ဂါဇာတွင် အစ္စရေး၏ ပစ်ခတ်မှုကြောင့် အကူအညီစောင့်မျှော်နေသူ ၆၇ ဦး သေဆုံးကြောင်း ဆေးဝန်ထမ်းများ ပြော

ဂါဇာမြောက်ပိုင်း၌ ဇူလိုင်လ ၂၀ ရက်နေ့က အစ္စရေးဘက်က ပစ်ခတ်မှုကြောင့် ကုလသမဂ္ဂ အကူအညီပေးရေး ကုန်တင်ယာဉ်များကို စောင့်ဆိုင်းနေသူ ၆၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နယ်မြေခံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 21 Jul 2025

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က ဇီကင်မ်ဂိတ်ကတစ်ဆင့် ဂါဇာမြောက်ပိုင်းဒေသဆီသို့ ဝင်ရောက်လာသည့် အကူအညီပေးရေး ထရပ်ကားဆီသို့ သွားရောက်ရန် ကြိုးပမ်းရာကတစ်ဆင့် သေဆုံးသွားခဲ့ရသူများ၏ ရုပ်အလောင်းများကို သယ်ဆောင်လာပြီးနောက် ဂါဇာစီးတီးရှိ ရှီဖာဆေးရုံ၌ ဝမ်းနည်းပူဆွေးနေကြသည့် ပါလက်စတိုင်းဒေသခံများ။ ဓာတ်ပုံ - AP

ယခုဖြစ်စဉ်သည် အစ္စရေးက နေရာရွှေ့ပြောင်းခံ ဂါဇာပြည်သူများ ပြည့်နှက်နေသော ဒေသများအတွက် ဘေးလွတ်ရာ ရွှေ့ပြောင်းရန် အမိန့်အသစ်များ ထုတ်ပြန်ခဲ့ချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် နောက်ထပ် လူဒါဇင်ပေါင်းများစွာလည်း ဒဏ်ရာရရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အဆိုပါဖြစ်စဉ်သည် မကြာသေးမီကာလအတွင်း ဖြစ်ပွားခဲ့သော အကူအညီလိုအပ်နေသူများ ထပ်တလဲလဲ သေဆုံးခဲ့ရသည့် ဖြစ်စဉ်များအနက်၌ လူသေဆုံးမှု အမြင့်မားဆုံးဖြစ်စဉ်တစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် စနေနေ့ကလည်း လူ ၃၆ ဦး သေဆုံးသည့်ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့သေးသည်။ တောင်ပိုင်းဒေသရှိ အခြားအကူအညီပေးရေးနေရာအနီး၌လည်း လူ ၆ ဦး ထပ်မံသေဆုံးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

အစ္စရေးစစ်တပ်ကမူ ၎င်းတို့၏တပ်ဖွဲ့ဝင်များသည် တနင်္ဂနွေနေ့က ဂါဇာမြောက်ပိုင်း၌ လူထောင်ပေါင်းများစွာ စုဝေးနေသော လူအုပ်ကြီးထံသို့ ရုတ်တရက်ဖြစ်ပေါ်လာသည့်ခြိမ်းခြောက်မှုကို ဖယ်ရှားရှင်းလင်းရန်အတွက် သတိပေးပစ်ခတ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

ကနဦးတွေ့ရှိချက်များအရ သေဆုံးသူအရေအတွက်မှာ ဖောင်းပွနေကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကုန်တင်ကားများကို အကြောင်းမဲ့ ပစ်မှတ်ထားခြင်း လုံးဝမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ တောင်ပိုင်းဒေသဘက်တွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့်စပ်လျဉ်း၍ အစ္စရေးစစ်တပ်ဘက်က ချက်ချင်း မှတ်ချက်မပေးသေးပေ။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဂါဇာသို့ ဝင်ရောက်ပြီး များမကြာမီအချိန်အတွင်း၌ပင် စားနပ်ရိက္ခာ အကူအညီများ သယ်ဆောင်လာသော ကုန်တင်ယာဉ် ထရပ်ကား ၂၅ စီးပါရှိသည့် WFP ယာဉ်တန်းမှာ လူဦးရေ အလွန်များပြားသော ဆာလောင်မွတ်သိပ်နေသည့် အရပ်သားလူထုနှင့် ကြုံဆုံခဲ့ရပြီး ယင်းနောက်တွင် အရပ်သားလူအုပ်စုကြီးမှာ ပစ်ခတ်ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

"လူသားချင်းစာနာထောက်ထားမှု အကူအညီကို ရှာဖွေနေရတဲ့ အရပ်သားတွေနဲ့ပတ်သက်လို့ ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က လုံးဝလက်ခံနိုင်ပါ" ဟု ၎င်းတို့၏ထုတ်ပြန်ချက်တွင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဖော်ပြထားသည်။

ဟားမတ်စ်အရာရှိတစ်ဦးက စစ်သွေးကြွအဖွဲ့သည် တိုးမြင့်လာသော သေဆုံးမှုများနှင့် ဒေသတွင်း အငတ်ဘေးကြောင့် ဒေါသထွက်လျက်ရှိပြီး ယင်းအခြေအနေက ကာတာတွင် လုပ်ဆောင်နေသော အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့၌ အစ္စရေး၏ပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဂါဇာဒေသတစ်လျှောက်တွင် သေဆုံးသူ စုစုပေါင်း ၉၀ ဦးအထိရှိခဲ့ကြောင်း ဟားမတ်စ်ကျန်းမာရေးအာဏာပိုင်များက ပြောကြားထားသည်။