ဂျာမနီမှာ အမျိုးသားများအတွက် စစ်မှုထမ်းဆိုင်ရာ ကြံ့ခိုင်ရေး စစ်ဆေးမည့် ဥပဒေ စီစဉ်

ဂျာမနီနိုင်ငံသည် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့များကို အားဖြည့်ရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းဆောင်ရွက်ချက် တစ်ရပ်အဖြစ် အသက် ၁၈ နှစ်ပြည့် အမျိုးသားများအတွက် စစ်မှုထမ်းရန် စစ်ဆေးမှုများကို မဖြစ်မနေ ပြန်လည်ကျင့်သုံးရန် စီစဉ်နေကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 25 Jul 2025

ဓာတ်ပုံ - Getty Images
ဓာတ်ပုံ - Getty Images

ဂျာမနီနိုင်ငံသည် ၎င်း၏လက်နက်ကိုင်တပ်ဖွဲ့များကို အားဖြည့်ရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းဆောင်ရွက်ချက် တစ်ရပ်အဖြစ် အသက် ၁၈ နှစ်ပြည့် အမျိုးသားများအတွက် စစ်မှုထမ်းရန် စစ်ဆေးမှုများကို မဖြစ်မနေ ပြန်လည်ကျင့်သုံးရန် စီစဉ်နေကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

ကွန်ဆာဗေးတစ်ပါတီ အဓိပတိ ဖရက်ဒရစ်မာ့ဇ်က ရုရှားနိုင်ငံ၏ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဥရောပလုံခြုံရေးအပေါ်ထားရှိသော ကတိကဝတ်နှင့်စပ်လျဉ်း၍ မရေရာမှုများ ရှိနေခြင်းတို့ကို ကိုးကား၍ ၎င်းတို့နိုင်ငံ၏ အင်အားနည်းပါးနေသောစစ်တပ်ကို အားဖြည့်ရန်မှာ အဓိက ဦးစားပေးကိစ္စရပ်ဖြစ်ကြောင်း လုပ်ဆောင်သတ်မှတ်ထားသည်။ 

လာမည့်လ၌ အစိုးရအဖွဲ့ထံ တင်ပြရန် မျှော်မှန်းထားသည့် ဥပဒေကြမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သော အဆိုပါ အစီအစဉ်သည် ဂျာမန်စစ်တပ်အတွက် စေတနာ့ဝန်ထမ်း တပ်သားသစ်များ ပိုရရှိလာစေရေး ဆွဲဆောင်မှုများ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားပြီး ၎င်းအပြင် စစ်မှုထမ်းရန် ပစ်မှတ်ထားသော အရေအတွက် မပြည့်မီခဲ့ပါက မဖြစ်မနေ စစ်မှုထမ်းခြင်း လုပ်ဆောင်ပေးရန်အတွက် အခြေခံအုတ်မြစ် ချမှတ်ထားခြင်းလည်းဖြစ်သည်။ 

ယခု အစီအစဉ်အောက်၌ အသက် ၁၈ နှစ်ပြည့် အမျိုးသားအားလုံးသည် ၎င်းတို့ စစ်မှုထမ်းရန် ဆန္ဒရှိ/မရှိနှင့် ပတ်သက်သည့် မေးခွန်းပုံစံကို မဖြစ်မနေ ဖြည့်သွင်းရမည်ဖြစ်သည်။ 

ဤမေးခွန်းပုံစံသည် အမျိုးသမီးများအတွက် စေတနာ့ဝန်ထမ်းအနေနှင့် တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး အမျိုးသားများအတွက်မူ စစ်မှုထမ်းရန် စိတ်ဝင်စားမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စစ်မှုထမ်းရန်အတွက် ကိုယ်လက်ကြံ့ခိုင်မှု စစ်ဆေးခြင်းကို ၂၀၂၈ ခုနှစ်မှစ၍ ခံယူရမည်ဟု သက်ရောက်မှုရှိနေသည်။

မူကြမ်းရေးဆွဲထားသောဥပဒေတွင် စစ်မှုထမ်းခြင်းကို မဖြစ်မနေ ပြန်လည်ကျင့်သုံးနိုင်ရန် ပြဌာန်းချက်များ ပါဝင်ပြီး အဆိုပါစစ်မှုထမ်းခြင်းကို အဓိပတိဟောင်း အန်ဂျယ်လာ မာခယ်လ်က ၎င်း၏လက်ထက် ၂၀၁၁ ခုနှစ်၌ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ စစ်မှုထမ်းခြင်းကို မဖြစ်မနေ ပြန်လည်ကျင့်သုံးနိုင်ရန်အတွက် ဂျာမန်လွှတ်တော်၏ ရှင်းလင်းပြတ်သားသော အတည်ပြုချက်ရရှိရန် လိုအပ်ဦးမည် ဖြစ်သည်။

လက်ရှိတွင် ဂျာမန်စစ်တပ်ကို တပ်သား ၁၈၀,၀၀၀၊ အရံတပ်သား ၄၉,၀၀၀ ခန့်ဖြင့် ဖွဲ့စည်းထားသော်လည်း စစ်သားသစ်စုဆောင်းရေး ရည်မှန်းချက်ပန်းတိုင်များ ပြည့်မီရန်အတွက် ရုန်းကန်နေရဆဲဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ယခုနှစ်၌ တပ်သားသစ် ၁၅,၀၀၀ ရရှိနိုင်ရန် မျှော်မှန်းထားသည်။ ယင်းပမာဏသည် ၂၀၂၄ ခုနှစ်ကထက် အရေအတွက်အားဖြင့် ၅,၀၀၀ တိုးလာခြင်းဖြစ်သည်။

လာမည့် ၂၀၃၁ ခုနှစ်၌ တပ်သားသစ်အရေအတွက်ကို နှစ်စဉ် ၄၀,၀၀၀ အထိ တိုးမြှင့်စုဆောင်းရန် ကာကွယ်ရေးဝန်ကြီးဌာနက ရည်မှန်းထားသည်။