ရခိုင်က သတင်းသမားများကို စစ်ကောင်စီက ဆက်တိုက်ဖိနှိပ်လာ

အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်အခြေစိုက် သတင်းဌာနများနှင့် သတင်းသမားများကို စစ်ကောင်စီက အမှုဖွင့်တရားစွဲဆိုမှုများ ဆက်တိုက်ရှိလာပြီး လက်ရှိတွင် တရားစွဲဆိုခံထားရသည့် သတင်းသမား ၅ ဦးအထိ ရှိလာနေသည်။

By Admin 07 Nov 2023

စစ်ကောင်စီက ချိတ်ပိတ်ထားသော DMG သတင်းဌာနရုံးချုပ်။ ဓာတ်ပုံ - DVB
စစ်ကောင်စီက ချိတ်ပိတ်ထားသော DMG သတင်းဌာနရုံးချုပ်။ ဓာတ်ပုံ - DVB

DMG ၊ နိုဝင်ဘာ ၇

အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်အခြေစိုက် သတင်းဌာနများနှင့် သတင်းသမားများကို စစ်ကောင်စီက အမှုဖွင့်တရားစွဲဆိုမှုများ ဆက်တိုက်ရှိလာပြီး လက်ရှိတွင် တရားစွဲဆိုခံထားရသည့် သတင်းသမား ၅ ဦးအထိ ရှိလာနေသည်။

တရားစွဲဆိုခံထားရသူများမှာ Narinjara သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦး၊ Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦး၊ Development Media Group (DMG) သတင်းဌာနမှ သတင်းထောက်တစ်ဦးတို့ ဖြစ်ကြသည်။

၎င်းတို့ကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅-က၊ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ - ၁၂၄(က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၅ တို့ဖြင့် တရားစွဲဆို ထားခြင်းဖြစ်သည်။

စစ်ကောင်စီက သတင်းသမားများကို ပစ်မှတ်ထားကာ ဖမ်းဆီးတရားစွဲဆိုမှုများ ရှိလာသဖြင့် လုံခြုံမှုမရှိသလို ခံစားလာရသည်ဟု ရခိုင်အခြေစိုက် အမျိုးသမီး သတင်းထောက်တစ်ဦးက ပြောသည်။

“သတင်းဌာနနဲ့ သတင်းထောက်တွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးမှုတွေရှိလာတဲ့အခါ မြေပြင်မှာ ကွင်းဆင်းပြီး သတင်းယူနိုင်ဖို့ တော်တော်လေးအခက်အခဲတွေ ရှိလာတယ်။ သတင်းရယူခွင့် ကန့်သတ်ချက်ရှိလာလို့ သတင်းခိုင်လုံမှုတွေက အနည်းနဲ့အများ အားနည်းချက်ရှိလာတယ်။ ပြီးတော့ သတင်းထောက်တွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာတွေမှာလည်း လုံခြုံမှုမရှိသလို ခံစားလာကြရတယ်” ဟု ၎င်းကပြောသည်။

သတင်းသမားများအား စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုမှုများ ပြုလုပ်လာခြင်းမှာ သတင်းလွတ်လပ်ခွင့်၊ သတင်းမှန်သိပိုင်ခွင့်များကို တားဆီးပိတ်ပင်ရန်နှင့် အကြောက်တရားလွှမ်းမိုးအောင် လုပ်ဆောင်နေခြင်းဟု သတင်းသမားများက ပြောကြသည်။

ယခု ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က ရခိုင်အခြေစိုက် DMG သတင်းဌာနမှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးစောင့် ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး DMG ရုံးချုပ်ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော်ခန့်က ဝင်ရောက်စီးနင်းကာ ရုံးကိုလည်း ချိတ်ပိတ်သွားခဲ့သည်။

ဖမ်းဆီးခံရသူနှစ်ဦးမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ - ၆၅ ဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ခံထားရပြီး ကျန်ဝန်ထမ်းများမှာလည်း လုံခြုံမည့်နေရာတွင် တိမ်းရှောင်နေကြရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်ရေးသားတင်ဆက်နေသော သတင်းဌာနများကို လိုင်စင်ပိတ်သိမ်းခြင်း၊ သတင်းဌာနများကို ဝင်ရောက်စီးနင်းခြင်းနှင့် သတင်းသမားများကို ဖမ်းဆီးထောင်ချခြင်းများ ရှိခဲ့သည်။

ထို့ကြောင့် သတင်းသမားအများအပြားမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသော်လည်း ရခိုင်အခြေစိုက် သတင်းသမားများကို စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုမှုများ မရှိခဲ့ပေ။

သို့သော်လည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ- ၁၂၄(က)ဖြင့် တရားစွဲဆိုခဲ့သည်။

အလားတူ ၂၀၂၂ ခုနှစ်၊ မတ်လတွင် Narinjara သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)ဖြင့် စစ်ကောင်စီက အမှုဖွင့်ခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးတရားစွဲဆိုခံထားရသော DMG သတင်းထောက် ကိုထက်အောင်မှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံထားရသည့် ရခိုင်က ပထမဆုံးသတင်းသမားဖြစ်သည်။

DMG သတင်းဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဇော်က “အခု စစ်ကောင်စီက လူ့အခွင့်အရေးတစ်ခုတည်း ချိုးဖောက်နေတာ မဟုတ်ဘူး။ အားလုံးကို ချိုးဖောက်နေတာဖြစ်တယ်။ သတင်းမီဒီယာတွေကိုလည်း သူတို့အတွက် အန္တရာယ်တစ်ခုလို မြင်လာတယ်။ ဒီအချိန်မှာတော့ တော်တော်လေးကို ဆိုးဆိုးရွားရွား ဆက်ဆံခံလာရတယ်။ သတင်းလွတ်လပ်ခွင့်ဆိုတာ လုံးဝမရှိတော့ဘူး” ဟု ပြောသည်။

DMG သတင်းဌာနမှ အယ်ဒီတာချုပ်အပါအဝင် သတင်းထောက်နှင့် တာဝန်ရှိသူအချို့မှာလည်း ၂၀၁၉ ခုနှစ်ကတည်းက မတရားအသင်းဆက်သွယ်မှုပုဒ်မ - ၁၇ (၂) ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅(က) တို့ဖြင့် တရားစွဲခံထားရသည်။

စစ်ကောင်စီက ရခိုင်အခြေစိုက်သတင်းဌာနများကို ပစ်မှတ်ထားပြီး ဖမ်းဆီးတရားစွဲဆိုမှုများ ပြုလုပ်လာနေသဖြင့် သတင်းဌာနများနှင့် သတင်းသမားများမှာ သတင်းလုပ်ငန်းလုပ်ကိုင်ရာတွင် ခက်ခဲကျပ်တည်းလာကြောင်း သတင်းသမားများက ပြောကြသည်။

Western News သတင်းဌာန အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက “အခုက သတင်းထောက်တွေရဲ့ လုံခြုံရေးဟာ ဆိုးရွားလာပြီး သတင်းရယူ၊ တင်ဆက်တာတွေမှာ တော်တော်လေး ခက်ခဲနှောင့်နှေးလာကြတယ်။ သတင်းဌာနတွေကို ဝင်ရောက်စီးနင်းတာကို ပြင်းပြင်းထန်ထန်ရှုံ့ချတယ်” ဟု ပြောသည်။

ရခိုင်အခြေစိုက် သတင်းဌာနများဖြစ်သည့် DMG ၊ Narinjara ၊ Western News နှင့် Border News Agency တို့သည် စီးပွားရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး စသည့်ကဏ္ဍများကို အမြဲမပြတ် စောင့်ကြည့်ရေးသားတင်ပြနေသော သတင်းဌာနများဖြစ်သည်။

လက်ရှိတွင် အဆိုပါသတင်းဌာနများမှ အယ်ဒီတာချုပ်နှင့် သတင်းသမားများမှာ စစ်ကောင်စီ၏ တရားစွဲဆို ထားမှုများကြောင့် လုံခြုံရာနေရာသို့ တိမ်းရှောင်ပြီး သတင်းလုပ်ငန်းကို လုပ်ကိုင်နေကြရကြောင်း သိရသည်။

မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ သတင်းသမားများ ဖမ်းဆီးခံရသော တတိယအဆိုးဆုံးနိုင်ငံ ဖြစ်နေပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ အကျဉ်းထောင်အသီးသီး၌ ဖမ်းဆီးခံထားရသူဦးရေ အနည်းဆုံး ၅၀ ဦးခန့်ရှိနေကြောင်း သိရသည်။

#D007 #DMG

ဗီဒီယိုများ