ကျောက်တော်တွင် စစ်ကောင်စီဗုံးကြဲချ၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးလသားကလေးအပါဝင် ၈ ဦးဒဏ်ရာရ 

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာသို့ ယနေ့ညနေ ၃ နာရီခန့်က စစ်ကောင်စီဂျတ်တိုက်လေယာဉ်မှ ဗုံးကြဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးလသားကလေးတစ်ဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။ 

By Admin 03 Jan 2024

အလယ်ကျွန်းရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲနေသည်ကို အဝေးမှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့
အလယ်ကျွန်းရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲနေသည်ကို အဝေးမှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

တင်းမဗျူဟာကုန်းမှ ပြန်လာသည့် စစ်ကောင်စီလေယာဉ်မှာ တိုက်ပွဲတစ်စုံတစ်ရာမရှိသည့် အလယ်ကျွန်းရွာထဲသို့ တမင်တကာဗုံးကြဲခဲ့ခြင်းကြောင့် နေအိမ် ၅ ဆောင်ပြိုပျက်ကာ ကျေးရွာသားများ ထိခိုက်သေဆုံးသွားခြင်းဟု ဒေသခံများက ပြောသည်။ 

“တင်းမရွာဘက်ကလာတဲ့ ဂျက်ဖိုင်တာနှစ်စီးက ဗုံးကြဲခဲ့တာပါ။ နေအိမ်နှစ်ဆောင်ကြားကို လက်နက်ကြီးကျတော့ အိမ်ထဲကလူတွေ ထိခိုက်သွားတာ။  သုံးလသားအရွယ် သားမိနှစ်ယောက်မှာ အမေက ဝမ်းအအူထွက်ပြီး သေဆုံးသွားတယ်။ ကလေးက ဒဏ်ရာရသွားတယ်။ နောက်ထပ်လူတွေလည်း အစုလိုက် အပြုံလိုက် ဒဏ်ရာရသွားကြတယ်” ဟု အလယ်ကျွန်းဒေသခံတစ်ဦးက ပြောသည်။ 

သေဆုံးသူမှာ အသက် (၃၂) အရွယ် ဒေါ်ခိုင်အေးနုဖြစ်ပြီး သူမ၏ သုံးလသားကလေးအပါအဝင် မောင်မျိုးချစ်အောင် (၂)နှစ်၊ မခိုင်နုဝါ (၇)နှစ်၊ မသိန်းဦးနွယ် (၁၈)နှစ်၊ မခိုင်အေးဆန်း (၂၇)နှစ်၊ ဒေါ်ဦးဆန်းနွယ် (၃၀) နှစ်၊  ဒေါ်မစောနွယ် (၃၁)နှစ်၊ ဒေါ်ခိုင်ခိုင်ညွန့် (၃၂) နှစ်တို့မှာ ခန္ဓာကိုယ်အနှံ့အပြားတွင် ဒဏ်ရာအသီးသီးရရှိသွားကြသည်။ ယင်းအထဲမှ ၃ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အခြေအနေစိုးရိမ်ရကြောင်း သိရသည်။  

တင်းမဗျူဟာကုန်းရှိရာ တောင်ရှည်တောင်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲ ပြင်းထန်နေသည်မှာ ၁၀ ရက် နီးပါး ကြာမြင့်လာပြီး စစ်ကောင်စီက ယင်းဗျူဟာကုန်းမကျရှုံးရေး အကြိတ်အနယ် ခုခံတိုက်ခိုက်လျက်ရှိသည်။ 

တောင်ရှည်တောင်တိုက်ပွဲ ဖြစ်ပွားသည့်နေ့မှစ၍ စစ်ကောင်စီသည် အနီးအနားကျေးရွာများကို ဂျတ်တိုက်လေယာဉ်နှင့် ဗုံးကြဲခြင်း၊ ကျောက်တော်အခြေစိုက် စစ်ကောင်စီစခန်းများမှ လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသည်။  

အလယ်ကျွန်းရွာမှ နောက်ထပ်ဒေသခံတစ်ဦးက “စစ်ကောင်စီလေယာဉ်တွေက တောင်ရှည်တောင်ဘက်ကို အသွားအပြန်လုပ်တယ်။ လမ်းမှာရှိတဲ့ကျေးရွာတွေကို ဗုံးကြဲပစ်ခတ်တယ်။ မနေ့ကကော ဒီနေ့ကော အဲဒီလို ပစ်ခတ်ခဲ့တယ်” ဟု ပြောသည်။  

ဇန်နဝါရီ ၂ ရက်ကလည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်များမှာ တောင်ရှည်တောင်အနီးအနားရှိ မြောက်တောင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ၍ အသက် ၄ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး၊ ဒေသခံ ၅ ဦး ဒဏ်ရာရရှိသွားခဲ့သည်။ 

ယင်းအပြင် တောထဲ၌တိမ်းရှောင်နေသည့် ဒေသခံများထဲမှ အလယ်ကျွန်းရွာသား အသက် ၃၈ နှစ်အရွယ် ဦးမောင်ညွန့် ဆိုသူမှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့တွင် နှလုံးအမောဖောက်ပြီး သေဆုံးသွားခဲ့သည်။ 

တင်းမဗျူဟာကုန်းကို ဒီဇင်ဘာ ၂၅ ရက်မှစ၍ AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီက ဗျူဟာကုန်း မကျရှုံးရေး ဂျတ်ဖိုက်တာ (၂) စီးအပြင် ကျောက်တော်အခြေစိုက်စခန်းများမှလည်း အတွဲလိုက်ဒုံးအများအပြား အသုံးပြု၍ ခုခံကာကွယ်နေကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်သည်။ 

ရခိုင်တိုက်ပွဲကာလအတွင်း တိုက်ပွဲနှင့်မသက်ဆိုင်သော အရပ်သားကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များ၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ နေ့စဉ်နှင့်အမျှ မြင့်တက်လာသည်။ 

DMG စာရင်းအရ တကျော့ပြန်ရခိုင်တိုက်ပွဲ စတင်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂ ရက်ထိ ရခိုင်နှင့် ပလက်ဝဒေသတွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ ၅၅ ဦးနှင့် ဒဏ်ရာရသူ ၁၈၉ ဦးထိ ရှိသည်။ ထိုစာရင်းထဲတွင် ပေါက်တောမြို့မှ သေဆုံး၊ ဒဏ်ရာရသူများ မပါဝင်ပေ။

ဗီဒီယိုများ