မြန်မာစစ်ကောင်စီကို နိုင်ငံတကာသံတမန် အသိုင်းအဝိုင်းက အဆင့်နှိမ့်ချပြီးဆက်ဆံလာ

စစ်ကောင်စီကိုဝေဖန်ခဲ့ပြီး ဖမ်းဆီးထားသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုခဲ့သည့် ဦးကျော်ဇော်မင်းကို လန်ဒန်မြို့ရှိ မြန်မာသံရုံဝန်ထမ်းများက သံရုံးတွင်း ဝင်ရောက်ခွင့်မပြုတော့ပဲ ၂၀၂၁ ခုနှစ် ဧပြီလကတည်းက သော့ခတ်ပိတ်ပင်ခဲ့သည်။ စစ်ကောင်စီက ထပ်ခါတလဲလဲ တောင်းဆိုနေသော်လည်း ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ဇော်မင်းကတော့ လန်ဒန်အနောက်မြောက်ပိုင်းရှိ သံအမတ်ကြီးနေအိမ်မှ ထွက်ခွာပေးရန် ငြင်းဆိုထားသည်။

By ကြည်ဖြူစံ 17 May 2022

ဓာတ်ပုံ - The Global New Light of Myanmar

DMG ၊ မေ ၁၇

လေးလတာအငြင်းပွားခဲ့ရသော မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကို သံရုံးယာယီတာဝန်ခံအဆင့် အဆင့်လျှော့ချ ခန့်အပ်ရန် ဗြိတိန်အစိုးရ၏ ဆုံးဖြတ်ချက်ကို စစ်ကောင်စီက ပယ်ချလိုက်သည်။ ဗြိတိန်နိုင်ငံမှခန့်အပ်မည့် Pete Vowles ကို စစ်ကောင်စီက လက်ခံမည်မဟုတ်ဘဲ မူလအတိုင်းသံ အမတ်ကြီးခန့်အပ်မှသာလက်ခံမည်ဟု ဧပြီလ နှောင်းပိုင်းတွင် ဗြိတိန်သို့ တရားဝင်အကြောင်းကြားခဲ့သည်။

မြန်မာနိုင်ငံသို့ အနောက်နိုင်ငံမှသံတမန်များ ခန့်အပ်ရာတွင် အဆင့်လျှော့ချခြင်း သို့မဟုတ် အစားထိုးခန့်အပ်ခြင်း မပြုဘဲ လစ်လပ်အတိုင်းထားခြင်းက နေပြည်တော်၏ သံတမန်ရေးအရ အကြီးအကျယ်အထီးကျန်မှုကို မီးမောင်းထိုး ပြလာခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအာဏာသိမ်းချိန်မှစပြီး အရပ်သားများအပေါ် မြန်မာစစ်တပ်က မရပ်မနားအကြမ်းဖက် တိုက်ခိုက်လျက်ရှိသောကြောင့် နိုင်ငံတွင်းအကြမ်းဖက်မှုများနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရမှုများကြောင့် အနောက်နိုင်ငံအများစုနှင့် နိုင်ငံတကာအဖွဲ့အစည်းများက စစ်ကောင်စီကို ပြစ်တင်ဝေဖန်နေကြသည်။ လက်ရှိ အချိန်အထိ လူပေါင်း ၁၄၀၀၀ နီးပါး ဖမ်းဆီခံထားရပြီး ထောင်နှင့်ချီသေဆုံးခဲ့ရသလို လူပေါင်း ၅ သိန်းကျော်အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်။

ပြီးခဲ့သောဩဂုတ်လတွင် Vowles မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သော်လည်း ၎င်း၏သံအမတ်ခန့်အပ်လွှာကို စစ်ကောင်စီထံ ပေးအပ်ခဲ့ခြင်းမရှိပေ။ ဖေဖော်ဝါရီလနှောင်းပိုင်းမှာတော့ နိုင်ငံပြင်ပသို့ ထွက်ခွာသွားခဲ့သဖြင့် ပြန်လည်ဝင်ရောက်ခွင့် ငြင်းပယ်ခံခဲ့ရသည်။ ယခုနှစ်အစောပိုင်းမှာတော့ ဆိုရှယ်မီဒီယာများတွင် “မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးအကြီးအကဲ” အဖြစ် ပြောင်းလဲဖော်ပြလာခဲ့သည်။

လက်ရှိအချိန်မှာတော့ Vowles မြန်မာနိုင်ငံဝင်ရောက်ခွင့်ရရန် ညှိနှိုင်းဆောင်ရွက်နေဆဲသာ ရှိသေးသည်။ ယခုလိုရှုပ်ထွေးနေရသည့် အကြောင်းမှာ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ ကံကြမ္မာနှင့် ပတ်သက်ပြီး မြန်မာနှင့် ဗြိတိန်အကြား ကာလရှည်ကြာ သံတမန်ရေးမပြေလည်မှုများ၏ နောက်ဆက်တွဲဖြစ်လာခဲ့သည်။

စစ်ကောင်စီကိုဝေဖန်ခဲ့ပြီး ဖမ်းဆီးထားသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုခဲ့သည့် ဦးကျော်ဇော်မင်းကို လန်ဒန်မြို့ရှိ မြန်မာသံရုံဝန်ထမ်းများက သံရုံးတွင်း ဝင်ရောက်ခွင့်မပြုတော့ပဲ ၂၀၂၁ ခုနှစ် ဧပြီလကတည်းက သော့ခတ်ပိတ်ပင်ခဲ့သည်။ စစ်ကောင်စီက ထပ်ခါတလဲလဲ တောင်းဆိုနေသော်လည်း ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်ဇော်မင်းကတော့ လန်ဒန်အနောက်မြောက်ပိုင်းရှိ သံအမတ်ကြီးနေအိမ်မှ ထွက်ခွာပေးရန် ငြင်းဆိုထားသည်။

ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကို ဖြတ်ချခဲ့သောစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုသည့် သဘော မသက်ရောက်စေရန် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး အဆင့်နှိမ့်ချဖို့ အခြားနိုင်ငံများကိုလည်း ဗြိတိန်သံအမတ်ကိစ္စက မီးမောင်းထိုးပြနေသည်။

ဒိန်းမတ်၊ ဂျာမနီ၊ အစ္စရေး၊ အီတလီနှင့် တောင်ကိုရီးယားနိုင်ငံတို့ကလည်း ၎င်းတို့၏ သံတမန်ကိုအဆင့်ကို လျှော့ချခဲ့ကြသည် သို့မဟုတ် လျှော့ချရန်ပြင်ဆင်လျက် ရှိသည်။ မြန်မာစစ် ကောင်စီအတွက် နောက်ထပ်ထိုးနှက်ချက် တစ်ခုမှာ ဥရောပသမဂ္ဂနိုင်ငံများက ၎င်းတို့၏မြန်မာနိုင်ငံခရီးစဉ်များ သို့မဟုတ် သံတမန်များ စေလွှတ်ခြင်းမပြုရန် အလွတ်သဘောတူညီခဲ့ကြောင်း ဘရပ်ဆဲလ်အခြေစိုက် သံတမန်များ၏ ပြောကြားချက်များအရ သိရသည်။ တစ်ချိန်တည်းတွင်ပင် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့၏သံရုံးများက ၎င်းတို့ သံအမတ်များကို ၎င်းတို့၏ တာဝန်သတ်မှတ်ချက် သဘောတူညီမှုများဖြင့် ထားရှိခဲ့ကြသည်။

မြန်မာနိုင်ငံတွင် သံရုံးမရှိဘဲ ပူးတွဲသံအရာရှိခန့်ထားသော နိုင်ငံတော်တော်များကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွက် သံအမတ် ဆက်လက်ခန့်အပ်ခြင်း မရှိတော့ပေ။ ထိုနိုင်ငံများတွင် ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် သံရုံးများနှင့်တွဲဖက်ထားရှိသော ဩစတြေးလျ၊ အိုင်ယာလန်နှင့် စပိန်နိုင်ငံတို့ ပါဝင်သည်။ ယခုနှစ်အစောပိုင်းက မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သော ဘရူနိုင်းနိုင်ငံကလည်း ၎င်း၏သံအမတ်ကို ပြန်လည်ခေါ်ယူထားပြီး သံအမတ် ကြီးအဆင့် ထပ်မံခန့်အပ်ခြင်းမပြုဘဲ သံရုံးဒုတိယအကြီးအကဲကို တာဝန်များ လွှဲပေးထားခဲ့သည်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံရှိသည့်အနက် ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးမရှိဘဲ လစ်လပ်လျက်ရှိသည်။

စစ်ကောင်စီနှင့် ရင်းနှီးသောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသော ထိုင်းနိုင်ငံကလည်း မကြာမီက သက်တမ်းကုန်ဆုံးသွားသော ထိုင်းသံအမတ်ကြီးနေရာတွင် ဆက်လက်ခန့်ထားမည့် သံအမတ်ကြီးအသစ်ကို အစားထိုးဖို့ အချိန်ကြာဦးမည်ဖြစ်ကြောင်း ထိုင်းအရာရှိတစ်ဦးက ပြောသည်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အသစ်ခန့်အပ်ခြင်းကိုမူ ထိုင်းအစိုးရလက်ခံထားပြီး ၎င်းသံအမတ်သစ်သည် ဘန်ကောက်တွင် စစ်သံမှူးတာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သို့သော် ၎င်းအနေဖြင့်သံအမတ်ခန့်အပ်လွှာကို ထိုင်းဘုရင်ထံ အခမ်းအနားပေးအပ်ခြင်းမရှိသေးကြောင်း သံတမန်တစ်ဦးက ပြောကြားခဲ့သည်။ ထို့ကြောင့်လည်း ယင်းအခြေအနေက ထိုင်းတော်ဝင်နန်းတော်နှင့် စစ်ကောင်စီအကြားဆက်ဆံရေးမှာ အောင့်သက်သက်နိုင်စရာ အခြေအနေဖြစ်သည်။

ပြီးခဲ့သောနှစ်က အာဆီယံဥက္ကဌတာဝန် ထမ်းဆောင်စဉ် မြန်မာစစ်ကောင်စီက စိုးရိမ်ဖွယ်အခြေအနေရှိနေကြောင်း အချက်ပြခဲ့သည့် ဘရူနိုင်းနိုင်ငံကတော့ ၎င်းတို့သံတမန်ဆိုင်ရာ အဆင့်ကို လျှော့ချနိုင်ဖွယ်ရှိနေကြောင်း ဒေသတွင်း သံတမန်များထံမှသိရသည်။

မလေးရှားနိုင်ငံကလည်း ၎င်းတို့သံအမတ်ကို ပြီးခဲ့သော ဧပြီလနှောင်းပိုင်းက ကွာလာလမ်ပူသို့ ပြန်လည်ခေါ်ယူ ထားသည်။ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်က မြန်မာစစ်တပ်နှင့် ရင်းနှီးသောဆက်ဆံရေး ရှိပြီး ၎င်း၏ဝန်ကြီးနှင့်မတူသော စကားများကို ပြောဆိုတတ်သည့်အတွက် ယခုကဲ့သို့ပြန်ခေါ်ထားခြင်းဖြစ်ကြောင်း သံတမန်တစ်ဦးက ပြောသည်။ မကြာသေးခင်ရက်ပိုင်းကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တရားဝင်ဆက်ဆံရေး တည်ဆောက်ရန် မလေးရှားအစိုးရက အာဆီယံကိုလူသိရှင်ကြား တိုက်တွန်းခဲ့သည်။ မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာကလည်း NUG နှင့်အွန်လိုင်းမှတဆင့် ပြီးခဲ့သောဖေဖော်ဝါရီလက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံမှုက NUG အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပထမဆုံးအကြိမ် တိုက်ရိုက်တွေ့ဆုံမှုလည်း ဖြစ်သည်။

စစ်ကောင်စီနှင့်အနောက်နိုင်ငံသံတမန် ဆက်ဆံရေးအကြား မေးခွန်းထုတ်စရာရှိနေသည်က ဩစတြေးလျနှင့် နယူးဇီလန်ဖြစ်သည်။ သံတမန်နှစ်ဦးစလုံး ရာထူးမှသက်တမ်းကုန်ဆုံးချိန်တွင် အသီးသီး ပြန်လာခဲ့ကြသည်။ နယူးဇီလန်က သံအမတ်ထပ်ခန့်မည်မဟုတ်ဟု ပြောဆိုနေသော်လည်း ဩစတြေးလျကတော့ သံတမန်တစ်ဦးစေလွှတ်ဖို့ စဉ်းစားနေသည်ဟု သိရသည်။ မကြာသေးမီက တာဝန်ပြီးဆုံး၍ပြန်သွားသော ဩစတြေးလျသံအမတ်ကြီးက စစ်ကောင်စီခေါင်းဆောင်ကို သွားရောက်တွေ့ဆုံခဲ့ပြီး အနောက်နိုင်ငံမှ ပထမဆုံးသံတမန်ဖြစ်လာခဲ့သည်။ ၎င်းအပြင် အခြားစစ်ကောင်စီအဖွဲ့ဝင် နှစ်ဦးထက်မနည်းကိုလည်း ဧပြီလတွင် တွေ့ဆုံခဲ့သေးသည်။

လက်ရှိအချိန်ထိတော့ ဆော်ဒီအာရေးဗီးယားနှင့် အိန္ဒိယနိုင်ငံတို့ကသာ စစ်ကောင်စီခေါင်းဆောင်ထံ ၎င်းတို့၏ သံအမတ်ခန့်အပ်လွှာများ ပေးအပ်ထားသည်။ အဆိုပါနိုင်ငံများ၏ တုန့်ပြန်မှုများက ရုရှားနှင့် တရုတ်နိုင်ငံတို့နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ ပြီးခဲ့သောလက စစ်ကောင်စီမှ ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို ဘေဂျင်းသို့ဖိတ်ကြားခဲ့ပြီး စစ်ကောင်စီအတွက် ဖိအားကို လျှော့ချနိုင်ခဲ့သည်။

ရန်ကုန်အခြေစိုက် သံတမန်များ အတွက်ကတော့ တော်လှန်ရေးအဖွဲ့များနှင့် ထိတွေ့ဆက်ဆံခြင်း သို့မဟုတ် NUG နှင့်ဆက်ဆံခြင်းဖြင့် နိုင်ငံတွင်းမှ နှင်ထုတ်ခံရနိုင်သည့်ဖိအားများ ရှိနေကြောင်းကိုလည်း ယင်းက မီးမောင်းထိုးပြနေပါသည်။

ကြည်ဖြူစံ

“Nikkei Asia” တွင်ဖော်ပြထားသော “Gwen Robinson” ၏ “Diplomatc snubs isolate Myanmar’s military regime” ကို ဆီလျော်အောင်ရေးသားသည်။

ဗီဒီယိုများ