အာဆီယံအနေဖြင့် မြန်မာ့အရေးကို ဖြေရှင်းရန်ကြိုးပမ်းရာတွင် ပိုမိုပြင်းထန်စွာ ကိုင်တွယ်ရမည်ဟု မလေးဝန်ကြီးချုပ်ပြော

ဖိလစ်ပိုင်သတင်းဌာန ANC က သောကြာနေ့ထုတ်လွှင့်သော အင်တာဗျူးတစ်ခုတွင် ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားသွားခြင်းဖြစ်သည်။

By Admin 04 Mar 2023

မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင်။ ဓာတ်ပုံ - Reuters
မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင်။ ဓာတ်ပုံ - Reuters

မြန်မာ့အကျပ်အတည်းကို ကူညီဖြေရှင်းရာ၌ အာဆီယံအဖွဲ့ကြီးသည် ကျိုးကြောင်းဆီလျော်မှုရှိကြောင်း သက်သေပြန်ရမည်ဟု မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင်က ဖိလစ်ပိုင်သို့ အလည်အပတ်ရောက်ရှိစဉ် ပြောကြားလိုက်သည်။

ဖိလစ်ပိုင်သတင်းဌာန ANC က သောကြာနေ့ထုတ်လွှင့်သော အင်တာဗျူးတစ်ခုတွင် ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားသွားခြင်းဖြစ်သည်။

မြန်မာ့အရေးတွင် ငြိမ်းချမ်းမှု ဆောင်ကြဉ်းပေးနိုင်ရန် သံတမန်ရေးရာ အားထုတ်မှုများ ဦးဆောင် ဆောင်ရွက်နေသည့် အာဆီယံအဖွဲ့ကြီးအနေဖြင့် ယုံကြည်ထိုက်ကြောင်း ပြသရန်လိုအပ်သလို မလေးရှားနိုင်ငံသည်လည်း မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာလာသူ ၂ သိန်းကို တာဝန်ယူထားကြောင်း ဝန်ကြီးချုပ်က အင်တာဗျူးတွင် ဖြေကြားသည်။

“ဒါကို ပြည်တွင်းရေးသက်သက်ဆိုပြီး မြင်နေလို့မရပါဘူး။ ဒါကြောင့် အာဆီယံမိတ်ဆွေတွေကို ကျွန်တော် တောင်းဆိုချင်တာကတော့ ပိုမိုပြင်းထန်စွာ ကိုင်တွယ်ဖို့ လိုအပ်တယ် ဆိုတာပါပဲ” ဟု အင်နဝါက ပြောကြားသည်။

“လိုအပ်ရင် ဒီနိုင်ငံက လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဆက်သွယ်ပါ။ ဘာလို့လဲဆိုတော့ တခါတလေမှာ စစ်အစိုးရဟာ အရပ်သားတွေရဲ့ အသံကို နားမလည်ဘူး” ဟုလည်း သူကပြောကြားသည်။

မလေးရှားသည် မြန်မာစစ်အစိုးရအား ဝေဖန်မှုများ ထုတ်ဖော်ပြောကြားလျက်ရှိသည့် နိုင်ငံလည်း ဖြစ်သည်။ မြန်မာအပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံရှိသည့် အာဆီယံအဖွဲ့ကြီး၏ လက်ရှိဥက္ကဌသည် မြန်မာ့အရေးကို အမြဲတစေ ဝေဖန်ပြောကြားမှုများရှိသည့် အင်ဒိုနီးရှားနိုင်ငံ ဖြစ်သဖြင့် ယခုနှစ်အတွင် အာဆီယံအဖွဲ့ကြီးက မြန်မာ့အရေးကို ကူညီဖြေရှင်းရာ၌ ပြတ်ပြတ်သားသား ဆောင်ရွက်မှုများ ရှိနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

မြန်မာစစ်တပ်သည် ၎င်းကိုဆန့်ကျင်သူများအား နှိပ်ကွပ်ရာ၌ အရပ်သားများအပေါ်တွင်ပါ အကြမ်းဖက်ရက်စက်သည့် လုပ်ရပ်များ ကျူးလွန်နေကြောင်း လူ့အခွင့်အရေး အဖွဲ့များနှင့် ကုလသမဂ္ဂတို့က စွပ်စွဲပြောကြားထားသည်။ 

မြန်မာစစ်တပ်ကမူ ၎င်းကို ခုခံတော်လှန်နေသူများအား နိုင်ငံကို ဖျက်လိုဖျက်ဆီး လုပ်နေသည့် ‘အကြမ်းဖက်သမားများ’ အဖြစ် သတ်မှတ်ပြောကြားထားသည်။

“ရက်စက်ယုတ်မာမှုတွေကို ကျွန်တော်တို့ လစ်လျူရှုထားလို့ မရပါဘူး” ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

“အာဆီယံအနေနဲ့ အဖွဲ့ဟာ ကျိုးကြောင်းဆီလျော်မှုရှိကြောင်းနဲ့ ပြဿနာအချို့ကို ပြေလည်အောင် ဆောင်ရွက်နိုင်စွမ်းရှိကြောင်း သက်သေပြဖို့လိုပါတယ်” ဟုလည်း သူကပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် အာဆီယံအဖွဲ့ကြီးသည် မြန်မာ့အရေးကို ကူညီဖြေရှင်းရန် ဘုံသဘောတူညီချက် ငါးရပ် ချမှတ်ခဲ့သည်။ သို့သော်လည်း မြန်မာစစ်ကောင်စီဘက်က အဆိုပါ သဘောတူညီချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်း မရှိသဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့သည် မြန်မာစစ်အုပ်စုအပေါ် အမြင်မကြည်မှုများ ရှိနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ