အာဆီယံ၏ ယုံကြည်ကိုးစားမှုသည် ဒေသတွင်း ဇာတ်လိုက်တစ်ဦးအနေနှင့် ငြိမ်းချမ်းရေး ပေါ်ပေါက်လာစေရန် စောင့်ဆိုင်းခြင်းထက် တက်ကြွစွာ ပုံဖော်လိုစိတ်အပေါ် မူတည်လျက်ရှိပေသည်။

ဟန်ဆက်လူနေ (The Bangkok Post သတင်းမီဒီယာတွင် Pou Sothirak နှင့် Peyson Hunt တို့ ပူးတွဲရေးသားဖော်ပြခဲ့သည့် Revamping Asean's Myanmar strategy ဆောင်းပါးကို ဆီလျော်စွာ ပြန်ဆိုသည်။)

သံအမတ်ကြီး Pou Sothirak သည် ကမ္ဘောဒီးယားဒေသဆိုင်ရာ လေ့လာရေးစင်တာ (CCRS) ၏ ထင်ရှားသော အကြီးတန်းအကြံပေးတစ်ဦးဖြစ်သည်။ Peyson Hunt သည် ကမ္ဘောဒီးယား ဒေသဆိုင်ရာ လေ့လာရေးစင်တာ (CCRS) ၏အကြီးတန်း လေ့လာရေး သုတေသန လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သည်။