- အမေရိကန်နှင့် မဟာမိတ်များ ‘ဒရုန်း’သင်္ဘောများ စမ်းသပ်
- ရေဘေးသင့် ဖုံသာချောင်းဒေသတွင် ငှက်ဖျားနှင့် ဝမ်းရောဂါ အဖြစ်များနေ
- ဒုက္ခသည်အရေး အဆုံးမရှိ ထိုင်စောင့်နေ၍မရဟု ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ်ပြော
- လေကြောင်းဗုံးကြဲမှုကြောင့် ရခိုင်တွင် လေးရက်အတွင်း အရပ်သား သေဆုံးဒဏ်ရာရသူ ၂၅ ဦးရှိ
- ဂွတိုက်ပွဲ ပြင်းထန် (ကုလားပြင်ရွာမှ စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး)
မရေရာသောမျှော်လင့်ချက်များနှင့် မြန်မာနိုင်ငံမှ မွတ်ဆလင်များ
ထူးမောင် (အမည်လွှဲ)သည် သူ၏ မိတ်ဆွေဟောင်းများနှင့် နေ့လယ်စာအတူစားရန် ထိုင်လိုက်သည်။ သာမန် အပြုအမူတစ်ခုသာ ဖြစ်သော်လည်း ရခိုင်ပြည်နယ်ရှိ သူတို့ဒေသတွင်တော့ ထူးခြားနေသည်။ အဘယ်ကြောင့်ဆိုသော် ထူးမောင်သည် မွတ်ဆလင်ဖြစ်ပြီး သူ၏မိတ်ဆွေများမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်နေသောကြောင့်ပင်။
29 Nov 2019
ထူးမောင် (အမည်လွှဲ)သည် သူ၏ မိတ်ဆွေဟောင်းများနှင့် နေ့လယ်စာအတူစားရန် ထိုင်လိုက်သည်။ သာမန် အပြုအမူတစ်ခုသာ ဖြစ်သော်လည်း ရခိုင်ပြည်နယ်ရှိ သူတို့ဒေသတွင်တော့ ထူးခြားနေသည်။ အဘယ်ကြောင့်ဆိုသော် ထူးမောင်သည် မွတ်ဆလင်ဖြစ်ပြီး သူ၏မိတ်ဆွေများမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်နေသောကြောင့်ပင်။
သူတို့သည် ယခင်ကတော့ အိမ်နီးချင်းများ ဖြစ်ကြသည်။ ယခုအချိန်တွင်တော့ ညမထွက်ရအမိန့် ရှိနေသဖြင့် ခွင့်ပြုချိန်တွင်သာ လာရောက်လည်ပတ်ခွင့်ရပြီး အချိန်ကျလျှင် ရွှံ့ဗွက်များကြားရှိသူ့စခန်းသို့ ပြန်ရတော့မည်။ ၎င်းစခန်းတွင် ထူးမောင်အပါအဝင် ကျောက်ဖြူက မွတ်ဆလင်ဘာသာဝင်များကို ထိန်းသိမ်းထားသည်မှာ ခုနစ်နှစ်ရှိခဲ့ပြီ။
၂၀၁၂ တွင် ပေါ်ပေါက်ခဲ့သည့် မြန်မာပြည်အနောက်ပိုင်းက ပြည်တွင်း မငြိမ်မသက်မှုသည် ထူးမောင်တို့၏ မြို့ကို လည်း ရိုက်ခတ်ခဲ့သည်။ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးအား မွတ်ဆလင်အမျိုးသားများက အဓမ္မပြုကျင့်သည် ဟူသော စွပ်စွဲမှုများ ပြန့်နှံ့ပြီးနောက်တွင် မငြိမ်သက်မှုများ စတင်လာခဲ့ခြင်းဖြစ်သည်။
နောက်ဆက်တွဲဆူပူအကြမ်းဖက်မှုများ ပေါ်ပေါက်လာပြီးနောက်တွင် ရဲတပ်ဖွဲ့က မွတ်ဆလင်များ၏ လုံခြုံရေး အတွက်ဟုဆိုကာ တစ်နေရာတွင် စုစည်းထားလိုက်ရာမှ ထိုနေရာသည် နောက်ပိုင်းတွင် မွတ်ဆလင်စခန်းကြီး ဖြစ်လာခဲ့တော့သည်။
မငြိမ်မသက်မှုများကြောင့် လူပေါင်း ၂၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာ နေရာရွှေ့ပြောင်း ခဲ့ရကာ ငါးနှစ်ခန့်အကြာတွင် ရခိုင်မြောက်ပိုင်းမှ ထွက်ပြေးခဲ့ရသော မွတ်ဆလင် သိန်းချီရှိသွားပြီဖြစ်သည်။
လူထုအကြား ကာလရှည်ကြာ အမြစ်တွယ်ခဲ့သည့် သံသယစိတ်နှင့် ဘာသာကွဲပြားမှုများကြောင့် ပြန်လည် သင့်မြတ်ရန် မဖြစ်နိုင်ဟု အများစုက ယူဆကြသလို အာဏာပိုင်များကလည်း အသိုင်းအဝိုင်းနှစ်ခုကြား ရောထွေးယှက်တင် ဖြစ်လာလျှင် မငြိမ်သက်မှုများ ထပ်မံပေါ်ပေါက်လာနိုင်သည်ဟု ပြောဆိုကြသည်။
သို့သော်လည်း ကျောက်ဖြူမှ မွတ်ဆလင်တစ်ချို့ကတော့ ယခင်ကရှိခဲ့သည့် ခင်မင်မှုများ လွယ်လွယ်နှင့် မပျက်နိုင်ဟု ယူဆကာ သူတို့၏ မိတ်ဆွေများနှင့် ဆက်ဆံရေးကို သတိနှင့် ထိန်းသိမ်းထားကြလေသည်။
“မြို့ကလူတွေက ကျွန်တော်တို့ကို ရန်မရှာဘူး” ဟု ထူးမောင်ကပြောသည်။ သူတို့အား တိုက်ခိုက်သူမှာ ပြင်ပမှရောက်လာသော သူစိမ်းများသာဖြစ်သည်ဟု ဆိုသည်။
ကျောက်ဖြူမှ ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက မိမိတို့အနေဖြင့် မွတ်ဆလင် များကို ကြိုဆိုရန် အသင့်ရှိသော်လည်း အစိုးရက မီးစိမ်းပြမှသာ ဆက်လက်ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။
စခန်းထဲကလူတွေအားလုံး နိုင်ငံသားတွေပါ ဟုသူကဆိုသည်။ သူတို့မြို့ရှိ မွတ်ဆလင်များအား စာနာ ထောက်ထားမှု နည်းပါးခြင်းအပေါ်လည်း သူက ဝေဖန်လိုက်သည်။
ထူးမောင်အပါအဝင် စခန်းမှ မွတ်ဆလင်များသည် မြို့တွင်းသို့ တစ်ကြိမ်လျှင် နှစ်နာရီသာ ဝင်ရောက်ခွင့်ရှိပြီး ၎င်းအချိန်တွင်လည်း လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များ၏ စောင့်ကြပ်မှုဖြင့် နေထိုင်ရခြင်းဖြစ်သည်။
ထူးမောင်ကတော့ သူ၏အတိတ်ကာလအချိန်များကို နှမြောနေသည်။
“ကျွန်တော် အရမ်းဝမ်းနည်းတယ်၊ ဒါမျိုးဖြစ်လာမယ်လို့ တစ်ခါမှမတွေးမိဘူး” ဟု ထူးမောင်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။ တစ်ချိန်က သူတို့၏ နေအိမ်များ ရှိခဲ့ရာနေရာကို ငေးရင်း ကျွန်တော်တို့က တရားမဝင်ဘူး ဟု သူကဆိုသည်။
ထူးမောင်အပါအဝင် စခန်းမှ မွတ်ဆလင်အများအပြားမှာ ကမန်လူမျိုးများဖြစ်သည်။ ကမန်သည် ဗုဒ္ဓဘာသာဝင် အများစုရှိရာ မြန်မာနိုင်ငံတွင် တရားဝင်အသိအမှတ်ပြုထားသည့် လူနည်းစု တိုင်းရင်းသားဖြစ်ပြီး ရိုဟင်ဂျာဆိုသူများနှင့် မတူပေ။ သို့သော် ပြဿနာများ ပေါ်ပေါက်လာချိန်၌ သူတို့သည်လည်း သိမ်းကျုံးပြီး စခန်းသို့အပို့ခံခဲ့ရသည်။
တိုက်ခိုက်မှုများ မဖြစ်မီက သူတို့အထဲက တစ်ချို့မှာ ကျောင်းဆရာများ၊ ရှေ့နေများဖြစ်ကြသည်။ သယ်ယူပို့ ဆောင်ရေး လုပ်ကိုင်သူများလည်း ရှိသည်။ မြို့တွင်းမှ ထိုအလုပ်အကိုင်များကို လက်ရှိအချိန်မှာတော့ (ဗုဒ္ဓဘာသာဝင်) ရခိုင်တိုင်းရင်းသားများ ဝင်ရောက်လုပ်ကိုင်နေကြပြီ ဖြစ်သည်။ မွတ်ဆလင်တို့၏ မပျက် စီးဘဲကျန်နေသေးသော အိမ်ရာများကိုလည်း ယခုအချိန်တွင် သူတို့ နေရာဝင်ယူထားကြသည်။
ဒေါ်စောပုချေဆိုသူ ဦးဆောင်သည့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်းတစ်ခုကတော့ သူတို့၏ ရုံးကို မြို့တွင်းရှိ ဗလီတစ်လုံးတွင် ဖွင့်လှစ်ထားသည်။ ၎င်းဗလီသည် ၂၀၁၂ မတိုင်မီအထိ မွတ်ဆလင်များ ဝတ်ပြုခဲ့သည့်နေရာ ဖြစ်သည်။
နံရံပေါ်တွင် တစ်ချိန်က အစ္စလာမ်မစ်သင်္ကေတများ ရှိခဲ့ရာနေရာများကို ကော်ထုတ်ခံထားရခြင်းက ၂၀၁၂ အကြမ်းဖက်မှုများ၏ အထင်ကရ သက်သေများဖြစ်သည်။
အသက် ၅၃ နှစ်အရွယ် အမျိုးသမီးကြီးကတော့ သူမ၏ မွတ်ဆလင်မိတ်ဆွေများသည် စခန်းမှ ဈေးသို့သွားချိန် သူမထံသို့ တစ်ခါတစ်လေ အလည်ဝင်ကြသည်ဟု ပြောရင်း ၎င်းအဆောက်အအုံအား အသုံးပြုနေခြင်းကို ခုခံပြောဆိုသည်။
“ကျွန်မတို့က ငယ်ငယ်တည်းကပေါင်းလာတာ။ သူတို့ကို ကျွန်မကောင်းကောင်းသိတယ်၊ သူတို့က ဒီမှာနေတာ မျိုးဆက်နဲ့ချီရှိပြီ” ဟု ဒေါ်စောပုချေကပြောသည်။ မြောက်ပိုင်းမှ မွတ်ဆလင်များကတော့ မဖိတ်ခေါ်ဘဲ ရောက်လာသည့် အပြင်လူများသာဖြစ်သည်ဟု သူမက ဆိုသည်။
ကျောက်ဖြူ စခန်းမှ လူများကတော့ သူတို့၏ဘဝများကို ပြန်လည်အခြေချလိုစိတ် ပြင်းပြနေကြသည်။
“ဒီမှာက အကျဉ်းကျနေသလိုပါပဲ” ဟု စခန်းခေါင်းဆောင် ဦးဖြူချေကဆိုသည်။
“ဘာအလုပ်မှမရှိဘူး၊ ဆေးဝါးအထောက်အပံ့ ရဖို့တောင် တော်တော်တောင်းဆိုနေရတယ်” ဟု သူကဆို သည်။
ရခိုင်ပြည်နယ် အလယ်ပိုင်းရှိ ဒုက္ခသည်စခန်းများတွင် မွတ်ဆလင် ၁၃၀,၀၀၀ ခန့်သည် ဒုက္ခဆင်းရဲခံပြီး ရုန်းကန်နေကြရသည်။ သူတို့ထက် မဆိုစလောက်မျှ အခြေအနေကောင်းသည်ဟု ပြောနိုင်သော မွတ်ဆလင် ထောင်ပေါင်းများစွာမှာလည်း လွတ်လပ်စွာသွားလာခွင့်မရဘဲ ကျေးရွာအများအပြားတွင် ပိတ်မိလျက်ရှိသည်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ အဖွဲ့ကမူ ယခုဖြစ်ရပ်ကို လူမျိုးရေးခွဲခြားမှု အသွင်ဆောင်သွားသော စနစ်တကျ ပုံစံသွင်း ခွဲခြားဆက်ဆံမှုဟု သုံးစွဲဖော်ပြသည်။
စခန်းတွင်းမှ လူများ၏ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရပိုင်ခွင့် နည်းပါးလာမှုအား “လက်ခံနိုင်စရာမရှိသော ရာဇဝတ်မှု” မှုဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ လော်ရာဟိတ်က ဖော်ပြသည်။
အငြင်းပွားဖွယ်ရာ သက်သေခံကတ် (National Verification Card – NVC) လက်ခံရေးအတွက် မွတ်ဆလင် အများအပြားမှာ ဖိအားပေးခံနေကြရသည်။ NVC ကတ်သည် နိုင်ငံသားဖြစ်ခွင့် ရှိ၊ မရှိ စိစစ်ခံရမည့်သူအား ယာယီကိုင်ဆောင်ရန် အစိုးရက ပေးထားသော သက်သေခံကတ်ပြားဖြစ်သည်။
လူ့အခွင့်အရေး အဖွဲ့အစည်းများက NVC ကတ်သည် မွတ်ဆလင်များအား ဖြီးဖြန်းထားသည့် လှိမ့်လုံးတစ်ခု သာဖြစ်ကြောင်း ရှုတ်ချဝေဖန်ထားကြသည်။ မွတ်ဆလင်များအား နိုင်ငံသားအခွင့်အရေး အပြည့်အဝ ပေးသင့် ကြောင်းလည်း ၎င်းတို့က ပြောကြားသည်။
ရှုပ်ထွေးများပြားလှသော စိစစ်ရေးအဆင့်ဆင့်ကို အောင်မြင်စွာကျော်ဖြတ်ပြီး နိုင်ငံသားဖြစ်ခွင့်ရသူမှာ လက်တစ်ဆုပ်စာ လူနည်းစုသာ ရှိသေးသည်။ အာဏာပိုင်များကတော့ မည်သည့်ထင်မြင်ယူဆချက်မှ မပေးပေ။
နိုင်ငံတကာဖိအားများကြောင့် အစိုးရသည် ဒုက္ခသည်စခန်းများကို ပိတ်သိမ်းပေးမည်ဟု ကြေညာထားသည်။ သို့သော်လည်း ၎င်းအစီအစဉ်အရ ဆိုလျှင် စခန်းမှဒုက္ခသည်များသည် သူတို့စွန့်ခွာခဲ့ရသော မူလနေအိမ်များ တွင် ပြန်လည်နေထိုင်ခွင့် ရမည်မဟုတ်ပေ။ ၎င်းအစား ဒုက္ခသည်စခန်းများအနီး၌ ဆောက်လုပ်ပေးထားသော နေအိမ်များတွင်သာ နေရာချထားပေးမည်ဖြစ်သည်။ ထိုနေရာသစ်များတွင်လည်း သွားလာလှုပ်ရှားခွင့်အား တင်းကြပ်စွာ ပိတ်ပင်ခံထားရဆဲသာ ဖြစ်နိုင်သည်။
ကုလသမဂ္ဂ၊ NGO များနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများကမူ ၎င်းအစီအစဉ်သည် “ပြဿနာမဖြစ်အောင် ကြိုတင်ကာကွယ်သည့် အနေနှင့် သီးသန့်ခွဲထားခြင်း” ပုံစံမျိုးသာဖြစ်သွားမည်ကို စိုးရိမ်လျက်ရှိပြီး ရခိုင်မှမွတ်ဆလင်များကို ရပိုင်ခွင့်များ အပြည့်အဝပေးအပ်ရန် တိုက်တွန်းထားကြသည်။
ဦးဖြူချေကတော့ “ကျွန်တော်တို့ရဲ့ လူ့အခွင့်အရေးတွေ အကုန်ချိုးဖောက်ခံနေရတယ်” ဟု ဆိုလေသည်။
စောသန္တာအေး
(ကိုးကား - Myanmar town offers glimmer of hope for Muslims enduring 'apartheid', AFP)