ပေါက်တောတွင် ကျေးရွာ ၂၀ ကျော် ဘေးလွတ်ရာထွက်ပြေးနေရ

ရခိုင်ပြည်၊ ပေါက်တောမြို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေ၍ မြို့နေလူထု အပါအဝင် မြို့အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၂၀ ကျော်မှ ပြည်သူလေးသောင်းခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

By Admin 08 Dec 2023

နိုဝင်ဘာ ၂၅ ရက်နေ့တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် မီးလောင်နေသော ပေါက်တောမြို့တစ်နေရာ။ 
နိုဝင်ဘာ ၂၅ ရက်နေ့တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် မီးလောင်နေသော ပေါက်တောမြို့တစ်နေရာ။ 

ပေါက်တောမြို့တိုက်ပွဲတွင် စစ်ကောင်စီက ကြည်းရေလေပူးပေါင်းကာ လက်နက်ကြီး/ငယ်များဖြင့် မြို့ပေါ်နှင့် မြို့အနီးကျေးရွာများကို အဆက်မပြတ်ပစ်ခတ်နေ၍ စိုးရိမ်ကြောက်လန့်ကာ ထွက်ပြေးနေကြခြင်း ဖြစ်သည်။ 

“ကုလားတန်မြစ်ကြောင်းမှာရှိတဲ့ နေဗီက လက်နက်ကြီးတွေ နေ့တိုင်းပစ်တယ်။ ကျနော်တို့ရွာအပေါ်ကနေ ကျော်ပြီးသွားတာ။ ဆက်နေရင် အခြေအနေက ဆိုးရွားလာမှာဖြစ်လို့ ကြောက်လန့်ပြီး ရွာကထွက်ခဲ့ရတာ” ဟု သဝင်ချောင်းကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။

ပေါက်တောမြို့ပေါ်တွင် နိုဝင်ဘာလ ၁၆ ရက်နေ့မှစ၍ စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည်မှာ ရက်ပေါင်း ၂၀ ကျော် ကြာမြင့်လာပြီဖြစ်သည်။

လက်ရှိ ထွက်ပြေးနေကြသော ကျေးရွာပေါင်း ၂၀ ကျော်မှာ မြို့ပေါ်နှင့်နီးကပ်သည့်အတွက် စစ်ကောင်စီ၏ လက်နက်ကြီး/ငယ်အန္တရာယ်ကို စိုးရိမ်ရသည့်အပြင် တိုက်ပွဲနယ်မြေအတွင်း၌လည်း ရှိနေသည်။ 

မြို့အနောက်ဘက်ရှိ မနော်သီရိ၊ တောင်းဖူး၊ တောင်ညို၊ သရက်၊ လက်ပံပြား၊ ကျောက်ဆိပ်၊ ကြိမ်ခမော်၊ တပ်မော်၊ ဒါးကိုင်၊ သားရွေး၊ မော်ထုပ်ကြီး၊ တလိုင်းချောင်း၊ သိမ်းကျွန်းမော်၊ သဝင်ချောင်း၊ သစ်ကျေးချောင်းနှင့် မြို့အရှေ့ဘက်ရှိ ရွာချောင်းကြီး၊ င/ခူရှည်၊ ကျော်ရှင်၊ အဝကန်၊ ဇီးချိုမော်၊ နန်းတက်ကျွန်း၊ စိုင်းတုတ်၊ တောင်ပုတ်ကေ ကျေးရွာတို့မှာ ရွာလုံးကျွတ် တိမ်းရှောင်နေကြရသည်။

စစ်ကောင်စီက လမ်းပိတ်ဆို့ထားသည်မှာ တစ်လခန့်ကြာမြင့်လာပြီဖြစ်၍ ရခိုင်ဒေသခံများမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီနှင့် ကုန်ပစ္စည်းများ ပြတ်လပ်မှုဒဏ်ကို ကြုံတွေ့နေရသည်။ 

ပေါက်တောမြို့နယ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများမှာ လမ်းခရီးပိတ်ဆို့ထားမှု အကျိုးဆက်အဖြစ် ရိက္ခာပြတ်လပ်မှုဒဏ်ကို ရင်ဆိုင်နေရပြီး ကူညီထောက်ပံ့မှုမရရှိသဖြင့် အခက်တွေ့နေကြသည်။  

“ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေက အကုန်လုံးပြတ်နေပြီ။ အခုက စပါးပေါ်ချိန်ဖြစ်နေလို့ ထမင်းတစ်ခုတော့ စားနေရသေးတယ်” ဟု ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ရင့်မှည့်စပါးများကို စွန့်ပစ်ထားခဲ့ရပြီး ရက်ကြာလာပါက စပါးများ ပျက်စီးဆုံးရှုံးသွားမည်ကို လယ်သမားများက စိုးရိမ်နေကြရသည်။  

“ကျနော်တို့က ပေါက်တောမြို့နဲ့နီးတော့ ရွာကိုပြန်ဖို့ လုံးဝအဆင်မပြေတော့ဘူး။ စပါးတွေကလည်း အချိန်လွန်နေပြီ။ နောက်သုံးပတ်လောက်နဲ့မှ မရိတ်သိမ်းရရင် တစ်နှစ်စာတော့ဆုံးပြီ” ဟု ရွာချောင်းကြီး ကျေးရွာမှ တောင်သူ ဦးသန်းမောင်ထွန်းက ပြောသည်။

ရခိုင်တွင် ယခုနှစ်အတွင်း မုန်တိုင်းဒဏ်၊ ရေကြီးမှုဒဏ်များကြားမှ လယ်သမားများမှာ စပါးများကို အားထည့် စိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။ သီးနှံပေါ်ချိန်တွင်လည်း စပါးများကို အချိန်မှန်မရိတ်သိမ်းနိုင်ပါက လာမည့်ကာလတွင် ရခိုင်ပြည်၏ စားနပ်ရိက္ခာဖူးလုံရေးကို ထိခိုက်လာနိုင်ကြောင်း ပြောဆိုနေကြသည်။ 

#D011 #DMG

ဗီဒီယိုများ