အမုန်းစကား စိစစ်ထိန်းချုပ်ရေး ပိုမိုကောင်းမွန်အောင် ဖေ့စ်ဘုတ်ကုမ္ပဏီ ဆောင်ရွက်နေဟုဆို

နိုဝင်ဘာတွင် ကျင်းပတော့မည့် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ မတိုင်မီကာလအတွင်း အမုန်းစကားများ၊ အကြမ်းဖက်မှုများ ပေါ်ပေါက်အောင် လှုံ့ဆော်မှုများပါဝင်သည့် အကြောင်းအရာများကို ဖယ်ရှားရန်နှင့် သတင်းအချက်အလက် အမှားများ ဖြန့်ဝေမှုကို ကာကွယ်နိုင်အောင် ကြိုတင်ပြင်ဆင်နေကြောင်း ဖေ့စ်ဘုတ်ကုမ္ပဏီက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

By Foreign Desk 01 Sep 2020

Photo - Bangkok Post

နိုဝင်ဘာတွင် ကျင်းပတော့မည့် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ မတိုင်မီကာလအတွင်း အမုန်းစကားများ၊ အကြမ်းဖက်မှုများ ပေါ်ပေါက်အောင် လှုံ့ဆော်မှုများပါဝင်သည့် အကြောင်းအရာများကို ဖယ်ရှားရန်နှင့် သတင်းအချက်အလက် အမှားများ ဖြန့်ဝေမှုကို ကာကွယ်နိုင်အောင် ကြိုတင်ပြင်ဆင်နေကြောင်း ဖေ့စ်ဘုတ်ကုမ္ပဏီက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

သြဂုတ်လ ၃၁ ရက်နှင့် နိုဝင်ဘာလ ၂၂ ရက်အတွင်း ရေးသားကြသည့် အကြောင်းအရာများထဲမှ မဲပေးမှုကို အတားအဆီးဖြစ်စေသော အချက်များ၊ ရွေးကောက်ပွဲဖြစ်စဉ်၏ မှန်ကန်မှုကို ပျက်စီးစေနိုင်သော အကြောင်းအရာများနှင့် ဆက်စပ်၍ “စိစစ်နိုင်သော အချက်အလက်အလွဲများနှင့် စိစစ်ရန် မလွယ်ကူသော ကောလာဟလများ” အား ပယ်ဖျက်သွားမည်ဟု ကုမ္ပဏီ၏ ဘလော့တွင် ရေးသားထားသည်။

 “ဥပမာအားဖြင့် - ကိုယ်စားလှယ်လောင်းတစ်ဦးသည် မြန်မာနိုင်ငံသား မဟုတ်ဘဲ ဘင်္ဂါလီဖြစ်နေသဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရှိ။” ဟု စွပ်စွဲပြောကြားသည့် ရေးသားချက်များအား ဖယ်ရှားသွားမည်ဟု ဖေ့စ်ဘုတ်က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်များကြောင့် နိုင်ငံစွန့်ခွာ ထွက်ပြေးခဲ့ရသူ မွတ်ဆလင်စုစုပေါင်း ၇၃၀,၀၀၀ ကျော်ရှိသည်။ အဆိုပါဖြစ်စဉ်နှင့်အတူ ဖေ့စ်ဘုတ်သည်လည်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ အကြမ်းဖက်မှုများအား မီးလောင်ရာလေပင့်သလို ဖြစ်စေခဲ့သော အမုန်းစကားများ ဖြန့်ဝေမှုတွင် ဖေ့စ်ဘုတ်သည် အဓိကတာဝန်ရှိခဲ့သည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက ပြောကြားထားသည်။

ဖေ့စ်ဘုတ်ကုမ္ပဏီကမူ မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများ၏ တရားဝင် ဖေ့စ်ဘုတ်အကောင့်များကို စိစစ်ရန် မိတ်ဖက် အဖွဲ့အစည်း နှစ်ခုနှင့် ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင် အချက်အလက် စိစစ်ရေးအတွက် မိတ်ဖက်ကုမ္ပဏီ သုံးခုရှိပြီး ၎င်းတို့မှာ BOOM၊ AFP Fact Check နှင့် Fact Crescendo တို့ဖြစ်ကြောင်း ပြောကြားသည်။

ဖေ့စ်ဘုတ် မက်ဆေ့ (Message) အား မျှဝေ (Forward) လုပ်နိုင်သည့် အကြိမ်အရေအတွက်ကို ငါးကြိမ်အထိသာ ဆောင်ရွက်နိုင်အောင် ကန့်သတ်ထားသည့် လုပ်ဆောင်ချက်အသစ် တစ်ခုကိုလည်း စမ်းသပ်နေကြောင်း ဖေ့စ်ဘုတ်က ဆိုသည်။

မြန်မာနိုင်ငံအတွင်း ယခုနှစ် ပထမသုံးလပတ် ကာလတွင် ကုမ္ပဏီ၏ တားမြစ်ချက်များ (Facebook Standards) အား ဖောက်ဖျက်ရေးသားသဖြင့် စိစစ်အရေးယူခဲ့သည့် အကြောင်းအရာ ၅၁၀၀၀ ရှိခဲ့ရာမှ ဒုတိယ သုံးလပတ်ကာလအတွင်း အကြောင်းအရာ ၂၈၀၀၀၀ ခုအထိ စိစစ်အရေးယူခဲ့ကြောင်း ဖေ့စ်ဘုတ်က ပြောကြားသည်။

မကြာသေးမီနှစ်များအတွင် ဖေ့စ်ဘုတ်နှင့် အခြား ဆိုရှယ်မီဒီယာ ပလက်ဖောင်းများသည် သတင်းအချက်အလက် အမှားများ ပျံ့နှံ့စေမှုကြောင့် ကမ္ဘာတစ်ဝန်းရှိ လှုပ်ရှားတက်ကြွသူများ၊ စောင့်ကြည့်အဖွဲ့အစည်းများ နှင့် အစိုးရများ၏ ဝေဖန်မှုများကို ရင်ဆိုင်နေရသည်။

ဗီဒီယိုများ