ရေလမ်းခရီးပိတ်ထားသဖြင့် ခရီးသွားရေယာဉ်များကို အမှီပြုကာ လုပ်ကိုင်နေသူများ အခက်အခဲဖြစ်နေ

ရခိုင်ပြည်အတွင်းတွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ကောင်စီက လမ်းခရီးများကို ကန့်ပတ်ပိတ်ပင်မှုများကို လုပ်ဆောင်လာသည်။ ဒေသတွင်း ရေကြောင်းခရီးစဉ်များကိုပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းကိုလည်း ခရီးစဉ်အချို့ ရပ်နားထားရန် စစ်ကောင်စီက ညွှန်ကြားထားသည်။

By Admin 24 Nov 2022

ရေလမ်းခရီးပိတ်ထားသဖြင့် ခရီးသွားရေယာဉ်များကို အမှီပြုကာ လုပ်ကိုင်နေသူများ အခက်အခဲဖြစ်နေ

ရွှေပြည်တန်အမြန်ရေယာဉ်ပေါ်တွင် ငုံးဥနှင့် မြေပဲများ လိုက်လံရောင်းချနေသည့် ကလေးငယ်တစ်ဦးကို‌ တွေ့ရစဉ်။

DMG | နိုဝင်ဘာ ၂၄

ရခိုင်ပြည်အတွင်းတွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ကောင်စီက လမ်းခရီးများကို ကန့်ပတ်ပိတ်ပင်မှုများကို လုပ်ဆောင်လာသည်။ ဒေသတွင်း ရေကြောင်းခရီးစဉ်များကိုပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းကိုလည်း ခရီးစဉ်အချို့ ရပ်နားထားရန် စစ်ကောင်စီက ညွှန်ကြားထားသည်။

ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းမှ ပြေးဆွဲနေသည့် စစ်တွေ-မင်းပြား၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-ရသေ့တောင်- ဘူးသီးတောင် ခရီးစဉ်တို့ကို စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ ယနေ့အထိ ရပ်နားထားသည်။ ယင်းအပြင် စစ်တွေ-ပေါက်တောခရီးစဉ်ကိုလည်း အောက်တိုဘာလ ၁၉ ရက်နေ့မှစ၍ ပြေးဆွဲခွင့် ကန့်သတ်လိုက်သည်။

ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ်များကို ရွှေပြည်တန်ရေယာဉ်လိုင်း ပြေးဆွဲခွင့် ပိတ်ပင်ထားသည်မှာ ၂ လခန့်ကြာမြင့်လာနေပြီး ယင်းခရီးသွားယာဉ်များကို အမှီပြုကာ လုပ်ကိုင်စားသောက်နေကြသည့် သုံးဘီးမောင်းသူ၊ ဈေးရောင်းချသူများနှင့် ကုန်တင်ကုန်ချလုပ်ကိုင်နေကြသည့် ရာနှင့်ချီသော ပြည်သူများမှာ အခက်အခဲများဖြစ်နေကြကြောင်း စုံစမ်းသိရှိရသည်။

စစ်တွေမြို့၊ ရွှေပြည်တန်အမြန်ရေယာဉ်ဆိပ်တွင် ဈေးရောင်းချနေသည့် ကိုအေးထွန်းက “အရင်တုန်းက သင်္ဘောတွေထွက်တာ စုံတယ်ဆိုတော့ မနက်ပိုင်းရောင်းရင် လေးငါးသောင်းလောက်တော့ ရောင်းထွက်တယ်။ အခုဆိုရင် ငွေတစ်သောင်း၊ ခုနှစ်ထောင်၊ ငါးထောင် အဲလောက်ပဲရောင်းရတယ်။ ကုန်ဈေးနှုန်းတွေကလည်းတက်တော့ အဲဒီလောက်ရောင်းရငွေနဲ့ အဆင်မပြေဘူးလေ။ သင်္ဘောမထွက်တော့ ပိုဆိုးသွားတာပေါ့”ဟု ပြောသည်။

ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှ ပြေးဆွဲနေသည့် စစ်တွေ-မာန်အောင်၊ စစ်တွေ-တောင်ကုတ်-ရမ်းဗြဲ-ကျောက်ဖြူ ခရီးစဉ်များကို လက်ရှိမှာပြေးဆွဲခွင့်ပြုထားပြီး တနင်္ဂနွေ၊ အင်္ဂါ၊ သောကြာနေ့တို့တွင် ပုံမှန်ပြေးဆွဲလျက်ရှိသည်။

သို့သော် ပြေးဆွဲနေသည့် ရေကြောင်းခရီးစဉ် နည်းပါးသည့်အတွက် ခရီးသည်လိုက်ပါမှုနည်းပါးကာ ဈေးရောင်းသူများမှာ အရောင်းအဝယ်အဆင်မပြေသည့် ဈေးဆိုင်များကိုပိတ်ထားရသည်အထိ ဖြစ်လာနေကြောင်း သိရသည်။

စစ်တွေမြို့ ရွှေပြည်တန်ဆိပ်ကမ်းတွင် ဈေးရောင်းချနေသည့် နောက်တစ်ဦးက “ဦးလေးတို့က ရွှေပြည်တန်ကိုပဲ မှီခိုနေရတာလေ။ အပြန်အလှန်မှီခိုပြီး လုပ်ကိုင်စားသောက်နေကြတယ်လေ။ အခုစီးပွားဖြစ်ဖို့ အသာထား စားဖို့အတွက်ကိုတောင် အဆင်မပြေတော့ဘူး”ဟု ပြောသည်။

လက်ရှိတွင် ရပ်နားထားရသည့် ခရီးစဉ်များကို ပြန်လည်ပြေးဆွဲခွင့်ရရှိရန် တင်ပြထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားလာခြင်း မရှိသေးကြောင်း ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှ မန်နေဂျာ ဦးစံမော်သိန်းကပြောသည်။

ရခိုင်ပြည်မြောက်ပိုင်းမှ ရေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုမည့် အခြေအနေကိုသိရှိနိုင်ရန် ပြည်နယ် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ကို ဆက်သွယ်ရာတွင် ပြည်နယ်အစိုးရအဖွဲ့ကိုသာ မေးမြန်းရန် လမ်းညွှန်သည်။ ထို့ကြောင့် ပြည်နယ်စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းအချို့ ရပ်နားထား၍ ခရီးသွားပြည်သူများမှာလည်း အခက်အခဲရှိနေပြီး အဆိုပါ ခရီးသွားများကို အမှီပြုကာ ဝမ်းစာရှာနေကြသူများမှာလည်း အခက်အခဲဖြစ်ပေါ်နေကြသည်။

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ၄ လခန့်အထိ ကြာမြင့်လာခဲ့ပြီဖြစ်သည်။

ဗီဒီယိုများ