အင်ဒိုနီးရှား၊ အမေရိကန်နှင့် မဟာမိတ်များ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်

အင်ဒိုနီးရှားနှင့် အမေရိကန်ပြည်ထောင်စုတို့သည် အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်ရေးအတွက် ရည်ရွယ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဩဂုတ်လ ၂၅ ရက်တွင် စတင်ခဲ့ပြီး အဆိုပါလေ့ကျင့်မှုများတွင် ၁၁ နိုင်ငံမှ မဟာမိတ်များလည်း ပါဝင်မည်ဖြစ်ကာ အချိန်အားဖြင့် တစ်ပတ်ကျော်ကြာမြင့်မည်ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 25 Aug 2025

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့က ဂျကာတာမြို့ရှိ ရေတပ်ကွပ်ကဲရေးနှင့် စစ်ဦးစီးကောလိပ်၌ ပြုလုပ်ခဲ့သော Super Garuda Shield ၂၀၂၅ ဖွင့်ပွဲအခမ်းအနားတွင် အမေရိကန်အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်မှ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဆမ်မြူရယ်လ် ပါပါရို မိန့်ခွန်းပြောကြားစဉ်။ (ဓာတ်ပုံ - AFP)

နှစ်စဉ်လုပ်ဆောင်လေ့ရှိသည့် "Super Garuda Shield" စစ်ရေးလေ့ကျင့်မှုများကို စက်တင်ဘာလ ၄ ရက်နေ့အထိ မြို့တော် ဂျာကာတာ၊ ဆူမားတြားကျွန်း အနောက်ပိုင်းနှင့် ရီအောင်းကျွန်းစုများရှိ နေရာအများအပြားတွင် လုပ်ဆောင်သွားမည်ဖြစ်သည်။

အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်မှ တပ်မှူးဖြစ်သူ ဆမ်မြူရယ်လ် ပါပါရို က ယခုနှစ် စစ်ရေးလေ့ကျင့်မှုများသည် "သမိုင်းတစ်လျှောက် အကြီးမားဆုံး Super Garuda Shield" စစ်ရေးလေ့ကျင့်မှုဖြစ်ပြီး ပါဝင်သည့်နိုင်ငံများ၏ တားဆီးဟန့်တားနိုင်မှု စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ယခုပူးတွဲစစ်ရေးလေ့ကျင့်မှုများတွင် အင်ဒိုနီးရှားစစ်သည် ၄,၁၀၀ ကျော်နှင့် အမေရိကန်စစ်သည် ၁,၃၀၀ တို့အပြင် ဩစတြေးလျ၊ ဂျပန်၊ စင်ကာပူ၊ ပြင်သစ်၊ နယူးဇီလန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများမှ လေ့လာသူများလည်း ပါဝင်မည်ဖြစ်သည်။

ဩစတြေးလျ အပါအဝင် အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်နိုင်ငံအချို့သည် ပစိဖိတ်ဒေသ၌ တရုတ်နိုင်ငံ၏ ဖိအားပေးမှု တိုးမြင့်လာခြင်းကို စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသော်လည်း ဝါရှင်တန်ဘက်ကမူ ယခုကဲ့သို့သော စစ်ရေးလေ့ကျင့်မှုများသည် တရုတ်ကို ပစ်မှတ်ထားခြင်းမျိုး မဟုတ်ကြောင်း ယခင်ကတည်းက ပြောကြားထားသည်။