ရခိုင်သတင်းသမားများကို ဖမ်းဆီးရန် စောင့်ကြည့်နေကြောင်း စစ်ကောင်စီ ခြိမ်းခြောက်

ရခိုင်ပြည်သို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်မှုနှင့်ပတ်သက်ပြီး ပုတ်ခတ်သောသတင်းများဖော်ပြသည် ဟုဆိုကာ ရခိုင်ပြည်အတွင်းက သတင်းမီဒီယာ တာဝန်ရှိသူတို့ကို ဖမ်းဆီးရန် စောင့်ကြည့်နေပြီဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုလာသည်။

By Admin 04 Apr 2023

ပြည်နယ်စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ တစ်ခု။ ဓာတ်ပုံ - သိကြားစေချင် ငွေသဇင်
ပြည်နယ်စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ တစ်ခု။ ဓာတ်ပုံ - သိကြားစေချင် ငွေသဇင်

DMG ၊ ဧပြီ ၄

ရခိုင်ပြည်သို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာရောက်မှုနှင့်ပတ်သက်ပြီး ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်ကို ပုတ်ခတ်သောသတင်းများဖော်ပြသည် ဟုဆိုကာ ရခိုင်ပြည်အတွင်းက သတင်းမီဒီယာ တာဝန်ရှိသူတို့ကို ဖမ်းဆီးရန် စောင့်ကြည့်နေပြီဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုလာသည်။

ရခိုင်ပြည်နယ် စစ်ကောင်စီနှင့်ပတ်သက်ပြီး သတင်းများဖော်ပြပေးနေသော ‘ရခိုင်နေ့စဉ်’ သတင်းစာမျက်နှာမှတစ်ဆင့် ဧပြီလ ၂ ရက်နေ့တွင် ထိုသို့ ခြိမ်းခြောက်လာခြင်း ဖြစ်သည်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၃ ခု၊ နှစ်ဆန်းကစပြီး ရခိုင်ပြည်သို့ တစ်လတစ်ကြိမ် လာရောက်မှုများရှိခဲ့ပြီး သတင်းမီဒီယာများကလည်း စစ်ခေါင်းဆောင်နှင့်ပတ်သက်ပြီး သတင်းများ၊ သုံးသပ်ချက်များကို ရေးသားတင်ပြခဲ့ကြသည်။ 

စစ်ကောင်စီဉက္ကဌက ရခိုင်ပြည်၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသည် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်နေမှုကို မုဒိတာမပွားနိုင်ဘဲ ပုတ်ခတ်စော်ကား သတင်းရေးသားသည်ဟု  စစ်ကောင်စီက ဆိုသည်။ 

“ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနေတာကို ကျေးဇူးမတင် မုဒိတာမပွားနိုင်တဲ့ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမားဟောင်းတွေ၊ တရားခံပြေးအဖြစ် ထွက်ပြေးတိမ်းရှောင်နေတဲ့ သတင်းမီဒီယာဌာနတွေက အမျိုးမျိုး ပုတ်ခတ်စော်ကားနေကြတာဟာ ကိုယ်ရဲ့စိတ်ဓာတ်အဆင့်အတန်းကို ဖော်ပြရာရောက်ပါတယ်။ တာဝန်ရှိသူတွေ(စစ်ကောင်စီ)ကလည်း ဖမ်းဆီးနိုင်ဖို့ စောင့်ကြည့်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်” ဟု ရခိုင်နေ့စဉ် သတင်းစာမျက်နှာတွင် ရေးသားထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး Western News သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက “စစ်ကောင်စီလုပ်ရပ်တွေကို ရခိုင်မီဒီယာတွေက ပွင့်ပွင့်လင်းလင်းရေးတယ်။ မှန်မှန်ကန်ကန်ရေးတယ်။ ဒီအပေါ်မှာ သူတို့(စစ်ကောင်စီ)က မခံမရပ်နိုင်ပြီးတော့ ထိုးနှက်နေတာဖြစ်တယ်။ ဒီမီဒီယာတွေဟာ သူတို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခု ဖြစ်သွားတာပေါ့။ အခုလို ခြိမ်းခြောက်လာတာဟာ မီဒီယာသမားတွေအတွက် လွတ်လပ်စွာ သတင်းရေးဖို့ ပိုပြီးတော့ ဘောင်ကျဉ်းသွားတာပေါ့” ဟု ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှ သတင်းသမားများကို ဖိနှိပ်မှုများရှိခဲ့ပြီး စစ်ခေါင်းဆောင် ရခိုင်သို့ ရောက်ရှိလာပြီးနောက်ပိုင်း ရခိုင်သတင်းဌာနများကို ခြိမ်းခြောက်လာမှုမှာ ပိုပြီးပြင်းထန်လာကြောင်း Border News Agency (BNA) မှ အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်က ပြောသည်။

“စစ်ခေါင်းဆောင်ရဲ့ သုံးကြိမ်မြောက် ခရီးစဉ်နောက်ပိုင်း အသိသာဆုံးက ရခိုင်မှာရှိတဲ့ သတင်းဌာနတွေနဲ့ သတင်းသမားတွေအားလုံးကို သူတို့(စစ်ကောင်စီ)ရဲ့ ထိန်းချုပ်ဧရိယာထဲမှာ ရှာဖွေ၊ ဖမ်းဆီးအရေးယူဖို့ လုပ်နေတာကို တွေ့ရတယ်။ တရားဝင် ထုတ်ပြန်တာတွေကိုလည်း တွေ့ရတယ်။ စစ်ကောင်စီက ရခိုင်မှာလုပ်နေတဲ့လုပ်ရပ်တွေ၊ မြေပြင်အခြေအနေမှာ ဖြစ်နေတဲ့ဖြစ်စဉ်တွေကို မီဒီယာတွေမှာ ရေးသားဖော်ပြတာကို အပြင်းထန်ဆုံး ခြိမ်းခြောက်လာတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်သတင်းဌာနတာဝန်ရှိသူများကို ဖမ်းဆီးရန်စောင့်ကြည့်နေကြောင်း ပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ ဦးလှသိန်းထံ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

ယခင်ကလည်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်း ဖော်ထုတ် သတင်း တင်ဆက်ခဲ့မှုကြောင့်  ရခိုင်သတင်းဌာနများမှ တာဝန်ရှိသူများနှင့် သတင်းသမားများ စုစုပေါင်း ၉ ဦးထက်မနည်းကို စစ်တပ်က တရားစွဲဆိုထား၍ လက်ရှိအချိန်ထိ လုံခြုံမည့်နေရာတွင် တိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် မတ်လက “ရခိုင်ပြည်ရှိ ကုန်းလမ်း၊ရေလမ်း စစ်တပ်စစ်ဆေးရေးဂိတ်အချို့တွင် ငွေကြေးကောက်ခံမှုများရှိကြောင်း” သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး Narinjara သတင်းဌာနမှ အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ- ၆၆(ဃ)ဖြင့် စစ်ကောင်စီက အမှုဖွင့်ခဲ့သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလကလည်း Western News သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုနှင့် သတင်းထောက်တစ်ဦးကို “ပလက်ဝအခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုက အလံဖြူထောင်သည်” ဆိုသော သတင်းရေးသားမှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ- ၁၂၄(က)ဖြင့် တရားစွဲဆိုထားသည်။

ထိုနည်းတူ Development Media Group (DMG) သတင်းဌာနမှ အယ်ဒီတာချုပ်အပါအဝင် သတင်းထောက်နှင့် တာဝန်ရှိသူအချို့မှာလည်း မတရားအသင်းဆက်သွယ်မှုပုဒ်မ - ၁၇ (၂)၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ - ၆၆(ဃ)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅(က)တို့ဖြင့် တရားစွဲခံထားရသည်။

စစ်ကောင်စီ၏ လိုအပ်ချက်များအား ထောက်ပြရေးသားခြင်းကို ဖမ်းဆီးရန် စောင့်ကြည့်နေသည်ဆို၍ သတင်းသမားများအနေဖြင့် သတင်းထုတ်လုပ်ရာတွင် အခက်ခဲရှိလာနိုင်ကြောင်း ပြောဆိုကြသည်။

“သူတို့(စစ်ကောင်စီ)က ဒေသဖွံဖြိုးရေးတွေ လုပ်ဆောင်နေတာတော့ မှန်ပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်ဆိုပြီးတော့ ရခိုင်မီဒီယာတွေက ထောက်ပြရေးသားတာကို ဖမ်းဆီးမယ်၊ စောင့်ကြည့်နေတယ် ဆိုတာကတော့ မီဒီယာသမားတွေအတွက် အများကြီး အခက်အခဲဖြစ်သွားတာပေါ့။ တချို့ဆိုရင်လည်း ထွက်ပြေးနေရတာတွေရှိတာပဲ” ဟု အလွတ်တန်း ရခိုင်သတင်းသမား ကိုနောင်ခိုင်အောင်က ဆိုသည်။

ရခိုင်ပြည်တွင် ဒေသအခြေစိုက် သတင်းဌာန (၅) ခုထက်မနည်းရှိပြီး စီးပွားရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး စသည့် သတင်းများကို အမြဲမပြတ် စောင့်ကြည့် ရေးသားတင်ပြလျက်ရှိပြီး မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် တင်ဆက်နေသော သတင်းဌာနများလည်း ရှိသည်။ 

#R007

ဗီဒီယိုများ