ဖမ်းဆီးခံသတင်းသမားများကို အမြန်ဆုံးလွှတ်ပေးရန် အသံအဖွဲ့တောင်းဆို

စစ်အာဏာသိမ်းပြီးနောက် သတင်းသမား ၆၁ ဦး ဆက်လက်ဖမ်းဆီးခံနေရပြီး ဖမ်းဆီးခံသတင်းသမားများကို အမြန်ဆုံးလွှတ်ပေးရန်နှင့် သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားရန် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး ဆောင်ရွက်နေသည့် အသံအဖွဲ့က ယနေ့(မတ်လ ၃ ရက်)တွင်ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့တွင် တောင်းဆိုလိုက်သည်။

03 May 2022

DMG ၊ မေ ၃

စစ်အာဏာသိမ်းပြီးနောက် သတင်းသမား ၆၁ ဦး ဆက်လက်ဖမ်းဆီးခံနေရပြီး ဖမ်းဆီးခံသတင်းသမားများကို အမြန်ဆုံးလွှတ်ပေးရန်နှင့် သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားရန် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး ဆောင်ရွက်နေသည့် အသံအဖွဲ့က ယနေ့(မတ်လ ၃ ရက်)တွင်ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့တွင် တောင်းဆိုလိုက်သည်။

လက်ရှိတွင် စစ်တပ်၏ ပစ်မှတ်ထားတိုက်ခံရသည့်ကြားတွင် နည်းလမ်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုနှင့် ကမ္ဘာတစ်ဝန်းသို့ သတင်းမှန်သိရှိစေရန် အသက်အန္တရာယ်များကြားမှ စွမ်းစွမ်းတမံ အားစိုက်သတင်းယူပေးနေကြသော သတင်းသမားများသည် လေးစားဖွယ်ရာပင်ဖြစ်ကြောင်း အသိအမှတ်ပြုသည်ဟု အသံအဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အာဏာသိမ်းပြီးနောက် သတင်းမီဒီယာသမား(၁၅၆)ဦး ဖမ်းဆီးခံခဲ့ရပြီး ၉၅ ဦးမှာ ပြန်လည်လွတ်မြောက် လာခဲ့သော်လည်း သတင်းသမား ၆၁ ဦးမှာ ဆက်လက်ဖမ်းဆီးခံနေရဆဲဟု ဆိုထားသည်။ ထို့ပြင် သတင်းသမားသုံးဦးမှာလည်း အသက်ဆုံးရှုံးခဲ့ရသည်ဟု အသံအဖွဲ့ကဆိုသည်။

“သတင်းမီဒီယာသမားများ၏ အခွင့်အရေးများဆုံးရှုံးခြင်းသည် ဒီမိုကရေစီ၏ရေသောက်မြစ်ဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုပါ ခြိမ်းခြောက်လာခြင်းဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင်ရေးထားသည်။

လက်ရှိအခြေအနေသည် သတင်းမီဒီယာသမားများ၏ လွတ်လပ်စွာ သတင်းအချက်အလက်ရယူပိုင်ခွင့်၊ ဖြန့်ဖြူးပိုင်ခွင့်နှင့် ရေးသားပြောဆိုခွင့်များကို ဆုံးရှုံးခြင်းသာမကဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အခြေခံ လူ့ရပိုင်ခွင့်ပါ ဆုံးရှုံးနေခြင်းဖြစ်သည်ဟု အသံအဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဝါရင့်သတင်းစာဆရာ ဦးမြင့်ကျော်ကလည်း “သတင်းသမားတွေ ဘယ်လိုဆုံးရှုံးမှုရှိလဲဆိုတော့ လိုင်စင် ပိတ်သိမ်းခံရတဲ့သတင်းဌာနတွေရှိသလို ဖမ်းဆီးတဲ့အန္တရာယ်ကြောင့် ရပ်နားလိုက်ရတဲ့ သတင်းဌာနတွေလည်းရှိတယ်။ သတင်းအလုပ်ဆုံးရှုံးတာတင်မဟုတ်ဘဲ ခြိမ်းခြောက်တာတွေ၊ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်တွေက (၇၀)ရာခိုင်နှုန်းအထိရှိတယ်။ ဘယ်လိုအဖြစ်အပျက်တွေတင်ပြတာလဲဆိုတာမှာလည်း မူတည်တာပေါ့”ဟု ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂက မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အဖြစ် ၁၉၉၃ ခုနှစ်က စတင်သတ်မှတ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသည့် သတင်းသမားများ၊ သတင်းအချက်အလက် လွတ်လပ်ခွင့်ကို တန်ဖိုးထားလေးစားသူများက အဆိုပါနေ့ကို နှစ်စဉ်ကျင်းပလာခဲ့ကြသည်။

ဗီဒီယိုများ