မြန်မာစစ်တပ် အချုပ်အခြာအာဏာစာမေးပွဲ ကျတယ်
အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အချုပ်အခြာအာဏာပိုင်နိုင်ငံဆိုတာ လူဦးရေ၊ နယ်မြေ၊ အစိုးရနဲ့ အခြားသော အချုပ်အခြာအာဏာပိုင်နိုင်ငံတွေနဲ့ ဆက်ဆံနိုင်တဲ့ စွမ်းပကား ရှိဖို့လိုပါတယ်။ နစကဟာ ဒီလေးချက်စလုံးမှာ ကျပ်မပြည့်ပါဘူး။
05 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၅
(ဘာသာပြန်ဆောင်းပါး)
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ရွေးကောက်ခံအရပ်သားအစိုးရဆီက အာဏာလုယူခဲ့တဲ့ နစက မြန်မာစစ်တပ်အစိုးရဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတော်လို့ သတ်မှတ်တဲ့ သတ်မှတ်ချက်လေးခုကို ပြည့်မီခြင်း မရှိပါဘူး။
အာဏာသိမ်းမှုအလွန် မြန်မာပြည်ဟာ အရပ်သားဦးဆောင်တဲ့ အတိုက်အခံအင်အားစုတွေနဲ့ နစကတို့အကြား ဖြစ်ပွားနေတဲ့ ပြောက်ကျားစစ်ပုံစံ ပြည်တွင်းစစ်အဖြစ် ပြိုလဲပျက်စီးလာနေတဲ့အချိန်မှာ စစ်အစိုးရရဲ့ တရားဝင်မှုနဲ့ ယုံကြည်ရမှုတွေဟာ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။ နစကအနေနဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံကို ကိုယ်စားပြုနိုင်တဲ့ အစွမ်းအစရှိကြောင့် မပြသနိုင်တော့ရင် ဒေသတွင်း အိမ်နီးရှင်းနိုင်ငံတွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဆက်ဆံမယ့် အစားထိုးအာဏာပိုင်အဖွဲ့တစ်ခုကို ရှာဖွေဖော်ထုတ်ဖို့၊ အကဲဖြတ်ဆန်းစစ်ဖို့ လိုလာပါပြီ။
အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အချုပ်အခြာအာဏာပိုင်နိုင်ငံဆိုတာ လူဦးရေ၊ နယ်မြေ၊ အစိုးရနဲ့ အခြားသော အချုပ်အခြာအာဏာပိုင်နိုင်ငံတွေနဲ့ ဆက်ဆံနိုင်တဲ့ စွမ်းပကား ရှိဖို့လိုပါတယ်။ နစကဟာ ဒီလေးချက်စလုံးမှာ ကျပ်မပြည့်ပါဘူး။
ပထမအချက်အနေနဲ့ နစကဟာ နိုင်ငံအဝန်းမှာ စစ်အုပ်ချုပ်ရေးကို လက်နက်ကိုင်တော်လှန်နေကြတဲ့ လူထုကို ရင်ဆိုင်နေရတယ်။ တနည်းပြောရရင် တပ်မတော်လို့ ခေါ်ဆိုတဲ့ မြန်မာစစ်တပ်ဟာ သူအုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ လူထုရဲ့ သဘောတူမှု၊ လက်ခံမှု မရှိပါဘူး။ ၎င်းကို ပြည်သူလူထုက လုံးဝလက်ခံခြင်း မရှိဘူးဆိုတဲ့အချက်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲနှစ်ကြိမ်စလုံးက ရလာဒ်တွေကိုကြည့်ရင် အထင်းသား တွေ့နိုင်ပါတယ်။ နှစ်ကြိမ်စလုံးမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီကို သောင်ပြိုကမ်းပြို မဲပေးခဲ့ကြပြီး စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီကို မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်စေခဲ့ပါတယ်။ ဒါကြောင့် ပြည်သူအများစု ခုခံတော်လှန်နေကြတာဟာ အထူးတလည် အံ့ဩစရာ မရှိပါဘူး။ သူတို့ရဲ့ ဆန္ဒတွေ ငြင်းပယ်ခံရပြီး သူတို့ရဲ့ ဒီမိုကရေစီဆိုင်ရာ အခွင့်အရေးတွေ ဓားပြတိုက်ခံလိုက်ရတဲ့အတွက် သူတို့ရဲ့ ရပိုင်ခွင့်ကို ပြန်ရဖို့ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။
ဒုတိယအချက်အနေနဲ့ နကစဟာ နိုင်ငံခြားရန်စမှုနဲ့ နယ်နိမိတ်တည်တံ့မှုအပေါ် ပြင်ပက ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရတာ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ သို့သော် သူဟာ နိုင်ငံအတွင်း နယ်မြေအတော်များများကို မထိန်းချုပ်ပါဘူး။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ၊ အကြမ်းမဖက်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ပါဝင်တဲ့ NUG အစိုးရ ဦးဆောင်မှုအောက်က စစ်တပ်ဆန့်ကျင်ရေး အတိုက်အခံ မဟာမိတ်အစုအဖွဲ့ဟာ နေရာအတော်များများကို ထိန်းချုပ်ထားပါတယ်။
EAOs တွေ၊ PDFs တွေဟာ လက်နက်ကိုင် တောင်ပံတွေအနေနဲ့ နယ်မြေပိုင်ဆိုင်မှုတွေရထားပြီး စစ်မြေပြင်အောင်ပွဲတွေ ရထားသလို အာဏာရှင်နဲ့ ဆက်နွှယ်တဲ့ အစိုးရအရာရှိတွေ၊ စစ်အရာရှိတွေကိုလည်း ပစ်မှတ်ထား သုတ်သင်ထားနိုင်ပါတယ်။
တတိယကတော့ နစကဦးဆောင်တဲ့ အစိုးရဟာ မေးခွန်းထုတ်စရာ နိုင်ငံတကာ တရားဝင်မှု ရှိနေဆဲ ဆိုတဲ့ အချက်ပါ။ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ သံအမတ်ဟာ NLD အစိုးရလက်ထက်က ဦးကျော်မိုးထွန်း ဖြစ်နေဆဲပါပဲ။
ကုလသမဂ္ဂက အာဏာသိမ်းအစိုးရကို အသိအမှတ်မပြုသေးပါဘူး။ ယခု ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟန်ဆန်းရဲ့ ဦးဆောင်မှုအောက် ကျရောက်နေတဲ့ အာဆီယံကလည်း ပြီးခဲ့တဲ့နှစ် အာဆီယံ ထိပ်သီးအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ခဲ့ပါဘူး။ ဒီဟာအတွက် ဟန်ဆန်းဟာ ပြီးခဲ့တဲ့လက မင်းအောင်လှိုင်ကို နေပြည်တော်မှာ လာတွေ့ခဲ့ပေမယ့် အာဆီယံဟာ လက်ရှိ စစ်အစိုးရကို ထောက်ခံတယ်ဆိုတာ မသေချာသေးပါဘူး။ အခြားတဘက်မှာ NUG က နိုင်ငံခြားအစိုးရတွေ၊ နိုင်ငံတကာ ဇာတ်ကောင်တွေနဲ့ ဆက်ဆံရာမှာ တိုးတက်မှုတွေ ရှိနေပါတယ်။
နောက်ဆုံးအချက်ကို ပြောရရင် နစကဟာ ကမ္ဘာတစ်ဝန်းက အခြားအစိုးရတွေနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ အခက်တွေ့ပါလိမ့်မယ်။ အမေရိကန်နိုင်ငံနဲ့ ဥရောပနိုင်တွေအနေနဲ့ မြန်မာစစ်အစိုးရနဲ့ စားပွဲဝိုင်းတစ်ဝိုင်းတည်း ထိုင်ပြီး ဆက်ဆံဖို့ ဖြစ်နိုင်ခြေ နည်းပါတယ်။ အမေရိကအပါအဝင် နိုင်ငံတွေဟာ နေပြည်တော်အစိုးရအပေါ် ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေတောင် ချထားပါသေးတယ်။ ဒါကြောင့် စစ်အစိုးရမှာ သံတမန်တွေ၊ ဝန်ထမ်းတွေ လက်ဝယ်၌ ရှိကောင်းရှိနေနိုင်ပေမယ့် နိုင်ငံတကာ အစည်းအဝေးတွေမှာ အမြဲလိုလို ထိုင်ခုံ ရနိုင်မယ် မထင်ဘူး။
ဒီအားနည်းချက်တွေအကုန်လုံးက နောက်ဆုံးစစ်အာဏာသိမ်းမှုက လာတာဖြစ်ပါတယ်။ စစ်တပ်ဟာ အတင်းအဓ္ဓမ အာဏာလုယူခဲ့သော်လည်း နိုင်ငံအပေါ် အာဏာသက်ရောက်အောင်၊ သူ့အာဏာ ခိုင်မာတည်မြဲအောင် မလုပ်နိုင်ပါဘူး။ နေပြည်တော်မှာ ထိန်းချုပ်နိုင်ပေမယ့် တခြားဒေသတွေမှာ ထိန်းချုပ်မှု ပြိုလဲနေပါတယ်။ မြန်မာပြည်ရဲ့ ကံကြမ္မာနဲ့ နိုင်ငံရေးအနာဂတ်ကို ပိုမိုဘောင်ကျယ်လာတဲ့ ပြည်တွင်းစစ်ရဲ့ စစ်မြေပြင်အသီးသီးမှာ အဆုံးအဖြတ်ပေးနေပါတယ်။
စစ်အစိုးရကို လက်ရှိအာဏာရှိနေသူဖြစ်တယ်၊ ဒါကြောင့် ဆက်ဆံပတ်သက်ရမယ်ဆိုပြီး ပြောနေကြတဲ့ အာဏာနိုင်ငံရေး လိုလားသူတွေ၊ အာဏာသိမ်းမှုအတွက် ရှေ့နေလိုက်ပေးနေသူတွေ ပြောဆိုနေတာနဲ့ ကွဲလွဲနေတာက တစ်နှစ်အကြာက လုပ်ခဲ့တဲ့ မြန်မာပြည်ရဲ့ စစ်အာဏာသိမ်မှုဟာ ပြီးပြတ်သွားတဲ့ ကိစ္စ မဟုတ်သေးဘူး ဆိုတာပါ။
အခုတစ်ကြိမ် အာဏာသိမ်းမှုဟာ ယခင်အာဏာသိမ်းမှုတွေနဲ့ မတူပါဘူး။ ၁၉၆၂ အာဏာသိမ်းမှုက နှစ်ငါးဆယ်ကြာ စစ်အာဏာရှင်စနစ်နဲ့ အတော်အသင့် စီးပွားရေးဖူလုံမှုကို ဦးတည်သွားခဲ့သလို ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုကလည်း ဒီမိုကရေစီအရေး ထကြွလှုပ်ရှားမှုကို နှိမ်နင်းနိုင်ခဲ့တယ်။ စစ်တပ်က နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကနေ အကျိုးအမြတ်ရရန်အလို့ငှာ ချုပ်ကိုင်မှုကို ဖြေလျှော့ပေးပြီး ၂၀၁၁ ခုနှစ်မှာ နိုင်ငံရေးလွတ်လပ်မှုနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ခွင့်ပြုပေးခဲ့ပြီးနောက် ဆယ်စုနှစ်မှာ ကျယ်ပြန့်နက်ရှိုင်းပြီး ဖျောက်ဖျက်လို့မရတဲ့ အပြောင်းအလဲတွေ ဖြစ်ပွားခဲ့ပါတယ်။ လူတွေရဲ့ မျှော်လင့်ချက်တွေ မြင့်တက်လာခဲ့သလို၊ အခွင်းအလမ်းတွေ ပွင်းလန်းလာပြီး ပြင်ပကမ္ဘာကြီးနဲ့ အဆက်အသွယ်လည်း လမ်းပွင့်လာခဲ့ပါတယ်။ ရလာဒ်ကတော့ ဘယ်စစ်အာဏာရှင်ကမျှ ပြန်သိမ်းလို့မရတဲ့ အင်အားကြီးမားတဲ့ စုပေါင်းနိုးကြားမှုပါပဲ။
မြန်မာပြည်၏ ဒီမိုကရေစီ ပွင့်လန်းမှုမှာ အားနည်းချက်တွေနဲ့ စိန်ခေါ်မှုတွေ ရှိနေခဲ့တာကတော့ သေချာပါတယ်။ လိုအပ်နေခဲ့တဲ့ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးကနေ သွေဖည်ပြီးတော့ အပေါ်အောက်ထိန်းချုပ်မှု၊ ဗျူရိုကရေစီကြိုးနီ၊ ပေါ်လစီအီနေမှုတွေကြောင့် အရပ်သားအစိုးရဟာ အကောင်းအဆိုး ရောပြွမ်းနေတဲ့ ရလာဒ်တွေကိုသာ ဖော်ဆောင်နိုင်ခဲ့တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုက NCA ကို လက်မှတ်ထိုးခဲ့ကြသော်ငြားလည်း တချို့က စစ်တပ်ဆီက ပိုပြီး လွတ်လပ်ဖို့အတွက် ခုခံတော်လှန်နေခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေး မြေစမ်းခရမ်းပျိုးအဆင့်နဲ့ ပြင်တွင်းပဋိက္ခတွေ ရှိနေခဲ့တဲ့ အခြေအနေပါ။
ဒီလိုပြဿနာတွေ ရှိခဲ့စေကာမူ ပြုပြင်ပြောင်းလဲရေး ဆယ်စုနှစ်ဟာ မြန်မာတွေရဲ့ မျက်စိထဲမှာ၊ အထူးသဖြင့် လူငယ်မျိုးဆက်တွေအတွက် ယခင်ခက်ခဲကြမ်းတမ်းခဲ့တဲ့ ဆယ်စုနှစ်တွေထက် အများကြီး ပိုကောင်းခဲ့ပါတယ်။ မြန်မာလူငယ်တွေအတွက်တော့ ICT နဲ့ အခွင့်အလမ်းအသစ်တွေက မောင်းနှင်ပေးခဲ့တဲ့ ကွက်ကျား ပြုပြင်ပြောင်းလဲမှုတွေနဲ့ တုံ့နှေးနှေး တိုးတက်မှုတွေက အမှောင်ခေတ်အတိတ်ကို ဘယ်တော့မှ ပြန်မသွားဖို့အတွက် လုံလောက်နေခဲ့ပါတယ်။
မြန်မာနိုင်ငံက ပြည်သူ့စစ်ပွဲမှာ စစ်မြေပြင် ချိန်ခွင်လျှာ ပြောင်းနေပါတယ်။ စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ရေရှည်တောင့်ခံနိုင်ဖို့ လုပ်နေချိန်မှာ သူ့တို့စစ်အင်အားကျွံနေပြီး စစ်တပ်ဆန့်ကျင်ရေး တပ်သားတွေက သူတို့ထက် လူအင်အားသာနေပါတယ်။ သတင်းတွေမှာ ဖတ်ရတဲ့ တပ်ပြေးတွေရဲ့ အရေအတွက်ကို ထည့်တွက်ရင် အောက်ခြေစစ်သားတွေရဲ့ စိတ်ဓာတ်ကလည်း ပြိုလဲနေပါတယ်။ တိုးမြင့်လာနေတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုကြည့်ရင် မြေပြင်မှာ သူတို့တွေ ရှုံးနေတယ်လို့ ပြောနိုင်ပါတယ်။ အခြားတဘက်မှာ လက်နက်ကိုင် အတိုက်အခံအုပ်စုဟာ အင်အားကြီးထွားလာပြီး ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ သူတို့ဆီက ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို လုယူခဲ့တဲ့ ဗိုလ်ချုပ်တွေကို ဖြုတ်ချပြီး လက်စားချေဖို့ သိန္နိဌာန်ချပြီး စစ်ရေးလေ့ကျင့်နေကြပါတယ်။ စစ်တပ်ဆန့်ကျင်ရေး မဟာမိတ်အုပ်စုအနေနဲ့ လေယာဉ်တိုက်ဖျက်ရေး စွမ်းရည်တွေရလာခဲ့မယ်ဆိုရင် မြေပြင်မှာ စစ်တပ်ကို အနိုင်ယူဖို့ သူတို့ ပိုပြီးအလားအလာ ကောင်းလာဖို့ ရှိပါတယ်။
မြန်မာပြည်ရဲ့ အာဏာသိမ်း စစ်အစိုးရဟာ အချုပ်အခြာအာဏာပိုင် အစိုးရဆိုပြီး ပြောလို့မရတော့တဲ့အတွက် အာဆီယံက ဒီမိုကရေစီထောက်ခံတဲ့ အစိုးရတွေနဲ့ အခြားသော စိတ်တူကိုယ်တူ နိုင်ငံတွေအနေနဲ့ NUG မှသည် PDF က ပေါ်ထွက်လာနေတဲ့ခေါင်းဆောင်တွေ၊ EAOs တွေအထိ အတိုက်အခံ မဟာမိတ်အစုအဖွဲ့နဲ့ ဆက်ဆံတာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်သင့်ပါတယ်။
နစကဘက်က ထိန်းချုပ်မှု ပြိုလဲလာသည်နှင့်အမျှ အတိုက်အခံအုပ်စုအတွက် ကြီးမားတဲ့ စိန်ခေါ်မှုက စည်းလုံးညီညွတ်မှုကို ဘယ်လိုထိန်းထားမလဲ၊ အနာဂတ်အတွက် အလုပ်ဖြစ်နိုင်တဲ့ မျှော်မှန်းချက်၊ ဆောင်ရွက်နိုင်တဲ့ အေဂျင်ဒါတစ်ခုကို ဘယ်လိုချမှတ်မလဲဆိုတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က လုယူခံလိုက်ရတဲ့ ပြုပြင်ပြောင်းလဲရေးဆယ်စုဆယ်ကို အညွှန်းကိန်းတစ်ခုအနေနဲ့ သုံးလို့ရကောင်း ရနိုင်မယ်ထင်ပါတယ်။
Bangkokpost တွင် မူရင်းစာရေးဆရာ THITINAN PONGSUDHIRAK မှ ရေးသားသည့် “Myanmar military fails sovereignty test” အား အောင်ကျော်မှ ဆီလျော်အောင် ပြန်ဆိုသည်။