အမ်း တပ်တောင်ရဲစခန်းမှူး ဖမ်းဆီးခံရ

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့ရဲစခန်းမှ အသက် (၅၀) အရွယ် စခန်းမှူး ဦးမျိုးမင်းထွန်းကို ယမန်နေ့ (နိုဝင်ဘာလ ၇ ရက်) နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ 

By Admin 08 Nov 2023

အမ်းမြို့နယ်၊ တပ်တောင်မြို့ဝင်ဆိုင်းဘုတ်။ ဓာတ်ပုံ - ကိုတိုး
အမ်းမြို့နယ်၊ တပ်တောင်မြို့ဝင်ဆိုင်းဘုတ်။ ဓာတ်ပုံ - ကိုတိုး

DMG ၊ နိုဝင်ဘာ ၈ 

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့ရဲစခန်းမှ အသက် (၅၀) အရွယ် စခန်းမှူး ဦးမျိုးမင်းထွန်းကို ယမန်နေ့ (နိုဝင်ဘာလ ၇ ရက်) နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ 

အင်အား ၁၀၀  ခန့်ပါဝင်သော အမ်းမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့တစ်ခုက တပ်တောင်ရဲစခန်းသို့ လာရောက်ကာ စခန်းမှူး ဦးမျိုးမင်းထွန်းအပါအဝင် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးသွားခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ အမ်းမြို့သို့အဝင်တစ်နေရာတွင် ထွက်ပြေးလွတ်မြောက်သွားပြီး ရဲစခန်းမှူးမှာ စစ်ကောင်စီတပ်ရင်းတစ်ခုတွင် ဖမ်းဆီးခံထားရသည်ဟု စုံစမ်းသိရှိရသည်။ 

“အင်အား ၁၀၀ လောက်ရှိတဲ့ စစ်သားတွေ ကား ၄ စီးနဲ့ လာရောက်ပြီးတော့ စခန်းမှူးနဲ့ နောက်ထပ် ရဲနှစ်ယောက်ကို ဖမ်းသွားတာ။ အဖမ်းမခံရင် ပစ်ခတ်ပြီးဖမ်းမယ်ဆိုတဲ့ ပုံစံမျိုးအထိ စစ်တပ်က ပြင်ဆင်လာတာလို့ ပြောလို့ရတယ်” ဟု ဖမ်းဆီးခံရသူနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက DMG ကို ပြောသည်။ 

၎င်းတို့ဖမ်းဆီးမခံရခင် တပ်တောင်မြို့ရဲစခန်းတွင် ရာထူးအပြောင်းအလဲများ ရှိသောကြောင့် စခန်းမှူးအား အမ်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးသို့ လာရောက်ရန် နိုဝင်ဘာ ၆ ရက်နေ့က အသိပေးအကြောင်းကြားခဲ့ပြီး နောက်တစ်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။ 

တပ်တောင်မြို့ ရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို အသေးစိပ်သိရှိနိုင်ရန် DMG က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။ လက်ရှိ တပ်တောင်ရဲစခန်းတွင် စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့်က နေရာယူထားပြီး ရဲတပ်ဖွဲ့ဝင်များထံမှ လက်နက်များကို သိမ်းဆည်းထားကြောင်း သိရသည်။

တပ်တောင်မြို့ ဒေသခံအမျိုးသားတစ်ဦးက “ကျနော်တို့ကတော့ စိုးရိမ်မှုတွေ ရှိသွားကြတယ်။ စစ်ကားလေးစီးနဲ့ ဝင်လာပြီး ဖမ်းသွားတာဆိုတော့ အကုန်လုံး သတိထားကြတာပေါ့။ ပြီးရင် စစ်ကောင်စီနဲ့ AA ကလည်း စစ်ရေးတင်းမာမှုတွေ ရှိနေတယ်။ အရင်ကလည်း ရဲတပ်ဖွဲ့ဝင်တွေကို AA နဲ့ ပတ်သက်တယ်ဆိုပြီး စစ်ကောင်စီက ခေါ်ပြီးတော့ စစ်ဆေးတာတွေရှိတယ်” ဟု ပြောသည်။ 

အမ်းမြို့နယ်သည် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ ဒေသဖြစ်သော်လည်း ကျေးလက်ဒေသများတွင် ULA/ AA က စစ်ကောင်စီနှင့်အပြိုင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးပိုင်းများကို လုပ်ဆောင်လျက်ရှိနေသည်။   

တပ်တောင်မြို့သည်လည်း အမ်းမြို့နှင့် မိုင် ၂၀ ကျော် ကွာဝေးပြီး ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားနေသည့် နေရာဖြစ်သည်။ ထို့အပြင် တပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်ရှိသည့် တပ်တောင်မြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှာ AA အပါအဝင် ဒေသခံများနှင့် သင့်မြတ်အောင် ဆက်ဆံနေထိုင်ကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ 

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များအား စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ ရက္ခိုင့်တပ်တော်(ULA/AA) နှင့် ပတ်သက်ဆက်နွယ်မှုများ ရှိသည့်အတွက်ကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများက ရှုမြင်ကြသည်။ 

“ရဲတပ်ဖွဲ့ဝင်ဆိုတာက စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဆိုတာ အားလုံးအသိပဲ။ သူတို့အချင်းချင်း တော်ရုံကိစ္စနဲ့တော့ အဖမ်းအဆီးတွေ လုပ်ကြတာမှ မဟုတ်တာ။ ဥပမာ ULA/ AA နဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား အဆက်အသွယ်ရှိတာမျိုး၊ အပြန်အလှန် ပြောဆိုဆက်ဆံတာမျိုးတွေကြောင့်လို့ ထင်တယ်” ဟု တပ်တောင်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

တပ်တောင်မြို့ ရဲစခန်းမှူးကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း တို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ရခိုင်ပြည်၊ ကျောက်ဖြူမြို့မှ ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ရှေ့နေတစ်ဦးနှင့် လဝကဝန်ထမ်း အမျိုးသမီးတစ်ဦးတို့ကို ULA/AA နှင့် ဆက်နွယ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အချိန်ထိ ပြန်မလွှတ်လာသေးပေ။ 

#D005 #D006 #DMG

ဗီဒီယိုများ