လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်ပါက အရေးယူခံရမည်ဟု ရခိုင်က အသင်းအဖွဲ့များကို စစ်ကောင်စီ ခေါ်ယူသတိပေး

ရခိုင်ပြည်အတွင်းက အရပ်ဘက်အဖွဲ့အစည်းများကို လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်ပါက အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်ဖြင့် အရေးယူခံရမည်ဟု ပြည်နယ်စစ်ကောင်စီက ခေါ်ယူသတိပေးခဲ့သည်။

By Admin 29 Mar 2023

ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်း။ ဓာတ်ပုံ - သိကြားစေချင်ငွေသဇင် (Facebook)
ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်း။ ဓာတ်ပုံ - သိကြားစေချင်ငွေသဇင် (Facebook)

DMG ၊ မတ် ၂၉

ရခိုင်ပြည်အတွင်းက အရပ်ဘက်အဖွဲ့အစည်းများကို လက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက်ပါက အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်ဖြင့် အရေးယူခံရမည်ဟု ပြည်နယ်စစ်ကောင်စီက ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်ရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများ စုစုပေါင်းအဖွဲ့အစည်း ၄၀ ခန့်ကို ပြည်နယ်စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့တွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်နှင့်ပတ်သက်၍ ရှင်းပြခဲ့ကြောင်း သိရသည်။

အသင်းအဖွဲ့များအနေဖြင့် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်မှုမပြုလုပ်ရန် စစ်ကောင်စီအဖွဲ့ဝင်များမှ သတိပေး ပြောဆိုခြင်းများရှိသည်ဟု ပြည်နယ်စစ်ကောင်စီတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခုလိုခေါ်တွေ့တာက တစ်ဘက်မှာလည်း အရပ်ဘက်အဖွဲ့အစည်းတွေကို နိုင်ငံခြားကစီးဆင်းတဲ့ ငွေကြေး ပမာဏတွေက ဘယ်လိုရှိနေလဲ၊ ဘယ်နိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နေကြတာလဲဆိုတာတွေကို သိချင်လို့ခေါ်တာ။ နောက်တစ်ခုက လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်မှု မရှိရအောင် ဟန့်တားတာတွေကို ပြောဆိုခဲ့တယ်။ ဒါဟာ ဟန့်တားမှုတစ်ခုလို့ ပြောချင်တယ်”ဟု ၎င်းကဆိုသည်။

အသင်းအဖွဲ့အစည်းများအနေဖြင့် လက်ရှိပြဌာန်းထားသည့် တည်ဆဲဥပဒေနှင့်အညီ လုပ်ဆောင်ကြရန်နှင့် ဥပဒေနှင့်မညီပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ပြည်နယ်စစ်ကောင်စီက ပြောဆိုခဲ့ကြောင်း နောက်ထပ်တက်ရောက်ခဲ့သည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။

“အသင်းအဖွဲ့တွေက ငွေကြေးနဲ့ အလုပ်လုပ်ရတာဖြစ်တဲ့အတွက် အဲဒီငွေကြေးတွေကို မတရားအသင်း၊ အကြမ်းဖက်အသင်းအဖွဲ့တွေကို မရောက်ဖို့၊ အဲဒီအဖွဲ့တွေအတွက် အလုပ်မလုပ်ဖို့ ပြောတာပေါ့။ ငွေရေးကြေးရေးတွေကို အသုံးပြုတဲ့အခါမှာ တည်ဆဲဥပဒေနဲ့အညီ လုပ်ဆောင်ကြဖို့ အဓိကပြောတယ်။ လက်ရှိ သူတို့ထုတ်ပြန်ထားတဲ့ ဥပဒေမှာ အဲဒါတွေနဲ့မညီရင် ထောင်ဒဏ် ငါးနှစ်၊ သုံးနှစ် ချမှတ်လို့ရတယ်ဆိုတာတွေကို သိထားဖို့လိုတယ်လို့‌ ပြောတယ်”ဟု ၎င်းကဆိုသည်။

၂၀၁၄ ခုနှစ်၊ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြဌာန်းခဲ့သည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ဖျက်သိမ်းပြီး အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြန်လည်ပြဌာန်းခဲ့သည်။

အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မများထဲမှ ပုဒ်မ-၃၈ တွင် မည်သည့်အသင်းအဖွဲ့မျှ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်သည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ အကြမ်းဖက်လုပ်ရပ်များကို ကျုးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်ထားသော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ၊ မတရားအသင်းနှင့် ယင်းမတရားအသင်း၏ အဖွဲ့ဝင်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း မပြုလုပ်ရကြောင်း ပြဌာန်းထားသည်။

ပြဌာန်းချက်များကို ဖောက်ဖျက်ကျုးလွန်ပါက အသင်းအဖွဲ့၏ တာဝန်ရှိသူကို ငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ သိန်းငါးဆယ်ထက် မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် ပြစ်မှုကျူးလွန်သည့် အသင်းအဖွဲ့ကိုလည်း ဖျက်သိမ်းခြင်းနှင့် အသင်းအဖွဲ့ပိုင် ငွေကြေး၊ ပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းဥပဒေ၏ ပုဒ်မ- ၃၃ တွင်လည်း မည်သူမျှ မှတ်ပုံတင်လက်မှတ်မရှိဘဲ အသင်းအဖွဲ့ကို ဖွဲ့စည်းလှုပ်ရှားခြင်း မပြုရကြောင်း၊ အဆိုပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

တစ်ဖက်တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြဌာန်းချက်အတိုင်း လုပ်ဆောင်ရမည်ဆိုပါက အချို့သော ကဏ္ဍများတွင် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

“အသင်းအဖွဲ့တွေအနေနဲ့ လုပ်ငန်း၊ စီမံကိန်းတွေလုပ်တဲ့အခါ Work Plan အတိုင်း လုပ်ရတယ်။ အသင်းအဖွဲ့တွေက ခရီးသွားလာခွင့်တွေကို တစ်ပတ်ကြိုတင်ရမယ်ဆိုတာက ဟုတ်ပြီ။ ဆိုတော့ အဲဒီတစ်ပတ်အတွင်းမှာပဲ ခရီးသွားလာခွင့် ချပေးရမှာပေါ့။ တစ်လကြာမှ၊ နှစ်လကြာမှ ခရီးသွားလာခွင့် ချပေးတယ်ဆိုရင် အလုပ်ကိစ္စတွေက ကြန့်ကြာမှုတွေဖြစ်ကုန်ပြီ”ဟု ၎င်းကပြောသည်။

လက်ရှိတွင် စစ်ကောင်စီမှ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်ကို အသက်သွင်းရန်အတွက် ရခိုင်ပြည်က အရပ်ဘက်အဖွဲ့အစည်းများကို ခေါ်ယူသတိပေးခြင်းအပြင် အခြားတိုင်းနှင့်ပြည်နယ်အချို့တွင်လည်း အရပ်ဘက်အဖွဲ့အစည်းများကို ခေါ်ယူသတိပေးခြင်းများရှိကြောင်း သိရသည်။

ပဲခူးတိုင်း၊ တောင်ငူမြို့တွင်လည်း စစ်ကောင်စီအဖွဲ့ဝင်များက ပရဟိတအဖွဲ့အစည်းများအား မတ်လ ၂၄ ရက် နေ့တွင် ခေါ်ယူတွေ့ဆုံကာ လက်ရှိပြဌာန်းထားသည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်ကို သတိပေး ရှင်းပြခြင်းများကို ရှိခဲ့သည်။

#R005

ဗီဒီယိုများ