ယူကေတွင် ခိုလှုံခွင့် တောင်းခံသူများကို နေရာချထားသည့် ဟိုတယ်များရှေ့၌ ဆန္ဒပြမှုများ ဖြစ်ပွား

ပြီးခဲ့သော ရက်ပိုင်းအတွက် ယူကေနိုင်ငံတစ်ဝန်းတွင် ခိုလှုံခွင့်တောင်းခံသူများကို ယာယီနေရာချထားသည့် ဟိုတယ်များရှေ့၌ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။

By Admin 25 Aug 2025

ခိုလှုံခွင့်တောင်းခံသူများကို လက်ခံထားသည်ဟု ယူဆရသည့် လန်ဒန်မှ ဟိုတယ်တစ်ခုရှေ့၌ ရွေ့ပြောင်းများကို ကန့်ကွက်ဆန္ဒပြနေသူတစ်ဦး။ ဓာတ်ပုံ - AFP
ခိုလှုံခွင့်တောင်းခံသူများကို လက်ခံထားသည်ဟု ယူဆရသည့် လန်ဒန်မှ ဟိုတယ်တစ်ခုရှေ့၌ ရွေ့ပြောင်းများကို ကန့်ကွက်ဆန္ဒပြနေသူတစ်ဦး။ ဓာတ်ပုံ - AFP

ပြီးခဲ့သော ရက်ပိုင်းအတွက် ယူကေနိုင်ငံတစ်ဝန်းတွင် ခိုလှုံခွင့်တောင်းခံသူများကို ယာယီနေရာချထားသည့် ဟိုတယ်များရှေ့၌ ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြချက်အရ သိရသည်။

ယူကေအစိုးရသည့် နိုင်ငံသို့ ရောက်ရှိလာသော ခိုလှုံခွင့် တောင်းခံသူများကို နိုင်ငံတစ်ဝန်းရှိ ဟိုတယ်များတွင် ယာယီနေရာချထားရာ ၎င်းအတွက် ကုန်ကျစရိတ်များ အဆမတန်ကြီးမားနေသည့်အတွက် လူထုအကြားတွင် မကျေနပ်ချက်များ ပိုမိုတိုးလာလျက်ရှိသည်။

ပြီးခဲ့သည့်စနေနေ့က နိုင်ငံတစ်ဝန်း ဘရစ်စတို၊ လစ်ဗာပူး၊ နယူးကာဆယ်၊ လန်ဒန်အပါအဝင် မြို့အများအပြား၌ အဆိုပါ ဟိုတယ်များကို ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများသည် "ခိုလှုံခွင့်တောင်းခံသူများကို လက်ခံသည့်စနစ်အား ဖျက်သိမ်းပေး" ဟုရေးသားထားသည့် ပိုစတာများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ခိုလှုံခွင့်တောင်းခံသူများကို နေရာချထားသည့် အက်ပင်မြို့ရှိ ဟိုတယ်တစ်ခုတွင် ရှိနေသူတစ်ယောက်အား အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ပြုလုပ်မှုဖြင့် တရားစွဲဆိုခဲ့ပြီးနောက်တွင် နိုင်ငံတစ်ဝန်း၌ ယခုကဲ့သို့ ဆန္ဒဖော်ထုတ်မှုများ တကျော့ပြန် ဖြစ်ပွားလာခြင်း ဖြစ်သည်။

အများပြည်သူ ရုံးပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနှင့် တနင်္လာနေ့များတွင်လည်း ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်ရန် စီစဉ်ထားကြကြောင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။

လတ်တလော၌ အစိုးရက ခိုလှုံခွင့်တောင်းခံသူများအား လက်ခံစစ်ဆေးပေးသည့် ကိစ္စရပ်များကို မြန်မြန်ဆန်ဆန် ဖြေရှင်းပေးသွားမည်ဟု သြဂုတ်လ ၂၄ ရက်နေ့က ကတိပြုလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။ ခိုလှုံခွင့်တောင်းခံသည့် ဖြစ်စဉ်များအား မြန်မြန်ဆန်ဆန် ဖြေရှင်းပေးနိုင်ရေးအတွက် သီးခြားလွတ်လပ်သည့် အဖွဲ့တစ်ခု ဖွဲ့စည်းကာ ဆောင်ရွက်ပေးမည်ဟု အစိုးရက ပြောကြားထားသည်။

ယူကေတွင် ယခုနှစ် မေလအထိ ဟိုတယ်များ၌ လက်ခံထားသော ခိုလှုံခွင့်တောင်းခံသူ အရေအတွက်သည် ၃၂,၃၄၅ ဦးရှိကြောင်း အစိုးရထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။