ရခိုင်က အလယ်တန်းပညာအောင်မြင်ပြီးသူများ စက်မှု/ စိုက်ပျိုး/ မွေးမြုရေးပညာရပ်များ သင်ယူနိုင်ရန် သင်တန်းကျောင်းများ ဖွင့်လှစ်သွားမည်

သင်တန်းကျောင်းများကို စစ်တွေ၊ သံတွဲ၊ အမ်း မြို့နယ်တွင် ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

By Admin 01 Feb 2023

ရခိုင်က အလယ်တန်းပညာအောင်မြင်ပြီးသူများ စက်မှု/ စိုက်ပျိုး/ မွေးမြုရေးပညာရပ်များ သင်ယူနိုင်ရန် သင်တန်းကျောင်းများ ဖွင့်လှစ်သွားမည်

စစ်တွေမြို့မှ အခြေခံပညာကျောင်းသားများအား မြင်တွေ့ရစဉ်။

DMG ၊ ဖေဖော်ဝါရီ ၁

ရခိုင်ပြည်အတွင်းမှ အလယ်တန်းပညာကို တက်ရောက်သင်ယူ အောင်မြင်ပြီးသည့် ကျောင်းသား၊ကျောင်းသူများအနေဖြင့် စက်မှုနည်းပညာ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အတတ်ပညာများထဲမှ မိမိနှစ်သက်ရာ ဘာသာရပ်တစ်ခုကို ရွေးချယ်သင်ယူနိုင်ရန်အတွက် သင်တန်းကျောင်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကျောင်းများကို စစ်တွေ၊ သံတွဲ၊ အမ်း မြို့နယ်တွင် ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်ကာ အလယ်တန်းအဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပြီး (Grade 10,11,12) စသည့်အတန်းများကို မတက်ရောက်လိုတော့သည့် ကျောင်းသား၊ ကျောင်းသူများအတွက် ယခုကဲ့သို့ အတတ်ပညာသင်တန်းကျောင်းများ ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်သည်။

သင်ကြားပေးသွားမည့် စက်မှု/စိုက်ပျိုး/မွေးမြူရေး အတတ်ပညာ ဘာသာရပ်များထဲမှ စက်မှုနည်းပညာဘာသာရပ်တွင် အဆောက်အဦးနည်းပညာ၊ လျှပ်စစ်နည်းပညာနှင့် စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်သည့်နည်းပညာများကို သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“အဓိကတော့ ဘာသာရပ်သုံးမျိုးပေါ့။ စက်မှုရယ်၊ စိုက်ပျိုးရေးရယ်၊ မွေးမြူရေးရယ်ပါ။ အဲဒီသင်တန်းကျောင်းကိုတော့ လာမယ့် ပညာသင်နှစ်ပေါ့၊ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်မှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတာပေါ့လေ။ ရခိုင်မှာဆိုရင်တော့ မြို့နယ် ၃ ခုက အထက်တန်းကျောင်း ၃ ကျောင်းမှာ ဖွင့်လှစ်နိုင်ဖို့အတွက် လုပ်ဆောင်နေတာပေါ့လေ” ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက DMG ကိုပြောသည်။

အချိန်ကာလအနေဖြင့် စက်မှုနည်းပညာဘာသာရပ်ကို ၆ နှစ်၊ စိုက်ပျိုးရေးအတတ်ပညာကို ၃ နှစ်၊ မွေးမြူရေးအတတ်ပညာကို ၃ နှစ် စသဖြင့် သင်ကြားရမည်ဖြစ်ပြီး စမ်းသပ်စာမေးပွဲများတွင် ထူးချွန်စွာ တတ်မြောက် အောင်မြင်မည်ဆိုပါက မိမိတို့ သင်ကြားထားသည့် ပညာရပ်များနှင့်ဆက်စပ်သော ကောလိပ်၊ တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ကြားခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာသင်တန်းကျောင်းများ ပေါ်ပေါက်လာပါက ကျောင်းသားလူငယ်များ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများအတွက် အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း ပြောဆိုနေကြသည်။ တစ်ဖက်တွင်လည်း ကျောင်းသားအများစုသည် အခြားသော တက္ကသိုလ်များတက်ရောက်နိုင်မည့် အထက်တန်းပညာအား ဆက်လက်သင်ကြားရန် စိတ်ဝင်စားမှုနည်းပါးပြီး အတတ်ပညာသင်တန်းကျောင်းများတွင်သာ အာရုံစိုက်မှု များပြားသွားမည်ကို ကျောင်းဆရာ၊ ဆရာမတစ်ချို့က စိုးရိမ်နေကြသည်။

စစ်တွေမြို့က အထက်တန်းပြဆရာမ ဒေါ်နီနီဝင်းက “ဆရာမတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အဆိုးနဲ့အကောင်း ဒွန်တွဲနေတာပေါ့လေ။ အဆိုးဆိုတာကတော့ ကလေးတွေက Grade 12 အတန်းထိကို တက်ရောက်နိုင်ဖို့အတွက် စာကြိုးစားချင်စိတ် မရှိတော့မှာ၊ အဲဒီအတတ်ပညာသင်တန်းထဲပဲ စိတ်ရောက်သွားမှာကိုတော့ စိုးရိမ်ရတယ်။ အကောင်းဆိုတာကတော့ နဂိုတည်းက စာမလိုက်နိုင်တဲ့ ကလေးတွေရဲ့ ရေရှည်အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူပြုသွားမယ်လို့မြင်တယ်”ဟု ပြောဆိုထားသည်။

အခြေခံပညာအလယ်တန်း ပြီးမြောက်အောင်မြင်ပြီး စက်မှု/စိုက်ပျိုး/မွေးမြုရေး အတတ်ပညာသင်တန်းကျောင်း တက်ရောက်သင်ကြားပြီးပါက မည်ကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်နည်း ဟုဆိုကာ ကျောင်းသား၊ ကျောင်းသူများ မေးခွန်ထုတ်ပြောဆိုမှုများ ရှိနေသည်။

“ဒီ စက်မှု၊ လက်မှု အတတ်ပညာသင်တန်းကျောင်းက ဘာတွေသင်ပေးမလဲ၊ အဲသင်တန်းပြီးရင်ရော အလုပ်အကိုင်ရမလား ဆိုတဲ့အပေါ် မူတည်ပါတယ်။ ကျနော့်အကိုတို့ဆို ဘွဲ့ရပြီးပြီ၊ အလုပ်အခုထိ မရသေးတာ တွေ့ရတယ်။ အဲဒီတော့ အခုက အလယ်တန်းပြီးတာနဲ့ အဲဒီသင်တန်းတက်လို့ရမယ်။ ပြီးရင်တော့ အလုပ်အကိုင်အခွင့်အလမ်းရမှာလား သိချင်မိတယ်။  အဲလိုသာ သင်တန်းတွေပို့ချမယ်ပြီးရင် အလုပ်အကိုင်တွေနဲ့ ချိတ်ဆက်ပေးမယ်ဆိုရင်တော့ ကျနော်တို့ ကျောင်းသားတွေအတွက် အထောက်အကူပြုနိုင်မှာပါ” ဟု စစ်တွေမြို့က အထက်တန်းကျောင်းသား မောင်မြတ်ကျော်မင်း ကပြောသည်။

ယခုကဲ့သို့ အလယ်တန်းအဆင့်ပြီးမြောက်အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ စက်မှု/ စိုက်ပျိုး/ မွေးမြူရေး ပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရန် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်ဖြင့် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

#I005 

ဗီဒီယိုများ