ကျောက်ဖြူဒေသခံ ၃၇ ဦးကို စစ်ကောင်စီက ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဒီဇင်ဘာ ၂၆ ရက်နှင့် ၂၈ ရက်အတွင်း စစ်ကောင်စီက ဖမ်းဆီးခဲ့သည် ဒေသခံ ၃၇ ဦးအား တစ်ဦးလျှင် ငွေကျပ် ၂၀,၀၀၀ မှ ၅၀,၀၀၀ ထိ ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်ပေးလိုက်သည်။  

By Admin 30 Dec 2023

ကျောက်ဖြူဒေသခံ ၃၇ ဦးကို စစ်ကောင်စီက ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်

ဒီဇင်ဘာ ၂၈ ရက်၊ နံနက် ၇ နာရီခန့်တွင် တောင်ရင်း၊ ငလပွေ့၊ ပိုက်ဆိပ် ရပ်ကွက်တို့မှ ဒေသခံ ၁၆ ဦးမှာ ဖြတ်သန်းသွားလာခွင့် မရှိကြောင်း တားမြစ်ထားသည့်လမ်းကို ဖြတ်ကျော်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသည်။ ယင်းအပြင် ပင်လယ်ကမ်းစပ်တွင် ငါးဖမ်းနေသည့် မြစ်နားတန်းရပ်ကွက်မှ ဒေသခံ ၂၁ ဦးမှာလည်း ဒေသန္တရဥပဒေကို ချိုးဖောက်သည်ဟုဆိုကာ ဒီဇင်ဘာ ၂၆ ရက်၊ ည ၈ နာရီခန့်တွင် ဖမ်းဆီးခံခဲ့သည်။ 

ယင်းနောက် ဒီဇင်ဘာ ၂၈ ရက်၊ ညနေ ၅ နာရီခန့်တွင် ဖမ်းဆီးထားသူ ၃၇ ဦးစလုံးကို ကျောက်ဖြူမြို့မရဲစခန်းက ဒဏ်ငွေရိုက်ကာ ပြန်လွှတ်ပေးလိုက်ကြောင်း လွတ်မြောက်လာသူတစ်ဦးက ပြောသည်။ 

“အမျိုးသမီးတွေအကုန်လုံးက ငွေ ၂၀,၀၀၀ ပေးခဲ့ရတယ်။ အမျိုးသားတွေမှာတော့ တချို့က ၅၀,၀၀၀၊ တချို့က ၂၀,၀၀၀ ပေးခဲ့ရတယ်။ ပိုက်ဆံကိုတော့ ရဲတွေကိုပဲ ပေးခဲ့ရတာပါ” ဟု သူက ပြောသည်။ လွတ်မြောက်လာသူများထဲတွင် အမျိုးသမီး ၈ ဦးနှင့် အသက် ၁၈ အောက် ကလေးသူငယ် ၇ ဦးပါဝင်သည်။ 

လွတ်မြောက်လာသူ နောက်တစ်ဦးက “တချို့ကို အချုပ်ခန်းထဲကလွှတ်ပြီးတော့ အိမ်ကို ပိုက်ဆံသွားယူခိုင်းပြီးမှ လွှတ်ပေးလိုက်တာ။ တချို့ကိုတော့ အိမ်က မိသားစုဝင်တွေကို လာပေးခိုင်းတာ။ နောက်တခါ အချုပ်ကျရင်တော့ ဒဏ်ငွေနဲ့မရတော့ဘူး။ ထောင်ချမယ်ဆိုပြီး ပြောတယ်” ဟု ပြောသည်။ 

ဒီဇင်ဘာ ၁၉ ရက်က ကျောက်ဖြူမြို့နယ်မှ ဈေးသည် ၃၁ ဦးကို စစ်ကောင်စီက ဒဏ်ငွေ ၂၀,၀၀၀ ကျပ်စီဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့ကလည်း ဈေးသည် ၇၀ ကျော်ကို ဒေသန္တရအမိန့်ကို ချိုးဖောက်သည်ဟု ဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် ခံဝန်ဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

ကျောက်ဖြူတွင် မြို့အဝင် ကားလမ်း ကျောက်တစ်လုံးဂိတ်ကို နိုဝင်ဘာ ၁၃ ရက်မှစ၍ ပိတ်ဆို့ထားပြီး မြို့နှင့် ထိစပ်နေသည့် ရေနယ်နိမိတ်များကိုလည်း ဖေဖော်ဝါရီ ၁၉ ရက်အထိ ဖြတ်သန်းသွားလာခြင်း၊ ငါးဖမ်းခြင်း၊ ကမ်းကပ်ခြင်းများ ခွင့်မပြုကြောင်း စစ်ကောင်စီက ဒေသန္တရအမိန့် ထုတ်ပြန်ထားသည်။ 

ယင်းကန့်သတ်ချက်များကြောင့် ကျောက်ဖြူဒေသခံများမှာ ရိက္ခာပြတ်တောက်မှုအပြင် စားဝတ်နေရေးအကျပ် အတည်းများနှင့် ကြုံတွေ့နေကြရသည်။

ဗီဒီယိုများ