သံတွဲမြို့ခံ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့် 

“နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်လုပ်ဆောင်သည်” ဟုဆိုကာ ရခိုင်ပြည်၊ သံတွဲမြို့၊ အမှတ်(၁) ရပ်ကွက်မှ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးအမှုဖွင့်ထားကြောင်း ဒီဇင်ဘာ ၉ ရက်ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။ 

By Admin 09 Dec 2023

သံတွဲမြို့ခံ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့် 

သံတွဲမြို့၊ အမှတ်(၁)ရပ်ကွက်မှ မမိမိခိုင်သည် ၎င်းအသုံးပြုသည့် “Mi Mi Khaing” ဖေ့ဘုတ်ခ်အကောင့်ဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်နေ၍ ဒီဇင်ဘာ ၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာရဲစခန်း၌ အမှုဖွင့်အရေးယူခဲ့ကြောင်း စစ်ကောင်စီက ဆိုသည်။ ယခုကိစ္စနှင့်ပတ်သက်၍ မမိမိခိုင်၏ မိသားစုဝင်နှင့် အဆက်အသွယ်ရရှိရန် DMG က ကြိုးပမ်းနေသည်။ 

သံတွဲမြို့ခံ အမျိုးသားတစ်ဦးက “အခုက သံတွဲမှာပဲ မဟုတ်ဘူး။ ရခိုင်ပြည်အနှံ့မှာ စစ်ကောင်စီက ဒေသခံတွေကို ဖမ်းဆီးတယ်။ ပြီးရင် အကြောင်းအမျိုးမျိုးပြပြီး အမှုဖွင့်နေတာပဲ။ ပြည်သူတွေမှာတော့ စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေကြရတယ်” ဟု ပြောသည်။

“အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံအဖွဲ့များ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်” ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

ပြည်သူများ အနှောင့်အယှက်ဖြစ်စေမည့် လှုံ့ဆော်ဝါဒဖြန့်မှုများကို ပြုလုပ်ခြင်း၊ ထပ်ဆင့်ဝေမျှခြင်း၊ ကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ- ၁၂၄(က)နှင့် ပုဒ်မ- ၅၀၅ (က)၊ အီလက်ထရောနစ်ဥပဒေပုဒ်မ- ၃၃(က)တို့ဖြင့် အရေးယူသွားမည်ဟု ဆိုထားသည်။ 

လက်ရှိ စစ်ရေးကာလ ရခိုင်ဒေသတွင် စစ်ကောင်စီက အရပ်သားများအား ဆက်တိုက်ဖမ်းဆီးနေပြီး ယင်းအထဲ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝါဒဖြန့်သည်ဆိုပြီး အမှုဖွင့်ခံရသည့် ဒေသခံ ၇ ဦးထိရှိလာသည်။ စစ်ကောင်စီ၏ သတင်းထုတ်ပြန်အရ စစ်တွေ ၄ ဦး၊ ကျောက်ဖြူ ၁ ဦးနှင့် အမ်း  ၁ ဦး၊ သံတွဲ ၁ ဦး ဖြစ်ပြီး အမျိုးသမီး ၄ ဦးထိ ပါဝင်နေသည်။   

“ပြည်သူတွေကို မတရားဖမ်းဆီး၊ သတ်ဖြတ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြောဆိုနေတဲ့သူတွေ၊ တက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီက ပိုပြီးပစ်မှတ်ထား ဖိနှိပ်လာတယ်။ မလုပ်ရဲ၊ မပြောရဲအောင် အကြောက်တရားတွေ သွင်းလာတယ်” ရခိုင်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်တင်ပြနေကြသည့် ရခိုင်သတင်းမီဒီယာများမှ ရေးသားဖော်ပြချက်များကို ထပ်ဆင့်မျှဝေခြင်း၊ ကူးယူဖော်ပြခြင်း၊ မှတ်ချက်ရေးသားခြင်း ပြုလုပ်နေသူများကို အရေးယူရန် စာရင်းပြုစုနေကြောင်း ပြည်နယ်စစ်ကောင်စီပိုင် “ရခိုင်နေ့စဉ်” တွင် ဖော်ပြထားသည်။ 

ရခိုင်သတင်းမီဒီယာများမှာ လူမျိုးရေး/စစ်ရေးပဋိပက္ခများ ဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းမှားများကို လှုံ့ဆော်ရေးသားဖော်ပြနေကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။ 

“ရခိုင်အခြေစိုက် မီဒီယာတွေဟာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေရာအချိန်အတိအကျနဲ့ သတင်းတွေ တင်ဆက်တယ်။ ဒါတွေကို စစ်ကောင်စီက လုံးဝဖုံးကွယ်လို့မရတဲ့အခါ မီဒီယာသမားတွေကို ဖမ်းဆီးဖို့ ကြိုးစားတယ်။ ဒါတောင်မကသေး သတင်းဖတ်ရှုသူတွေကိုလည်း ခြိမ်းခြောက်နေတာဖြစ်တယ်” ဟု ရခိုင်အခြေစိုက် သတင်းသမားတစ်ဦးက ပြောသည်။ 

လက်ရှိတိုက်ပွဲကာလတွင် စစ်ကောင်စီက မြို့ရွာ/ရပ်ကွက်များကို လက်နက်ကြီး/ငယ်ပစ်ခတ်မှု၊ မီးရှို့ဖျက်စီးမှု စသည့် စစ်ရာဇတ်မှုများကို ကျူးလွန်နေသည့်အပြင် အရပ်သားများကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခြင်း၊ ဒေသအခြေစိုက် သတင်းမီဒီယာရုံးများကို ဝင်ရောက်စီးနင်းပြီး သတင်းသမားများကိုလည်း ဖမ်းဆီးရန် လိုက်လံရှာဖွေနေသည်။ 

ဗီဒီယိုများ