- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
- ရခိုင်ပြည်သူတစ်ရပ်လုံး၏ ရည်မှန်းချက် အပြည့်အဝရရှိရန် ဆက်လက်ကြိုးပမ်းနေဟု AA ပြော
နိုင်ငံရေးအပြောင်းအလဲမှာ ပိုအားကောင်းလာတဲ့ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီတွေ
စစ်အုပ်ချုပ်ရေး ကာလတွေမှာတော့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ စစ်အာဏာရှင်အစိုးရဖြစ်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ကြိုတင်ထုတ်ပြန် ကြေညာတာမျိုးမရှိဘဲ လောင်စာဆီ ထောက်ပံ့ထုတ်ပေးနေတာကို ရပ်ဆိုင်းလိုက်တဲ့အတွက် စစ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုဆန့်ကျင်တဲ့ ဗုဒ္ဓဘာသာရဟန်းသံဃာ ၈၀၀၀၀ နီးပါး လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ "ရွှေဝါရောင်အရေးအခင်း" လို့ခေါ်ပါတယ်။
06 Dec 2022
ဓာတ်ပုံ - AP
DMG | ဒီဇင်ဘာ ၆
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပါတယ်။ နိုင်ငံတွင်းမှာရှိတဲ့ စစ်ဗိုလ်ချုပ်တွေက အမျိုးသားနိုင်ငံရေးမှာ ဝင်ပြီးစွက်ဖက်ခဲ့တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
မြန်မာစစ်တပ်အနေနဲ့ တိုင်းပြည်ရဲ့နိုင်ငံရေးမှာ ဆယ်စုနှစ်များစွာကြာတဲ့အထိ ပါဝင်ခဲ့ပြီး ဒီလိုပါဝင်နိုင်အောင်လည်း ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ နီးပါးကာလအတွင်း တိုင်းပြည်ဟာ စစ်အာဏာရှင်တွေရဲ့လက်အောက်ကို ကျရောက်ခဲ့ပါတယ်။
တိုင်းပြည်ရဲ့ အစိုးရအဆက်ဆက်ဟာ နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းထားတဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး သဘော ထားကွဲလွဲမှုတွေ ဖော်ပြခဲ့တဲ့အပြင် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကိုလည်း အပြင်းထန်ဆုံး နှိပ်ကွပ်ခဲ့ပါတယ်။ သဘောထားမတူညီတဲ့ ဗုဒ္ဓဘာသာဝင်တွေကို နှိပ်ကွပ်နေတဲ့အချိန်မှာပဲ တစ်ဘက်ကလည်း ဗုဒ္ဓဘာသာနဲ့ဆက်နွယ်နေတဲ့ အမျိုးသားရေးဝါဒကို အရှိန်မြှင့်တင်လာခဲ့ပါတယ်။
အမျိုးသားရေးလှုပ်ရှားမှု၊ ဖွဲ့စည်းမှုဆိုင်ရာ ထူးခြားလက္ခဏာနဲ့ ပဋိပက္ခတွေအပေါ် ဆန်းစစ်လေ့လာနေကြတဲ့ နိုင်ငံတကာ ဆက်ဆံရေးလေ့လာသူတွေက မြန်မာနိုင်ငံမှာဖြစ်ထွန်း ပေါ်ပေါက်လာတဲ့ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒရဲ့ ဆင့်ကဲဖြစ်စဉ်တွေအပေါ် လေ့လာခဲ့ကြပါတယ်။
ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ ပေါ်ထွန်းလာပုံ
မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံနေထိုင်ကြပြီး အစိုးရကတရားသတ်မှတ်ထားတဲ့ တိုင်းရင်းသားလူမျိုးစုပေါင်းက ၁၃၅ မျိုးရှိပါတယ်။ ဘာသာရေးအရဆိုရင်တော့ ခရစ်ယာန်နဲ့ မွတ်ဆလင်က လူနည်းစုတွေဖြစ်ကြပြီး နိုင်ငံလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကိုတော့ ဗုဒ္ဓဘာသာဝင်တွေအဖြစ် သတ်မှတ်ထားပါတယ်။
ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒရဲ့ ရင်းမြစ်ကိုလေ့လာမယ်ဆိုရင် အတိတ်ကာလက ကိုလိုနီခေတ်ဆီ ပြန်သွားဖို့လိုပါ တယ်။ ၁၈၂၄ ခုနှစ်ကစပြီး မြန်မာနိုင်ငံက ဗြိတိသျှကိုလိုနီတွေ လက်အောက် ကျရောက်ခဲ့ပါတယ်။ ကိုလိုနီခေတ် အုပ်ချုပ်ရေးက တိုင်းပြည်ရဲ့ ဘုန်းတော်ကြီးကျောင်းတွေအပေါ် အစဉ်အလာ အထောက်အပံ့ပေးခဲ့တာတွေကို ရုတ်သိမ်းလိုက်ပြီး လောကုတ္တရာဦးစားပေး ဘုန်းတော်ကြီးကျောင်းပညာ သင်ကြားရေးစနစ်အစား လောကီပညာရေးစနစ်ကို မြှင့်တင်ခဲ့သလို ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းတွေကို ဖိနှိပ်ပြီး ခရစ်ယာန်သာသနာပြုလုပ်ငန်းတွေကို အားပေးခဲ့ပါတယ်။
ဗြိတိသျှတွေရဲ့ ကိုလိုနီအုပ်ချုပ်ရေးလက်အောက်မှာ ဒေသခံလူထုကို မတူညီတဲ့ ကိုလိုနီဒေသတွေဆီ မကြာခဏ ဆိုသလို ရွှေ့ပြောင်းခဲ့ပါတယ်။ ဗြိတိသျှအုပ်ချုပ်ရေးကာလတုန်းက ဗမာနိုင်ငံတော် (Union of Burma) လို့ခေါ်ဆို ခဲ့ပေမယ့် ၁၉၈၉ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုတွေကို စစ်တပ်က ဖြိုခွဲပြီးနောက်မှာတော့ မြန်မာနိုင်ငံတော် (Union of Myanmar) ဆိုပြီး ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။
ကိုလိုနီနယ်ချဲ့တွေက သူတို့လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့အတွက် ဟိန္ဒူနဲ့ မွတ်ဆလင်လူမျိုးတွေကို ခေါ်ဆောင်လာခဲ့ကြပါတယ်။
ရလဒ်ကတော့ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာ့စီးပွားရေးကဏ္ဍတချို့ကို လွှမ်းမိုးချုပ်ကိုင်လာနိုင်တာပါပဲ။ စပါးစိုက်ပျိုးရေးကဏ္ဍ ချဲ့ထွင်ဖို့နဲ့ အကျိုးများများရနိုင်ဖို့အတွက် ဗြိတိသျှတွေက ရွှေ့ပြောင်းလုပ်သားအရေ အတွက် တိုးမြှင့်ခဲ့ပါတယ်။ ၁၈၇၁ ကနေ ၁၉၁၁ ခုနှစ်အကြားမှာ မွတ်ဆလင်လူဦးရေ သုံးဆတိုးလာပါတယ်။
ဒီလိုအကြောင်းအချက်တွေ အားလုံးထဲကမှ တစ်ချက်ချင်းစီတိုင်းက ဗုဒ္ဓဘာသာဝင်အများစုကို သိသာထင်ရှားတဲ့ နာကျည်းမှုတွေ ဖြစ်စေခဲ့ပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေမှာတော့ ဗမာနဲ့ဟိန္ဒူလူမျိုးစုတွေကြား အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် မွတ်ဆလင်တွေဟာ ဒေသခံလူထုတွေရဲ့ လူနေမှုဘဝတွေကို ခြိမ်းခြောက်နေကြတယ်လို့ အထင်ခံခဲ့ကြရပါတယ်။
၁၉၄၈ ခုနှစ်မှာတော့ မြန်မာနိုင်ငံက ဗြိတိသျှအင်္ဂလိပ်တွေရဲ့ လက်အောက်က လွတ်မြောက်ပြီး လွတ်လပ်ရေးရခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၁၄ နှစ်တာကာလအတွင်း တိုင်းပြည်က လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ပဋိပက္ခတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရုန်းကန်နေခဲ့ရပါတယ်။
စစ်အုပ်ချုပ်ရေး ကာလတွေမှာတော့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ စစ်အာဏာရှင်အစိုးရဖြစ်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ကြိုတင်ထုတ်ပြန် ကြေညာတာမျိုးမရှိဘဲ လောင်စာဆီ ထောက်ပံ့ထုတ်ပေးနေတာကို ရပ်ဆိုင်းလိုက်တဲ့အတွက် စစ်အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုဆန့်ကျင်တဲ့ ဗုဒ္ဓဘာသာရဟန်းသံဃာ ၈၀၀၀၀ နီးပါး လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ "ရွှေဝါရောင်အရေးအခင်း" လို့ခေါ်ပါတယ်။ စစ်တပ်ကတော်လှန်ရေးကို နှိပ်ကွပ်ခဲ့ပေမယ့် ၂၀၁၁ ခုနှစ်ကစတင်တဲ့ ဒီမိုကရက်တစ်ခေတ်ကို ဦးဆောင်နိုင်ခဲ့တယ်လို့ ပညာရှင်တွေက ယုံကြည်ထားကြပါတယ်။ အဲဒီကာလတွေဟာ ၁၅ နှစ်နီးပါး အကျယ်ချုပ်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီးလွတ်မြောက်လာချိန်ပါပဲ။
ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ နောက်တကျော့ ပြန်လည်ထွန်းကားခြင်း
မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းတွေက ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒီတွေနဲ့ လူနည်းစုကြား တင်းမာမှုဖြစ်ပြီး တစ်နိုင်ငံလုံးအနှံ့ ပျံ့နှံ့နေပါတယ်။ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်ကစပြီး မြန်မာနိုင်ငံမှာ အစွန်းရောက် ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ၊ မွတ်ဆလင်ဆန့်ကျင်ရေး အမုန်းစကားတွေနဲ့ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ လူမျိုးရေးအကြမ်းဖက်မှုတွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ ထွန်းကားခဲ့ပါတယ်။
ဒီလိုအကြမ်းဖက်လှိုင်းလုံးကြီးတွေ ပေါ်ပေါက်လာတာက တိုက်ဆိုင်မှုသက်သက်ကြောင့်တော့ မဟုတ်ပါဘူး။ ၂၀၁၁-၂၀၁၆ ခုနှစ်တွေအတွင်း ဒီမိုကရေစီအသွင်ကူးပြောင်းမှုကိုဦးဆောင်ခဲ့တဲ့ စစ်တပ်ကြိုးဆွဲထားတဲ့ အစိုးရက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို နိုင်ငံရေးအရ ထိတွေ့ဆက်ဆံဖို့ ခွင့်ပြုပေးခဲ့ပြီး နိုင်ငံရေးတရားပွဲတွေနဲ့ အစွန်းရောက်တွေကို စုစည်းခွင့်ပေးခဲ့ပါတယ်။ အမျိုးသားရေးဝါဒီအဖွဲ့တွေမှာ အထင်ရှားဆုံးကတော့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး တွေဦးဆောင်တဲ့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအသင်း (မဘသ) ဖြစ်ပါတယ်။
ဒီအဖွဲ့အစည်းရဲ့ ဗဟိုချုပ်ကိုင်မှုကလည်း ပြင်းထန်လွန်းတဲ့အတွက် အသင်းဝင်အရေအတွက်ကို ခန့်မှန်းဖို့မလွယ်ကူပေမယ့် ရန်ကုန်တစ်မြို့တည်းမှာတင် အသင်းဝင် ၂၀၀၀၀ ကနေ ၈၀၀၀၀ ကြားရှိမယ်လို့ ယုံကြည်ရပါတယ်။
မဘသလှုပ်ရှားမှုတွေက အထူးသဖြင့် မွတ်ဆလင်လူနည်းစုတွေအပေါ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဖြစ်ကြပြီး ဒေါ်အောင်ဆန်းစုကြည်အစိုးရရဲ့ ပါဝါကြီးထွားလာမှုကိုလည်း ၂၀၁၇ ခုနှစ်မှာ တားမြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ မဘသ ကို NLD အစိုးရက တားမြစ်ပြီးနောက်ပိုင်းမှာတော့ ဗုဒ္ဓဓမ္မဖောင်ဒေးရှင်းတွေအဖြစ် နာမည်ပြောင်းပြီး ဆက်လက် ဆောင်ရွက်လာတဲ့အတွက်ကြောင့် ကြီးထွားလာတဲ့ လှုပ်ရှားမှုတွေရပ်တန့်သွားဖို့ ထင်သလောက် မဆောင်ရွက်နိုင်ခဲ့ပါဘူး။
အမျိုးသားရေးဝါဒနှင့် ၎င်း၏ကျယ်ပြန့်မှု
အမျိုးသားရေးဝါဒီတွေရဲ့ ပြောစကားတွေက ဗုဒ္ဓဘာသာဝင်အများစုအတွက် သည်းခြေကြိုက်စကားလုံးတွေ ဖြစ်နေခဲ့ပြီး ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒက မြန်မာနိုင်ငံမှာ အရေးပါတဲ့ လူမှုရေးအင်အားစုတစ်ရပ်ကို ပေါ်ပေါက်လာစေခဲ့ ပါတယ်။ ၂၀၁၇ လူနည်းစုမွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာလည်း မြန်မာဗုဒ္ဓဘာသာဝင် လူအများစုက စစ်တပ်ရဲ့လုပ်ရပ်တွေအပေါ် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဒီလို အကြမ်းဖက်မှုတွေ ရပ်တန့်မသွားဘဲ ဆက်ပြီး ဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာလည်း လုံးဝတာဝန်ကင်းခဲ့တာတော့ မဟုတ်ပါဘူး။ သူတို့တွေကလည်း ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒကို တစ်ဘက်တစ်လမ်းကနေ အားပေးထောက်ခံတာမျိုး ရှိခဲ့တဲ့အတွက် အပြစ်ကတော့ရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတွေအထိ အာဏာရပါတီ ဒါမှမဟုတ် အတိုက်အခံပါတီတွေရဲ့ မဲစာရင်းတွေမှာ မွတ်ဆလင်တစ်ယောက်မှ မပါဝင်ခဲ့ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင်က မွတ်ဆလင်တွေကို နိုင်ငံရေးကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုခဲ့ပါဘူး။
မွတ်ဆလင်တွေအပေါ် စစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် ကျူးလွန်မှုအစီရင်ခံစာတွေ အလွဲလွဲအမှားမှားတွေ ဖြစ်အောင် ကြိုးပမ်းခဲ့တာကို NLD အစိုးရကလည်း တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မြန်မာ နိုင်ငံမှာရှိတဲ့ အမျိုးသားရေးဝါဒီ အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဗုဒ္ဒဘာသာအပေါ် ကာကွယ်လိုစိတ် နည်းပါးကြတယ်လို့ပဲ ယုံကြည်ထားကြပါတယ်။
စစ်အုပ်ချုပ်ရေးဆီ နောက်ကြောင်းပြန်လှည့်ခြင်း
နိုဝင်ဘာရွေးကောက်ပွဲပြီးဆုံးသွားလို့ ပထမကြိမ်လွှတ်တော်သစ် ခေါ်ယူမယ့်မနက်ခင်းမှာပဲ စစ်တပ်ရဲ့အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ပါတယ်။ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က သိသိသာသာ အနိုင်ရခဲ့ပါတယ်။ NLD ရဲ့အဓိကပြိုင်ဘက်ဖြစ် တဲ့ USDP က စစ်တပ်ရဲ့ထောက်ခံမှုကို အပြည့်အဝ ရရှိထားပါတယ်။
USDP နဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေကြားမှာ တရားဝင်ဆက်ဆံရေးမျိုး မရှိပေမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ ပါတီရဲ့ကြွေးကြော်သံက သူတို့ကို ရွေးကောက်ဖို့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေကို သေချာပေါက်သိမ်းသွင်းခဲ့ပါတယ်။ USDP က အမျိုးသားရေးဆောင်ပုဒ်ဖြစ်တဲ့ အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ခြင်း ဆိုပြီး ပုံဖော်ခဲ့ပြီး NLD ကိုတော့ ဗုဒ္ဓဘာသာကို ဖျက်ဆီးမယ့်ပါတီအဖြစ် ပုံဖော်ခဲ့ပါတယ်။
ရွေးကောက်ပွဲအပြီးမှာတော့ ရှုံးနိမ့်သွားတဲ့ USDP က NLD ပါတီအပေါ် မဲလိမ်မှုနဲ့စွပ်စွဲခဲ့ပေမယ့် လက်ရှိအချိန်အထိ ဘာသက်သေမှ မပြနိုင်ခဲ့ပါဘူး။ တင်းမာမှုတွေနဲ့ သတင်းမှားတွေ အွန်လိုင်းပေါ်ပျံ့နှံ့မှု မြင့်မားလာချိန်မှာတော့ စစ်တပ်က အာဏာသိမ်းခဲ့ပါတော့တယ်။
ဘာသာရေးဗဟိုပြု အမျိုးသားရေးဝါဒီတွေအပြင် မြန်မာစစ်တပ်က ဗုဒ္ဓဘာသာ အမျိုးသားရေး ဝါဒီတွေရဲ့ ထောက်ခံမှုတွေကို ရယူနေတယ်ဆိုတာ ပိုပြီးသိသာစေတဲ့ နောက်ထပ်အချက်တစ်ချက်က ထင်ရှားတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်သုံးပါး (အရှင်သောဘိတ၊ ရွှေညဝါဆရာတော်နှင့် မြဝတီဆရာတော်) တို့က စစ်တပ်နဲ့ အစွန်းရောက် ဗုဒ္ဓဘာသာအမျိုးသားရေး အဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြတဲ့ အတွက် ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်ရပ်တွေပါ။
ဒီအချက်ကိုကြည့်ရင် ဗုဒ္ဓဘာသာဘုန်းတော်ကြီး အသိုင်းအဝိုင်းအတွင်း အစွန်းရောက်အမျိုးသားရေး ဝါဒီတွေနဲ့ စစ်တပ်ကို နိုင်ငံအပေါ် ခြိမ်းခြောက်နေကြသူတွေအဖြစ် ရှုမြင်ထားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့်လည်း စစ်တပ်အတွက်ကတော့ အမျိုးသားရေးဝါဒီတွေက လည်း အားကိုးအားထား ပြုနိုင်လောက်တဲ့ မဟာမိတ်တွေ မဟုတ်ပြန်ပါ ဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာစစ်တပ်က သူတို့အကျိုးစီးပွားနဲ့ မကိုက်ညီရင် ဘယ်သူ့ကိုမှ မထောက်ခံတဲ့အတွက်ကြောင့်ပါ။ ဒါကို သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
ဘုန်းမောင်
“The Conversation” တွင်ဖော်ပြထားသော “The Military Coup in Myanmar Presents Opportunities to Buddhist Nationalists” ကို ဆီလျော်အောင်ရေးသားပါသည်။