- ICC ရှေ့နေ ကယ်ရင်ခန် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရ
- စစ်ကောင်စီ၏ အငြိုးအတေး ပစ်မှတ်အောက်က မြို့ကျောက်တော်
- ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
- ကြောက်မက်ဖွယ် လူသတ်ပွဲကြီး ဆင်နွှဲနေသည့် စစ်ကောင်စီ (Vox Pop)
- ပေါက်တောက ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်နေ
ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့အနီး ပိန္နဲကွင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ကပျိုတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက စက်တပ်လေထီးများဖြင့် လေကြောင်းပစ်ကူပေး ခုခံနေကြောင်း စစ်ရေးအခြေအနေကို သိရှိသူများက ပြောသည်။
17 May 2025

DMG ၊ မေ ၁၇
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့အနီး ပိန္နဲကွင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ကပျိုတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက စက်တပ်လေထီးများဖြင့် လေကြောင်းပစ်ကူပေး ခုခံနေကြောင်း စစ်ရေးအခြေအနေကို သိရှိသူများက ပြောသည်။
အဆိုပါ စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက မေ ၁၃ ရက်ကတည်းက စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီဖက်ကလည်း အပြင်းအထန်ခုခံနေသဖြင့် တိုက်ပွဲပြင်းထန်နေသည်။
" လေးမျက်နှာနဲ့ ကွင်းကောက်ကြားမှာ ရှိတဲ့ ပိန္နဲကွင်း(ကပျို) ကျေးရွာမှာ စစ်ကောင်စီတပ်စွဲထားတဲ့ အဲဒီစခန်းကို တော်လှန်ရေးအင်အားစုတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေကြတာ။ ဒေသခံတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ် " ဟု စစ်ရေးအခြေအနေကို သိရှိသူ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများမှာ စစ်ကောင်စီ၏ အမှတ် (၅) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တကက ၅) ကွင်းကောက်မြို့နှင့် ၄ မိုင်ခန့်သာ ကွာဝေးတော့ကြောင်း သိရသည်။
တိုက်ပွဲများကြောင့် ပုသိမ်- မုံရွာကားလမ်းရှိ ပိန္နဲကွင်း၊ သံပုရာကွင်း၊ ဘုရားကုန်း၊ ဂွေးတောက်ပင်ကွင်း၊ ကျီးပင်စသည့် ကျေးရွာများက ထောင်နှင့်ချီသည့် ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါ တိုက်ပွဲများသို့ ကျုံပျော် အခြေစိုက် ခလရ (၃၆)တပ်ရင်းမှ စက်တပ်လေထီး (ပါရာမော်တာ) များ ပို့ဆောင်ပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်နေမှုများလည်း ရှိနေသည်။
ကွင်းကောက်တိုက်ပွဲများတွင် စစ်ကောင်စီဖက်က အကျဆုံးများပြီး ဒဏ်ရာသူများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်မြို့ အမှတ်(၄) စစ်ဆေးရုံ (မဆရ-၄)ကို ပို့ဆောင်ပြီး ဆေးကုသနေကြောင်း နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
" စစ်ကောင်စီဖက်ကတော့ အတွေ့အကြုံ နည်းတဲ့ ပြည်သူ့စစ်တွေကို ရှေ့တန်းပို့ တိုက်ခိုက်နေတာကြောင့် ရှေ့မတိုးနိုင်ဘဲ အကျအဆုံးတွေနဲ့ နောက်ပဲ ဆုတ်နေကြရတယ် " ဟု ၎င်းက ပြောသည်။
ယင်းအပြင် လေးမျက်နှာမြို့နယ်၊ သဲနုကုန်းကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်စခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်များက မေလ ၁၁ ရက်က တိုက်ခိုက်မှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဧရာဝတီတိုင်းတွင် အာရက္ခတပ်တော် (AA) သည် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ခြင်းများ ရှိနေပြီး လက်ရှိတွင် လေးမျက်နှာ၊ ပုသိမ်၊ ရေကြည်၊ သာပေါင်း၊ အင်္ဂပူမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။