ကမ္ဘာတစ်ဝန်းက အုပ်ချုပ်သူတွေ သူတို့ရဲ့ပြည်သူတွေအပေါ် နည်းပညာသုံးစောင့်ကြည့်မှု မြင့်တက်

ကမ္ဘာတစ်ဝန်းက အုပ်ချုပ်သူအစိုးရတွေဟာ ရွေးကောက်ပွဲနဲ့ သူတို့ရဲ့နိုင်ငံသားတွေကို စောင့်ကြည့်ရေးတွေအတွက် ဆိုရှယ်မီဒီယာတွေကို ပိုမိုအသုံးချလာနေကြပါတယ်။ ဒီလိုအသုံးပြုမှုတွေ တွင်ကျယ်လာခြင်းဟာ ဒီမိုကရေစီအတွက် စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ Freedom House လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့က ပြောပါတယ်။

By မြတ်သူဇာ 26 Jun 2020

(သရုပ်ဖော်ပုံ - Wallpapers4u)

ကမ္ဘာတစ်ဝန်းက အုပ်ချုပ်သူအစိုးရတွေဟာ ရွေးကောက်ပွဲနဲ့ သူတို့ရဲ့နိုင်ငံသားတွေကို စောင့်ကြည့်ရေးတွေအတွက် ဆိုရှယ်မီဒီယာတွေကို ပိုမိုအသုံးချလာနေကြပါတယ်။ ဒီလိုအသုံးပြုမှုတွေ တွင်ကျယ်လာခြင်းဟာ ဒီမိုကရေစီအတွက် စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ Freedom House လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့က ပြောပါတယ်။

Freedom House အဖွဲ့က လေ့လာခဲ့တဲ့ နိုင်ငံပေါင်း ၆၅ နိုင်ငံအနက် အနည်းဆုံး နိုင်ငံ ၄၀ မှာ လူမှုကွန်ရက်ပေါ်က လုပ်ဆောင်ချက်တွေကို အဆင့်မြင့်ပရိုဂရမ်တွေ အသုံးပြုပြီး စောင့်ကြည့်နေကြတယ်လို့ ဒီအဖွဲ့ရဲ့ အွန်လိုင်းလွတ်လပ်ခွင့် နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအစီရင်ခံစာကို ၂၀၁၉ နိုဝင်ဘာလမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်လွတ်လပ်ခွင့် ကျဆင်းလာတာ ၉ နှစ်ဆက်တိုက် ရှိနေပြီလို့ ဒီအဖွဲ့ရဲ့ အစီရင်ခံစာက ဆိုပါတယ်။ နိုင်ငံအချို့မှာ အာဏာပိုင်တွေဟာ အင်တာနက်အသုံးပြုမှု လုံဝဖြတ်တောက်လိုက်တာမျိုး ရှိပြီး တချို့နိုင်ငံတွေမှာတော့ သီးသန့်ဝန်ထမ်းတွေ ခန့်အပ်ပြီးတော့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဝါဒဖြန့်ချိရေး ဆောင်ရွက်တာ သတင်းအချက်အလက်တွေကို လိုရာဆွဲပြီး မမှန်မကန် ဖြန့်ဝေနေတာမျိုး ရှိတယ်လို့ ဒီအစီရင်ခံစာအရ သိရပါတယ်။

“ဆိုရှယ်မီဒီယာတွေမှာ ဝါဒဖြန့်ချိရေးတွေ လုပ်တာက ဆင်ဆာဖြတ်တာထက် ပိုထိရောက်မှန်းကို အာဏာပိုင်တွေက သိလာကြပြီ” လို့ Freedom House အဖွဲ့ရဲ့ ဥက္ကဌ မိုက် အေဗရာမိုဗစ် က ပြောပါတယ်။

“ကမ္ဘာတစ်ဝန်းက အုပ်ချုပ်သူတွေနဲ့ လူပြိန်းကြိုက်ဝါဒီတွေဟာ လူ့သဘာဝနဲ့ ကွန်ပျူတာစနစ် အလုပ်လုပ်ပုံ (Computer Algorithm) ကို အမြတ်ထုတ်ပြီး ထောက်ခံသူတွေ များများရအောင် လုပ်နေကြတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ ချမှတ်ထားတဲ့ စည်းကမ်းဥပဒေတွေကိုလည်း ဒီလူတွေဟာ အလေးမထားကြဘူး။” လို့ သူကဆိုပါတယ်။

လုပ်ကြံသတင်းတွေ ဖြန့်ဝေတာဟာ ရွေးကောက်ပွဲမှာ မလိမ့်တပတ်လုပ်လိုသူတွေ အဓိကအသုံးများတဲ့ ဗျူဟာတစ်ရပ်ဖြစ်တယ်လို့ ဒီအဖွဲ့က ပြောပါတယ်။

လူပြိန်းကြိုက်ဝါဒီတွေနဲ့ လက်ယာစွန်းသမားတွေဟာ လုပ်ကြံသတင်းတွေ ဖြန့်ဝေရာမှာ ပိုမို လက်စောင်းထက်လာရုံသာမက ဒါတွေကိုဖြန့်ဝေတဲ့ ကွန်ရက်တွေကိုလည်း ကျွမ်းကျင်စွာ အသုံးပြုလာကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

သုတေသီတွေ လေ့လာခဲ့တဲ့ ၆၅ နိုင်ငံထဲက ၄၇ နိုင်ငံမှာ နိုင်ငံရေး၊ လူမှုရေး ဒါမှမဟုတ် ဘာသာရေးကိစ္စတွေကို အွန်လိုင်းမှာ ပြောဆိုလို့ ဖမ်းခံရသူတွေ ရှိနေသလို ၃၁ နိုင်ငံထက်မနည်းမှာလည်း အွန်လိုင်းပေါ်က ကိစ္စရပ်တွေကြောင့် ကိုယ်ထိလက်ရောက် စော်ကားခံရသူတွေ ရှိနေတယ်လို့ ဆိုပါတယ်။

တရုတ်ကတော့ အင်တာနက်လွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်တဲ့နေရာမှာ ကမ္ဘာ့အဆိုးဆုံးနိုင်ငံအဖြစ် ဗိုလ်စွဲလာတာ လေးနှစ်ဆက်တိုက် ရှိနေပါပြီ။

လက်ရှိမှာလည်း တီယန်မင်ရင်ပြင် အရေးအခင်း နှစ် ၃၀ ပြည့်အတွက် ဟောင်ကောင်မှာ ဆန္ဒပြမှုတွေကို သတင်းထိန်းချုပ်မှုတွေ လုပ်နေပါတယ်။

အမေရိကန်မှာလည်း အင်တာနက်လွတ်လပ်ခွင့် ကျဆင်းလာပါတယ်။ အစိုးရကိုယ်၌က ဆိုရှယ်မီဒီယာကို တိုးမြှင့်စောင့်ကြည့်လာတာ၊ ခရီးသွားတွေရဲ့ ဖုန်း၊ ကွန်ပျူတာ အစရှိတဲ့ ပစ္စည်းမျိုးတွေကို ဝရမ်းမရှိဘဲ ရှာဖွေစစ်ဆေးတာတွေ လုပ်လာပါတယ်။

၂၀၁၈ နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲ ကာလမှာ ဆိုရင်လည်း အမေရိကန်မှာ လုပ်ကြံသတင်းတွေ သောင်းကျန်းခဲ့ပါတယ်။ ပြည်တွင်းသာမကဘဲ ပြည်ပနိုင်ငံတွေကပါ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဝင်ရောက်စွက်ဖက်ကြတာပါ။

အုပ်ချုပ်သူအစိုးရတွေဟာ အွန်လိုင်းပေါ်ကလူတွေကို စောင့်ကြည့်ရာမှာ AI ဉာဏ်ရည်တုတွေအသုံးပြုတာ ပိုများလာနေတယ်လို့ Freedom House ကပြောပါတယ်။

တစ်ချိန်က ကမ္ဘာ့အင်အားအကြီးဆုံး စုံစမ်းစစ်ဆေးရေး အေဂျင်စီတွေ အသုံးပြုခဲ့ကြတဲ့ စပိုင်ဆော့ဖ်ဝဲတွေကို အခုတော့ ကမ္ဘာတစ်ဝန်းမှာ အသုံးပြုနေကြပြီလို့ Freedom House အဖွဲ့ရဲ့ နည်းပညာနဲ့ ဒီမိုကရေစီ သုတေသနဒါရိုက်တာ တစ်ဦးဖြစ်သူ အေဒရီယန် ရှာဘက်က ပြောပါတယ်။

AI စနစ်က တစ်နေ့တစ်ခြား ပိုပိုကောင်းလာနေပြီး ဆိုရှယ်မီဒီယာတွေပေါ်က လှုပ်ရှားမှုတွေကို စောင့်ကြည့်ရာမှာ အထိန်းအကွပ်မရှိတဲ့ ဈေးကွက်တစ်ခု ဖြစ်လာနေပါတယ်။

“အခြေခံလွတ်လပ်ခွင့်တွေ ရှိပါတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ဒီလိုစောင့်ကြည့်မှုတွေ ရှိနေပြီ” လို့ အေဒရီယန် ရှာဘက်က ဆိုပါတယ်။

အင်တာနက်လွတ်လပ်ခွင့်မှာ အနိမ့်ဆုံးကို ထိုးကျသွားတာကတော့ ဆူဒန်နဲ့ ကာဇက်စတန် နိုင်ငံတွေပါ။ သူတို့နောက်မှာတော့ ဘရာဇီး၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဇင်ဘာဘွေနိုင်ငံတွေ ကပ်လိုက်လာပါတယ်။ တိုးတက်ကောင်းမွန်မှုလာတဲ့ နိုင်ငံ ၁၆ နိုင်ငံရှိပါတယ်။ ဒီထဲမှာ အီသီယိုးပီးယားနိုင်ငံဟာ အတိုးတက်ဆုံးပါ။

မြင်ရသလောက် အလားအလာ သိပ်မကောင်းပေမယ့် ဒီမိုကရေစီနည်းကျ အပြောင်းအလဲတွေ ဖြစ်ထွန်းအောင် နည်းပညာအားနဲ့ လှုံ့ဆော်နေကြတာမျိုးလည်း ရှိတယ်လို့ အေဗရာမိုဗစ်က ပြောပါတယ်။ ဘက်ဘနွန်နိုင်ငံမှာဆိုရင် အပြောင်းအလဲတွေ ဆောင်ရွက်ဖို့အတွက် နည်းပညာကိုအသုံးပြုပြီး အချင်းချင်း လှုံ့ဆော်စည်းရုံးနေကြတာ ဖြစ်ပါတယ်။

တစ်ချို့အစိုးရတွေ ကျတော့လည်း သူတို့ရဲ့အတိုက်အခံတွေ လူထုစည်းရုံးရေးတွေမှာ အသုံးပြုနေကြတဲ့ ဖုန်း အက်ပလီကေးရှင်းတွေ၊ မီဒီယာပလက်ဖောင်းတွေကို သုံးခွင့်မရအောင် ကန့်သတ်ထားတာမျိုး၊ ဒါမှမဟုတ် အင်တာနက်ကိုပါ ပိတ်ချလိုက်တာမျိုးအထိ လုပ်နေကြတာရှိတယ်လို့ ဒီအစီရင်ခံစာမှာ မှတ်ချက်ပေးထားပါတယ်။

မြတ်သူဇာ
ရည်ညွှန်း - How Governments Use Social Media to Spy on You & Sway Elections

ဗီဒီယိုများ