- လေကြောင်းအန္တရာယ်ကြောင့် ရခိုင်ဒေသခံအချို့ အိန္ဒိယသို့ ပြောင်းရွှေ့နေထိုင်
- ရခိုင် ရေပိုင်နက်ထဲသို့ ခိုးဝင်ငါးဖမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၀ ကျော်ကို AA ဖမ်းဆီးထား
- ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ် ၇၀ ရာခိုင်နှုန်းကျော်တွင် စစ်ရေးပဋိပက္ခရှိနေ၍ လူထုအန္တရာယ် များနိုင်
- ပူတင်နှင့် ကင်ဂျုံအန်း တရုတ်စစ်ရေးပြပွဲ တက်မည်
- ဖားကန့်ဒေသခံများကို စစ်ကောင်စီ ပေါ်တာဆွဲနေ
ပူတင်နှင့် ကင်ဂျုံအန်း တရုတ်စစ်ရေးပြပွဲ တက်မည်
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် ကျင်းပရန်စီစဉ်ထားသည့် ဧရာမ စစ်ရေးပြပွဲကြီးသို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့လည်း တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်သည်။
28 Aug 2025

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် ကျင်းပရန်စီစဉ်ထားသည့် ဧရာမ စစ်ရေးပြပွဲကြီးသို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့လည်း တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်သည်။
စက်တင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့ တရားဝင်လက်နက်ချသည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြပွဲသို့ အရေးပါသည့် ကမ္ဘာ့ခေါင်းဆောင်များအပါအဝင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ အကြီးအကဲများ တက်ရောက်မည်ဟု သြဂုတ်လ ၂၈ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေးဌာန လက်ထောက်ဝန်ကြီး ဟောင်လီက ပြောကြားသည်။
သို့သော်လည်း အနောက်နိုင်ငံများမှမူ ဆလိုဗားကီးယားနိုင်ငံ ဝန်ကြီးချုပ် ရောဘက်ဖီကိုမှလွဲ၍ မည်သည့်ခေါင်းဆောင်မှ တက်ရောက်ရန် မရှိကြောင်း နိုင်ငံခြားရေးဌာန၏ ပြောကြားချက်အရ သိရသည်။
ရုရှားနှင့် မြောက်ကိုရီးယား ခေါင်းဆောင်များကို တရုတ်နှင့် ယခုကဲ့သို့ ပထမဆုံးအကြိမ် တတန်းတည်း မြင်ရမည်မှာ အနောက်နိုင်ငံများ၏ ဖိအားကို ပူးပေါင်းတွန်းလှန်သည့်သဘော ပြသခြင်းလည်း ဖြစ်သည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဘေဂျင်းက ဗျူဟာမြောက် မိတ်ဘက်အဖြစ် ထုတ်ဖော်ပြောကြားထားသော ရုရှားသည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ကျူးကျော်စစ် စတင်ချိန်တည်းက အနောက်နိုင်ငံများထံတွင် စီးပွားရေး ပိတ်ဆို့မှုများ ရင်ဆိုင်နေရသလို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကလည်း သမ္မတပူတင်ကို ဖမ်းဝရမ်းထုတ်ထားသည်။
တရုတ်၏ တရားဝင် မဟာမိတ်ဖြစ်သော မြောက်ကိုရီးယား ဆိုလျှင်လည်း နျူကလီးယား လက်နက်များနှင့် ပဲ့ထိန်းဒုံးကျည်များ ထုတ်လုပ်ရေး လေ့လာစမ်းသပ်မှုများကြောင့် ကုလသမဂ္ဂက ၂၀၀၆ ခုနှစ်တည်းက ဒဏ်ခတ်အရေးယူမှုများ ချမှတ်ထားသော နိုင်ငံဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သည့် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း တီယန်ကျင်းတွင် ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) အစည်းအဝေးသို့ သြဂုတ်လ ၃၁ ရက်နေ့တွင် တက်ရောက်မည် ဖြစ်ကာ ထိုမှတစ်ဆင့် ဘေဂျင်းသို့ ဆက်သွားပြီး အဆိုပါစစ်ရေးပြပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး ဧရာဝတီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။