- ဖားကန့်ကို ဦးတည်လာသည့် စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲပြင်းထန်
- ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျောက်ဖြူဆေးရုံကြီးတွင် လုံခြုံရေးအပြည့်ဖြင့် ဆေးကုနေ
- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
အမ်းနှင့်မြေပုံတွင် ကျေးရွာ ၄ ရွာကို စစ်ကောင်စီ ပိတ်ဆို့ထား
ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ ကဇုကိုင်း၊ ဂျိတ်ချောင်း၊ စွေ့ချောင်းနှင့် မြေပုံမြို့နယ်ရှိ လီသွန် ကျေးရွာတို့ကို စစ်ကောင်စီတပ်သားများက ပိတ်ဆို့ထားသဖြင့် ဒေသခံများမှာ အခက်အခဲနှင့် ကြုံတွေ့နေကြသည်။
20 Dec 2023

မြေပုံမြို့နယ်၊ စညှင်းကျေးရွာအနီးတွင် ဒီဇင်ဘာ ၁၃ ရက်က AA တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများက လီသွန်ရွာသားများကို ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားခြင်း ဖြစ်သည်။
လီသွန်ကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၅၀၀ ခန့်ရှိပြီး စစ်ကောင်စီက သွားလာခွင့်ကန့်ထား၍ စားနပ်ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။
“အပြင်ထွက်ရင် စစ်ကောင်စီတပ်သားတွေက လိုက်ပစ်တယ်။ ကျမတို့မှာ စားစရာတွေလည်း မရှိတော့ဘူး။ အကုန်လုံးငတ်ပြတ်နေကြပြီ။ သွားလာခွင့်တွေ အမြန်ဆုံးရစေချင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သားများမှာ ကျေးရွာအတွင်း တပ်စွဲနေထိုင်ခြင်း မရှိသော်လည်း ဝင်ထွက်သွားလာမှုများ မကြာခဏပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
အမ်းမြို့နယ်တွင်လည်း ကဇုကိုင်း၊ ဂျိတ်ချောင်း၊ စွေ့ချောင်းကျေးရွာ၌ ဒေသခံ ၁,၀၀၀ ခန့်ပိတ်မိနေပြီး စစ်ကောင်စီက ကျေးရွာအတွင်း ဝင်ထွက်သွားလာခြင်း မပြုရန်နှင့် ပြုလုပ်သူများကို ပစ်ခတ်မှုမည်ဟု ပြောဆိုထား၍ ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေကြသည်။
ဒီဇင်ဘာလ ၁၃ ရက်တွင် တောဟိန်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်များဖြင့် ကျေးရွာအနီးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကဇုကိုင်း၊ ဂျိတ်ချောင်း၊ စွေ့ချောင်းကျေးရွာမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
သို့သော်လည်း ဒေသခံ ၁,၀၀၀ ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်း ဝင်ရောက်လာမှုကြောင့် ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း ထွက်ပြေးလာသူများ၏ ပြောကြားချက်အရ သိရသည်။
“ကျမတို့က အဲဒီတောင်က လက်နက်ကြီးပစ်လို့ ထွက်ပြေးနေတာ။ ရွာထဲမှာ ကျန်နေသေးတဲ့သူတွေရှိတယ်။ စစ်ကောင်စီက ရွာအဝင်အထွက်တွေ ပိတ်ထားတဲ့အတွက် သွားလာလို့မရဘူးလို့ သိရတယ်။ ရွာမှက ရိက္ခာသိပ်မရှိဘူး။ အခုဆိုရင် ပြတ်လပ်နေလောက်ပြီ” ဟု ကဇုကိုင်းရွာမှ တိမ်းရှောင်လာသူတစ်ဦးက ပြောသည်။
ကဇုကိုင်း၊ ဂျိတ်ချောင်း၊ စွေ့ချောင်းနှင့် လီသွန်းကျေးရွာတို့ကို စစ်ကောင်စီက ဝင်ထွက်သွားလာခွင့် ပိတ်ဆို့ထားသည်မှာ တစ်ပတ်ခန့်ကြာမြင့်လာပြီး ရွာအတွင်း ပိတ်မိနေသူများနှင့်လည်း အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရသည်။
အမ်းမြို့ခံတစ်ဦးက “အဲဒီဖက်မှာ အခုဆိုရင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ မရတော့ဘူး။ အခုလည်း ပိတ်မိနေတဲ့သူတွေနဲ့ အဆက်အသွယ်မရဘူး” ဟု ပြောသည်။
စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းခရီးသွားလာခွင့် ပိတ်ဆို့ထား၍ ဒေသခံများမှာ စားနပ်ရိက္ခာပြတ်မှုဒဏ်ကို ကြုံတွေ့နေရသည်။