အနောက်၏ မြန်မာ့မူဝါဒအတိုင်း ဂျပန်က နောက်မြီးဆွဲ မလျှောက်သင့်

ဂျပန်သည် မြန်မာစစ်တပ်၏ အပြောင်းအလဲအတွက် အနောက်မူဝါဒအတိုင်း လျှောက်လှမ်းနေခြင်းထက် ပေါင်းကူးနေရာမှ ရပ်တည်ဆောင်ရွက်သင့်သည်ဟု ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း (Japan-Myanmar Association) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

By Foreign Desk 27 May 2021

ပုံစာ - ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၆ စက်တင်ဘာလအတွင်းက တွေ့ဆုံစဉ်။ (ဓာတ်ပုံ - Kyodo)

DMG ၊ မေ ၂၇
ဘာသာပြန်သတင်းဆောင်းပါး

ဂျပန်သည် မြန်မာစစ်တပ်၏ အပြောင်းအလဲအတွက် အနောက်မူဝါဒအတိုင်း လျှောက်လှမ်းနေခြင်းထက် ပေါင်းကူးနေရာမှ ရပ်တည်ဆောင်ရွက်သင့်သည်ဟု ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း (Japan-Myanmar Association) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

“ဂျပန်ဟာ အနောက်ရဲ့ မူဝါဒနောက်က မဆင်မခြင် လိုက်နေခြင်းထက် အမေရိကန်နဲ့ အခြား ဒီမိုကရေစီနိုင်ငံတွေနဲ့ တပ်မတော်တို့အကြား ပေါင်းကူးသဖွယ် ရပ်တည်ဆောင်ရွက်သင့်တယ်လို့ ကျွန်တော် ပြောလိုပါတယ်” ဟု အသင်း၏ အထွေထွေအတွင်းရေးမှူး ယုဆုကဲ ဝါတာနာဘေးက Diplomat မဂ္ဂဇင်း၏ သဘောထားအမြင်ကဏ္ဍတွင် ရေးသားထားသည်။

ဂျပန်သည် မြန်မာအား ကူညီထောက်ပံ့မှု အများအပြား ပေးအပ်ထားသည့် နိုင်ငံဖြစ်သည်။ အမေရိကန်နှင့် ဗြိတိန်ကဲ့သို့ နိုင်ငံများက မြန်မာစစ်တပ်အား အရေးယူဒဏ်ခတ်မှုများ ဆောင်ရွက်နေသော်လည်း ဂျပန်ကမူ မြန်မာအပေါ် တင်းကြပ်သော ပိတ်ဆို့မှုများ ချမှတ်ထားခြင်း မရှိပေ။

 “ဂျပန်ဟာ မြန်မာနဲ့ ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေးမိတ်ဖက် ဆက်ဆံရေး ရှိနေခဲ့ပါပြီ။ ဒီအချက်ကို အားယူပြီး တရုတ်ရဲ့ ပထဝီစီးပွားရေး လွှမ်းမိုးမှုကို တွန်းလှန်ဖို့အတွက် တပ်မတော်နဲ့ တိုက်ရိုက် လုပ်ကိုင်ဆောင်ရွက် နိုင်ပါတယ်” ဟု ဝါတာနာဘေးက ဖြည့်စွက်ပြောကြားသည်။ မြန်မာအပေါ် ရုရှား၏ သြဇာ ကြီးမားလာခြင်းကိုလည်း ဝါတာနာဘေးက သတိပေးထားသည်။

ဂျပန်အစိုးရသည် မြန်မာထံသို့ အကူအညီအသစ်များ မပေးအပ်ဘဲ ရပ်ဆိုင်းထားသော်လည်း လက်ရှိ ပေးအပ်ထားသည့် အထောက်အပံ့များကိုမူ ဆက်လက် ပေးအပ်လျက်ရှိသည်။

မြန်မာနှင့် အဆက်အဆံ ဖြတ်တောက်ရန် အလျင်စလို ပြုမူလိုက်ပါက တရုတ်အတွက် အသာစီးပိုရသွားမည် ဖြစ်ကြောင်း ဂျပန်အစိုးရ  အကြီးတန်းအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီလအတွင်း ပြောကြားခဲ့သည်။

ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်းကို ယုဆုကဲဝါတာနာဘေး၏ ဖခင်နှင့် ဂျပန် နိုင်ငံရေးသမား ဟိဒဲအို ဝါတာနာဘေးတို့ ထူထောင်ခဲ့သည်။ မြန်မာ၌ ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုများကို အထောက်အပံ့ပေးနိုင်ရန် ထူထောင်ထားခြင်း ဖြစ်ကာ မြန်မာစစ်တပ်နှင့် နီးကပ်သည့် ဆက်ဆံရေး ရှိသည့် အသင်းလည်း ဖြစ်သည်။ အသင်း၌ ဂျပန်အစိုးရ၏ အငြိမ်းစား ထိပ်ပိုင်းအရာရှိများ၊ စီးပွားရေးသမားများနှင့် ဂျပန်ကုမ္ပဏီကြီးများ၏ အဖွဲ့ဝင်များ ပါဝင်သည်။

မစ္စတာ ဟိဒဲအိုဝါတာနာဘေးသည် ယခင်က အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦး ဖြစ်ပြီး မြန်မာနိုင်ငံနှင့် စီးပွားဘက် ဆက်ဆံရေးအတွက် တိုကျိုဘက်မှ အဓိက ကျသူတစ်ဦး ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ်ခေါင်းဆောင်ပိုင်းနှင့် ကာလရှည်ကာ အနီးကပ် လုပ်ကိုင်ဆောင်ရွက်ဖူးသူ ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများသည် မကြာသေးမီနှစ်များအတွင်း တရုတ်အစိုးရ၏ ရပ်ဝန်းနှင့်လမ်း စီမံကိန်းနှင့်အတူ တဟုန်ထိုး မြင့်တက်ခဲ့သည်။
 

“ဂျပန်အနေနဲ့ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒိုပစိဖိတ်အတွက် စစ်တပ်ဦးဆောင်တဲ့ အစိုးရအပေါ် လမ်းကြောင်းညွှန်ပြပေးနိုင်ရေး ဆိုတဲ့ သမိုင်းပေးတာဝန်ကို နားလည် သဘောပေါက်ရပါမယ်။ အမေရိကန်နဲ့ တခြား ဒီမိုကရေစီ မဟာမိတ်နိုင်ငံတွေရဲ့ လမ်းကြောင်းနဲ့ မတူဘဲ သွေဖီနေခဲ့ရင်တောင်မှ ဂျပန်အနေနဲ့ မစိုးရိမ်ဘဲ ဆက်လက် လျှောက်လှမ်းရမှာ ဖြစ်ပါတယ်” ဟု ဝါတာနာဘေးက ရေးသားထားသည်။

ရည်ညွှန်း - Japan should not follow the Western policy on Myanmar - Diplomat op-ed, REUTERS

ဗီဒီယိုများ