စစ်တွေတွင် ဝါးလက်မှုပညာ အခြေခံသင်တန်းပေးမည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဝါးလက်မှုထည်ထုတ်လုပ်မှုနည်းပညာ အခြေခံသင်တန်းကို ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခမဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

26 Nov 2021

DMG ၊ နိုဝင်ဘာ ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဝါးလက်မှုထည်ထုတ်လုပ်မှုနည်းပညာ အခြေခံသင်တန်းကို ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အခမဲ့ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ စစ်တွေမြို့တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ပြောသည်။

“ရခိုင်ပြည်နယ်ထဲမှာ အသေးစားစက်မှုလက်မှုလုပ်ငန်းတွေ ပေါ်ထွန်းလာဖို့၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းတွေ ထူထောင်လာဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေရရှိလာဖို့နဲ့ ဒေသဖွံ့ဖြိုးရေးကို တစ်ဘက်တစ်လမ်းကအထောက်အကူပြုစေဖို့ ရည်ရွယ်ပါတယ်”ဟု ၎င်းကဆိုသည်။

သင်တန်းတွင် သင်တန်းသားဦးရေ ၂၀ ကို လက်ခံသင်ကြားသွားမည်ဖြစ်ကာ သင်တန်းသားတစ်ဦးကို တစ်ရက်လျှင် ငွေ ၃၀၀၀ ကျပ် ထောက်ပံ့ပေးရန်စီစဉ်ထားကြောင်း ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

“ယိုမျိုးစုံလုပ်နည်း၊ ဖျော်ရည်လုပ်နည်းနဲ့ မုတ်ဖုတ်နည်း စတဲ့စားသောက်ကုန် လုပ်နည်းသင်တန်းတွေကိုလည်း ဖွင့်လှစ်သွားမှာပါ”ဟု ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ပြောသည်။

ယခုသင်တန်းကို တက်ရောက်လိုသူများအနေဖြင့် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသို့ဖြစ်စေ၊ ဖုန်းနံပါတ်-၀၉ ၂၅၀ ၁၈၈ ၅၅၂ ကိုဖြစ်စေ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

သင်ကြားရာတွင် စီးပွားဖြစ်ထုတ်လုပ်ရောင်းချနိုင်သည့်အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပြီးနောက် လုပ်ငန်းထူထောင်လိုပါကလည်း လိုအပ်သောအကြံဉာဏ်များနှင့် ကူညီပံ့ပိုးမှုများကို ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မီနီဘက်ဂျက်ဖြင့် စစ်တွေမြို့နှင့်အနီးတစ်ဝိုက်ကျေးရွာများ၌ သင်တန်းပေးသွားမည်ဖြစ်သော်လည်း နောက်လာမည့်ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်တိုင်းတွင် သင်တန်းပေအပ်သွားမည်ဖြစ်ကြောင်းလည်း ပြည်နယ်ဦးစီးမှူးကဆိုသည်။

ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများလာစေရေးအတွက်လုပ်ဆောင်ပေးခြင်းမှာ ကောင်းမွန်သော်လည်း ရက်တိုသင်တန်းဖြစ်သဖြင့် ပညာမစုံမည်ကိုစိုးရိမ်မိကြောင်း ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကပြောသည်။

“အခုလိုသင်တန်းပေးတာက ကောင်းတဲ့လက္ခဏာပါ။ တစ်ခုရှိတာက အချိန်တိုသင်တန်းဖြစ်နေတာဆိုတော့ ပညာအစုံရနိုင်မလားပေါ့နော်။ အဲ့ဒါလည်းပဲ ပြန်ပြီးလေ့လာသုံးသပ်ရမယ်။ နောက်တစ်ခုက သူတို့တတ်သွားတဲ့ပညာက ဈေးကွက်မှာ ဘယ်လောက်ဝင်မှာလည်းပေါ့။ ဒါကိုလည်း ကျွန်မတို့တွေးရမယ်”ဟု ဒေါ်ညိုအေးကပြောသည်။

လက်ရှိတွင် ရခိုင်အမျိုးသမီးကွန်ယက်အနေဖြင့်လည်း စစ်ဘေးရှောင်စခန်းများရှိ စက်ခြုပ်ပညာစိတ်ပါဝင်စားသူများကို ခြောက်လတာ စက်ခြုပ်သင်တန်းပေးလျှက်ရှိသည်။

ဗီဒီယိုများ