အရှေ့အလယ်ပိုင်းနိုင်ငံများ အထူး သတိထားရမည့် တရုတ်ကြွေးမြီ

ယူဂန်ဒါနိုင်ငံ၏အဓိကလေဆိပ်နှင့် ကင်ညာနိုင်ငံ၏ အကျိုးအမြတ်များသော မွန်ဘာဆာဆိပ်ကမ်းတို့နှင့် စပ်လျဉ်း၍လည်း တရုတ်သည် အလားတူဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ တရုတ်သည် ကင်ညာမီးရထားလမ်းများတွင် ၎င်း၏ ရင်းနှီး မြှုပ်နှံမှုပြန်လည်ရရှိရန် သေချာစေရေး နည်းလမ်းအဖြစ်  မွန်ဘာဆာဆိပ်ကမ်းကို အလဲအထပ်တစ်ခုသဖွယ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

By မေမိုး 13 Aug 2020

သရုပ်ဖော်ပုံ - The-New-Indian-Express

လက်ဘနွန်နိုင်ငံ၏ စီးပွားရေးအကြပ်အတည်းမှာ ဆိုးဝါးလာနေသည်။ ငွေကြေးတန်ဖိုး ထိုးကျလာခြင်းနှင့်အတူ ငွေကြေးဖောင်းပွမှုမှာလည်း အဆိုးဆုံးဖြစ်နေသည်။ လက်ရှိအခြေအနေမှာ လက်ဘနွန်ပြည်သူနှင့် အစိုးရတို့အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ အရေးပေါ်ရန်ပုံငွေ တောင်းခံထားရသည်။  

သို့စေကာမူ IMF သည် လက်ဘနွန်လူမျိုးအချို့ မျှော်လင့်နေသည့် တစ်ခုတည်သော ချေးငွေထုတ်ပေးသူ မဟုတ်ပေ။ အုပ်ချုပ်ရေးပိုင်းတွင် အစိုးရနှင့်အတူ ရာထူးတစ်နေရာ ရယူထားသည့် ဟက်ဇဘိုလာစစ်သွေးကြွအုပ်စုသည်လည်း  လက်ဘနွန်စီးပွားရေးထိခိုက်မှုကို ကုစားရန်အတွက် အခြားသော ငွေကြေးထောက်ပံ့မည့်လူများကို ရေလာမြောင်းပေး လက်ယပ်ခေါ်လျက်ရှိသည်။

ဟက်ဇဘိုလာခေါင်းဆောင် ဟာဆန်နက်စ်ရာလာက တရုတ်သည် လက်ဘနွန်နိုင်ငံ၏ အခြေခံအဆောက်အဦများ တည်ဆောက်မှုတွင် ဒေါ်လာဘီလီယံချီ၍ ရင်းနှီးမြှုပ်နှံရန် အဆင်သင့်ဖြစ်နေကြောင်း ဇွန်လလယ်တွင် ပြောဆိုထားသည်။ ဝန်ကြီးချုပ်အပါဝင် လက်ဘနွန်၏ စက်မှုဝန်ကြီး၊ ဆောက်လုပ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီး၊ စွမ်းအင်နှင့် ရေအရင်းအမြစ်၊ ခရီးသွားလာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးတို့သည် တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့် ဇွန်လ ၃၀ ရက်နေ့တွင် တွေ့ဆုံ၍ ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံမှုကြောင့် တရုတ်သည် ၎င်း၏ ရပ်ဝန်းနှင့်လမ်း စီမံကိန်း အစိတ်အပိုင်းတစ်ခုအဖြစ် လက်ဘနွန်တွင် ရင်းနှီးမြှုပ်နှံရန် အဆင်သင့်ဖြစ်နေပြီဆိုသော ထင်မြင်ချက်များ ပိုမိုကျယ်လောင်လာသည်။

တရုတ်၏ရင်းနှီးမြှုပ်နှံမှုမှာ ယခုအထိ သေချာခြင်းမရှိသေးချေ။ တရုတ်အစိုးရသည် ကမ္ဘာ့အဆိုးဆုံး အကြွေးနွံနစ်နေသည့် နိုင်ငံတစ်ခုသို့ ငွေရင်းနှီးမည့်အစီအစဉ်အား နောက်ဆုတ်ရန် စဉ်းစားကောင်းစဉ်းစားနိုင်သည်။ သို့ရာတွင်  အရှေ့အလယ်ပိုင်းရှိ ပိုမိုဆင်းရဲသောနိုင်ငံများ သို့မဟုတ် နိုင်ငံငယ်များသည် အခြေခံအဆောက်အဦ တည်ဆောက်မှုတွင် ငွေကြေးထည့်ဝင်မှုရရန် သို့မဟုတ် စီးပွားရေး အကြပ်အတည်းများ လျှော့ချနိုင်စေရန် အလို့ငှာ တရုတ်ထံမှ ချေးငွေများ မျှော်လင့်နေကြောင်း အခြေအနေက မီးမောင်းထိုးပြနေသည်။

တရုတ်အစိုးရသည် ယင်းဖြစ်ရပ်တို့ကို ချင့်ချိန်စဉ်းစားနေပုံရသည်။ ၂၀၁၈ ခုနှစ်၊ တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးဖိုရမ်တွင် သမ္မတရှီကျင့်ဖျင်သည် အာရပ်ကမ္ဘာကိုချဲ့ထွင်ရန် ချေးငွေ ၂၀ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း ယေဘုယျ သဘောပြောဆိုခဲ့သည်။ လက်ဘနွန်မှလွဲ၍ ဆီးရီးယား၊ ဂျော်ဒန်နှင့် ယီမင်နိုင်ငံတို့သည် တရုတ်၏ ရက်ရောစွာပေးကမ်းမှုကို ရရှိသည့်နိုင်ငံများဖြစ်ကြောင်း အခြားနိုင်ငံများက မကြာခဏ ပြောဆိုလေ့ရှိကြသည်။

ထိုချေးငွေများသည် တရုတ်ကို သြဇာလွှမ်းမိုးသည့်နိုင်ငံဖြစ်စေမည်မှာ မုချပင်ဖြစ်သည်။ ကြွေးရှင်နှင့် တည့်အောင်ပေါင်းရမည်မှာ ဓမ္မတာဖြစ်သည်။ ထို့ကြောင့်ပင် တရုတ်အစိုးရကို ပိုမိုအင်အားကြီးစေမည်ဖြစ်သည်။ ဥပမာအားဖြင့် တရုတ်သည် ဂျစ်ဘူတီနိုင်ငံ၏ကြွေးမြီ ၇၀%အထိ ပိုင်ဆိုင်ထားပြီး ၎င်းနိုင်ငံ၏ အများပြည်သူနှင့် လူသိရှင်ကြား အာမခံထားသော ကြွေးမြီများသည် စုစုပေါင်း ပြည်တွင်းပေါ်လစီ၏ ၁၀၀ ရာခိုင်နှုန်းကျော်သို့ မြင့်တက်သွားသည်။ တရုတ်က ဂျစ်ဘူတီကို ရွေးချယ်ခဲ့သည်မှာ အမေရိကန်အစိုးရ၏ ကန့်ကွက်မှုများ ရှိနေသည့်ကြားမှ တည်ဆောက်ထားသည့် တရုတ်၏ တစ်ခုတည်းသော ပြည်ပအခြေစိုက်စစ်စခန်းအတွက်ကြောင့် ဆိုသည်မှာ ထင်ရှားလှသည်။

သို့သော် တရုတ်အကြွေးယူရန်စဉ်းစားနေသည့် အရှေ့အလယ်ပိုင်းနိုင်ငံများအတွက် အခြားသော ထောင်ချောက်များ လည်းရှိသေးသည်။ တရုတ်ချေးငွေများမှာ များသောအားဖြင့် အခြေခံအဆောက်အဦ တည်ဆောက်သည့် စီမံကိန်းများနှင့် ဆက်စပ်နေရာ ချေးငွေမဆပ်နိုင်လျှင် အသိမ်းခံရမည့်အန္တရာယ်လည်း ရှိနေသည်။

အာဖရိကနှင့် တောင်အာရှတွင်ဖြစ်ပွားခဲ့သည့် ကိစ္စတို့မှာ ယူတတ်လျှင် သင်ခန်းစာများပင်ဖြစ်သည်။ တရုတ်သည် သီရိလင်္ကာနိုင်ငံ၏ ဟမ်ဘန်တိုတာဆိပ်ကမ်းကို  ချေးငွေခိုင်မာစေရေး ၉၉ နှစ်သက်တမ်းရှိ မြေငှားရမ်းခြင်းဖြင့် ၂၀၁၇ ခုနှစ်က ထိန်းချုပ်လိုက်သည်။ ဟမ်ဘန်တိုတာဆိပ်ကမ်းနေရာသည် အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းမည့် မဟာဗျူဟာမြောက် ရေကြောင်းလမ်းတွင် တည်ရှိနေသောကြောင့် အိန္ဒိယနှင့်အမေရိကန်အစိုးရတို့အတွက် တရုတ်သည် ဒေသတွင်းရှိ ဆိပ်ကမ်းအဆောက်အအုံတို့ကို စစ်ရေးနည်းလမ်းအဖြစ် အသုံးချလာမည်ကို စိုးရိမ်ပူပန်မှုများ တိုးလာစေခဲ့သည်။

တရုတ်သို့ ကြွေးမြီ ၃၀ ရာခိုင်နှုန်း ပေးရန်ရှိသော ဇမ်ဘီယာနိုင်ငံတွင် တရုတ်အစိုးရသည် အကြွေးပြန်လည်ညှိနှိုင်းမှုအတွင်း ကြေးနီ ပေါကြွယ်ဝသည့်နိုင်ငံ၏ သတ္တုများကို ထိန်းချုပ်ရန်ကြိုးပမ်းခဲ့သည်ဟု ပြောဆိုချက်များအရ သိရသည်။ ထို့ပြင် နိုင်ငံ၏ အဓိကလေဆိပ်နှင့် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးမှု တစ်စိတ်တစ်ပိုင်းကိုပါ ပိုင်ဆိုင်ရန် အလားတူ ဆွေးနွေးခဲ့သည့် အစီရင်ခံစာများလည်း ပေါ်ထွက်လာခဲ့သေးသည်။ ထိုအချိန်ကတည်းက တရုတ်သည် Content ဝန်ဆောင်မှုပေးခြင်းနှင့် ရုပ်သံလိုင်း များ ဖြန့်ချိထုတ်လွှင့်ခြင်းတို့အတွက် သီးခြားအထူးလိုင်စင်ပါခွင့်ပြုထားသည့် နိုင်ငံပိုင်ရုပ်သံအား ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့် ၆၀ ရာခိုင်နှုန်း အထိ ထိန်းချုပ်ခွင့်ရယူထားပြီးဖြစ်သည်။

ယူဂန်ဒါနိုင်ငံ၏အဓိကလေဆိပ်နှင့် ကင်ညာနိုင်ငံ၏ အကျိုးအမြတ်များသော မွန်ဘာဆာဆိပ်ကမ်းတို့နှင့် စပ်လျဉ်း၍လည်း တရုတ်သည် အလားတူဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ တရုတ်သည် ကင်ညာမီးရထားလမ်းများတွင် ၎င်း၏ ရင်းနှီး မြှုပ်နှံမှုပြန်လည်ရရှိရန် သေချာစေရေး နည်းလမ်းအဖြစ်  မွန်ဘာဆာဆိပ်ကမ်းကို အလဲအထပ်တစ်ခုသဖွယ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အခြေခံအဆောက်အဦ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုသည် ဆောက်လုပ်ရေးကဏ္ဍမှတစ်ဆင့် လက်ရှိဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများ အရှိန်မြင့်တက်စေပြီး အနာဂတ် ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းတို့ကိုပါ လမ်းဖွင့်ပေးရာ ရောက်သဖြင့် ထိရောက်သည့်နည်းလမ်း ဖြစ်နိုင်သည်။ သို့ရာတွင် ဆိုခဲ့ပါစီမံကိန်းများ အကောင်အထည်ဖော်ရန် ချေးငွေ များရယူခြင်းသည် စီမံကိန်းများအတွက် အန္တရာယ်ကြီးနိုင်သည်။ အထူးသဖြင့် ချေးငွေများကို စီမံကိန်းနှင့် ဆက်စပ်ထားလျှင်ဖြစ်သည်။ ထို့ပြင် စီမံကိန်းများကို တရုတ်လူမျိုးအလုပ်သမားများသာ ခန့်ထားသည့် တရုတ်ကုမ္ပဏီများ တည်ဆောက်သည့်အခါတွင်လည်း အိမ်ရှင်နိုင်ငံအတွက် အကျိုးအမြတ်မှာ မဖြစ်စလောက်သာဖြစ်သည်။

အရှေ့အလယ်ပိုင်းနိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါမှပြန်လည်ထူထောင်ရန် သို့မဟုတ် နှစ်ပေါင်းများစွာ  ဖွံ့ဖြိုးမှု နိမ့်ကျခြင်း နှင့်/သို့မဟုတ် အလွန်အကျွံငွေချေးခြင်းများကြောင့် ချေးငွေနှင့်ရန်ပုံငွေများကို ထိန်းသိမ်းရန် နည်းလမ်းများကို စဉ်းစားရာတွင် တရုတ်ကြွေးမြီသည် နှစ်သက်ဖွယ်ကောင်းသည့် ရွေးချယ်စရာတစ်ခု ဖြစ်နိုင်သည်။ တရုတ်ငွေချေးခြင်းမှာ ကြိုတင်သတ်မှတ်ထားသည့် သီးခြားအခြေအနေ မရှိသည့်အပြင် အစိုးရအုပ်ချုပ်မှုပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အတွက်လည်း မည်သည့်ဖိအားမှမရှိချေ။ ယခင်အတွေ့အကြုံများအရ တရုတ်သည် ရှားရှားပါးပါးဖြစ်ခဲ့သည့် ဟမ်ဘန်တိုတာဖြစ်ရပ်ကဲ့သို့ ပိုင်ဆိုင်မှုများသိမ်းယူခြင်း နှင့်အတူ အကြွေးပြန်လည်ညှိနှိုင်းရန် ဆန္ဒရှိကြောင်းတွေ့ရသည်။

သို့သော်လည်း အကြွေးများသည် မြီစားနိုင်ငံအတွက် အကျိုးအမြတ်နည်းလှသည့် အန္တရာယ်ရှိနေသည်။ တစ်ချိန်တည်းမှာပင် မအောင်မြင်သောစီမံကိန်းများကို နိုင်ငံရေးအကျိုးအမြတ်အတွက် ပေသီးခေါက်ကာ ချေးငွေထုတ်ချေးတတ်သည့် အစဉ်အလာရှိသည့်တရုတ်သည် အရှုံးကြုံပါက အခြားနည်းဖြင့် ပြန်ထေမိအောင် ကြိုးပမ်းမည်သာဖြစ်သည်။

ဘေးကြပ်နံကြပ်ဖြစ်နေရသော နိုင်ငံများတွင် အခြေခံအဆောက်အဦများ တည်ဆောက်ရေးအတွက် ချက်ချင်းငွေကြေး ထည့်ဝင်မည်ဆိုသော ဆွဲဆောင်မှုအား တင်းခံရန်မဖြစ်နိုင်ပေ။ ကုထုံးမှာလည်း ခဏတာသာ အဆင်ပြေမည်ဖြစ်သည်။ စင်စစ်မူ နိုင်ငံတွင်းဒုက္ခသည်များ ပြည့်နှက်နေသည့်အပြင် ဆီးရီးယားနှင့်ပါ နယ်နိမိတ်ထိစပ်နေပြီး စီးပွားရေးနှင့်ငွေကြေး ပိုင်းဆိုင်ရာ မတည်ငြိမ်ဖြစ်နေသည့် လက်ဘနွန်ကဲ့သို့ နိုင်ငံရေးအရ အက်ကြောင်းထင်နေသည့်နိုင်ငံမျိုးသည် တရုတ်ကဲ့သို့ နိုင်ငံကို သူ့ပြည်သူများ အသိအမှတ်မပြုသည့် သို့မဟုတ် မနှစ်မြို့သည့်နည်းလမ်းဖြင့် ပုံသွင်းနိုင်သော အခွင့်အရေးများစွာ ပေးနေသည်။  

ဇမ်ဘီယာကဲ့သို့သောနိုင်ငံများတွင် တရုတ်၏လုပ်ဆောင်ချက်များသည် နယ်ချဲ့လက်သစ်ပုံစံဖြစ်နေပြီး မဆုံးနိုင်သည့် အကြွေးသံသရာထဲ နစ်မွန်းအောင်လုပ်ဆောင်ချက်မျိုးဟု ဝေဖန်မှုများဖြစ်ပေါ်စေသည်။ ဥရောပနယ်ချဲ့ခေတ်ကဲ့သို့ စစ်ရေးနည်းဖြင့် တိုက်ရိုက်ထိန်းချုပ်ခြင်းထက် တရုတ်ကဲ့သို့ခြေကုပ်ယူပြီး အဓိကရင်းမြစ်များ သို့မဟုတ် ငွေကြေးထည့်ဝင်ခြင်း ဖြင့် ၎င်းတို့ အကျိုးအတွက်ဖော်ဆောင်ပေးမည့် အခြေခံအဆောက်အဦများကို ထိန်းချုပ်သည့်အသွင် ဆောင်သည့်အခါမျိုး ရှိလာနိုင်သည်။  

လက်ဘနွန်နှင့် အခြားသော အရှေ့အလယ်ပိုင်းနိုင်ငံများအနေဖြင့် တရုတ်ချေးငွေများနှင့် ပတ်သက်၍ အထူးသတိပြုရမည်မှာ “ဝယ်ယူသောပစ္စည်း ကောင်း မကောင်း သေချာစိစစ်ရန်မှာ ဝယ်သူ၏တာဝန်သာ ဖြစ်သည်” ဆိုသော ဥပဒေသပင် ဖြစ်ပေသည်။

မှတ်ချက် - စာရေးသူ ခရစ်တီယန်လီမီရီသည် လန်ဒန်နှင့် သည်ဟိဂ်မြို့ အခြေစိုက် မဟာဗျူဟာအကြံပေးကုမ္ပဏီ အာစစ်ပယ်လ် (Arcipel) တည်ထောင်သူတစ်ဦးဖြစ်သည်။ အစောပိုင်းတွင် အဘူဒါဘီရှိ အဖွဲ့အစည်းတစ်ခုတွင် အကြီးတန်းအကြံပေးတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး လန်ဒန်မြို့ရှိ မဟာဗျူဟာလေ့လာရေး နိုင်ငံတကာအဖွဲ့တွင်လည်း အကြီးတန်းအဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

မေမိုး
(Asia Times တွင် ဖော်ပြထားသည့် ‘Middle East countries should beware of Chinese debt’ ကို ဆီလျော်အောင် မြန်မာမှုပြုပါသည်။)

ဗီဒီယိုများ