- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
စစ်ကောင်စီသည် မြန်မာပြည်၏ နေရာအနှံတွင် စစ်ရှုံးကာ စခန်းပေါင်းမြောက်မြားစွာကို လက်လွှတ်ဆုံးရှုံးထားရပြီးနောက် အဆိုပါစခန်း၊ မြို့များကို ပြန်လည်သိမ်းပိုက်ရယူရန် အပြင်းအထန် ကြိုးစားလျက်ရှိကြောင်း AA က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
15 Jul 2025

DMG ၊ ဇူလိုင် ၁၅
မြန်မာနိုင်ငံတဝန်းတွင် တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများကို ပြန်လည်သိမ်းပိုက်ရယူရန် စစ်ကောင်စီက အပြင်းအထန်ကြိုးစားနေကြောင်း အာရက္ခတပ်တော် (AA) က ယနေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီသည် မြန်မာပြည်၏ နေရာအနှံ့တွင် စစ်ရှုံးကာ စခန်းပေါင်းမြောက်များစွာကို လက်လွှတ်ဆုံးရှုံးထားရပြီးနောက် အဆိုပါစခန်း၊ မြို့များကို ပြန်လည်သိမ်းပိုက်ရယူရန် အပြင်းအထန် ကြိုးစားလျက်ရှိကြောင်း AA က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
သို့သော်လည်း စစ်ကောင်စီသည် ယခင်နှစ်များနည်းတူ နေရာအများစုတွင် အထိအခိုက် အကျအဆုံးများစွာနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့၏ တပ်ဖွဲ့ဝင်များမှာလည်း တိုက်ခိုက်လိုစိတ်မရှိဘဲ အချိန်နှင့်အမျှ ထွက်ပြေးရန် ကြိုးစားနေကြောင်း ထုတ်ပြန်ထားသည်။
"သူတို့ (စစ်ကောင်စီ)ရဲ့ လက်ပူတိုက် သင်တန်းပေးထားတဲ့ တပ်ဖွဲ့ဝင်တွေမှာလည်း အထက်တပ်မှူးတွေရဲ့ ဗိုလ်ကျအနိုင်ကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် တိုက်လိုခိုက်လိုစိတ် မရှိတော့ဘဲ နေ့စဉ်နဲ့အမျှ တပ်ကနေ ထွက်ပြေးလျက်ရှိနေကြတယ်" ဟု AA က ဆိုထားသည်။
စစ်ကောင်စီသည် စစ်မှုမထမ်းမနေရ ဥပဒေအား ခုတုံးလုပ်ကာ အတင်းအဓမ္မစစ်သားစုဆောင်း၍ ၎င်းတို့ကို တိုက်ပွဲဖြစ်ပွားနေသည့် ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ပြီး စစ်အင်အား ဖြည့်တင်းနေကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ ပို့ဆောင်ခြင်းခံနေရသော စစ်ကောင်စီ၏ တပ်သားသစ် (သို့မဟုတ်) ပြည်သူ့စစ် တပ်ဖွဲ့ဝင်များသည် တိုက်ခိုက်လိုစိတ်မရှိဘဲ ရှေ့တန်းစစ်မြေပြင်များမှ နီးစပ်ရာ တိုင်းရင်းသား လူမျိုးတော်လှန်ရေးအဖွဲ့များထံ ဘက်ပြောင်းခိုလှုံရန် ကြိုးစားလာကြသည်ဟု AA က ဆိုထားသည်။
" ထွက်ပြေးကြတဲ့သူတွေ တော်တော်များများ ရှိပါတယ်။ ထွက်ပြေးကြတဲ့သူတွေက မလွတ်မြောက်ဘဲ ပြန်ပြီးတော့ ဖမ်းဆီးခံရတာ များတယ်။ ထွက်ပြေးလို့ မလွတ်မြောက်တဲ့သူတွေကို သူတို့က ခြေထောက်တွေ ပေါင်တွေကို သေနတ်နဲ့ ပစ်တယ်။ အဲဒီလို့ ပစ်တာ လေးယောက်တော့ ကျနော်မြင်ခဲ့ဖူးတယ်" ဟု AA ထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ပြည်သူ့စစ် နေလင်းအောင် က ပြောသည်။
ကိုယ်ပိုင်အမှတ် - ပစ/၁၃၄၉၈၁ တပ်သား နေလင်းအောင်သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက်တွင် အမ်း-ပဒါန်း စစ်မြေပြင်မှ တစ်ဆင့် AA ထံ အလင်းဝင်လာသူဖြစ်ပြီး AA က ဇူလိုင် ၁၅ ရက်နေ့တွင် ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင် အထက်ပါအတိုင်း ထွက်ဆိုထားခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ထံတွင် အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူများအနေဖြင့် ဘက်ပြောင်းလိုပါက အချိန်မရွေး ဘက်ပြောင်းလာနိုင်ပြီး ဘက်ပြောင်းလာသူတိုင်း၏ အသက်နှင့် လုံခြုံမှုရရှိစေရေးကို အာမခံကြောင်း AA က အသိပေးထားသည်။
တစ်ဖက်တွင် စစ်ကောင်စီသည် ၎င်းတို့ ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ ဆုံးရှုံးနယ်မြေများကို ပြန်လည်ရရှိအောင် မြေပြင်စစ်အင်အားအပြင် လေကြောင်းတိုက်ခိုက်မှုကို အဓိက အသုံးပြု၍ တန်ပြန်ထိုးစစ်ဆင်နေသည်ဟု စစ်ရေးနိုင်ငံရေးလေ့လာစောင့်ကြည့်နေသူ အမျိုးသားတစ်ဦးက ပြောသည်။
" မြေပြင်မှာ တိုက်ရည်ခိုက်ရည် အတွေ့ကြုံနည်းသူတွေ၊ စစ်မှုထမ်းတွေပဲ ရောက်လာတယ်။ ဆိုတော့ စစ်ကောင်စီက အသည်းအသန်ကြိုးပမ်းနေပေမယ့် တကယ့်မြေပြင်မှာ တွေ့နေရတဲ့ အခြေအနေအရ မှန်းသလောက်ဖြစ်လာနိုင်ဖို့ နည်းတယ်" ဟု ၎င်းက ဆိုသည်။
၁၀၂၇ စစ်ဆင်ရေးကြောင့် နိုင်ငံတဝန်းတွင် နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးထားသော စစ်ကောင်စီသည် ယခုနှစ်၊ မေလကုန်ပိုင်းမှ စ၍ တန်ပြန်ထိုးစစ်များ စတင်လာခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီသည် ရှမ်း၊ ကချင်၊ ကရင်နီ(ကယား)၊ မန္တလေး၊ စစ်ကိုင်းတို့တွင် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် နယ်မြေများကို ထိုးစစ်ဆင်ခြင်းများ ရှိနေသည်။
ဆုံးရှံးနယ်မြေများကို ပြန်လည်သိမ်းပိုက်ရရှိရေး ထိုးစစ်ကြီးများကို စတင်မည်ဖြစ်ပြီး မိုးတွင်းတွင် လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်လုပ်သွားမည်ဟု မေလအတွင်းက နေပြည်တော်၌ ပြုလုပ်သည့် စစ်ရေးဆိုင်ရာအစည်းအဝေးတွင် စစ်ခေါင်းဆောင်က ပြောဆိုထားသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စသည့် ညီနောင်မဟာမိတ်သုံးဖွဲ့၏ " ၁၀၂၇ စစ်ဆင်ရေး" နောက်ပိုင်း နိုင်ငံတစ်ဝန်းတွင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ ဌာနချုပ်၊ တပ်ရင်း၊တပ်စခန်းကြီး/ငယ် ထောင်နှင့်ချီအပါအဝင် မြို့ပေါင်း ၉၆ မြို့ထက်မနည်းကို သိမ်းပိုက် ထိန်းချုပ်ထားသည်။